Friday, July 8, 2016

စည်းကမ်းဥပဒေနှင့်တာဝန်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်


ဒီမိုကရေစီဝါဒသည် ၀ါဒအသီးသီးတွင် အလွန်ကောင်းလှသော ၀ါဒတစ်ခုဖြစ်သည်ကား မှန်၏။ သို့သော် ဤ၀ါဒအတိုင်း အကျိုးရှိအောင် ဆောင်ရွက်ရန်ကားမလွယ်ပေ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာတတ်၍ မိမိတို့၏တာဝန်ကို သိတတ်သူများသာလျှင် ဤ၀ါဒကို နည်းလမ်းတကျ အသုံးပြုနိုင်ကြမည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ကျင့်သုံးသောဥပဒေများသည် ပြည်သူအများကရွေးကောက်တင်မြှောက်လိုက်သော ဥပဒေပြုအဖွဲ့ဝင်ပြည်သူ့ကိုယ်စားလှယ် လူကြီးများကပင်ရေးဆွဲပြဌာန်းသည့် ဥပဒေများဖြစ်သဖြင့် ၎င်းဥပဒေများကို  လူအများကပင်ကောင်းစွာ လေးစားလိုက်နာ ကြရလိမ့်မည်ဖြစ်သည်။ မိမိတင်မြှောက်လိုက်သော မိမိ၏ ကိုယ်စားလှယ်များက ရေးဆွဲပြဌာန်းသည့်ဥပဒေကို မိမိကိုယ်တိုင်ကလေးစားလိုက်နာမှုမရှိလျှင် မိမိပြဌာန်းသော ဥပဒေကို မလေးစားရာကျပေလိမ့်မည်။ ထိုကြောင့်ဥပဒေကို လူတိုင်း လေးစားရပေလိမ့်မည်။ ဥပဒေအတိုင်း လူတိုင်းဆောင်ရွက်ကြရပေလိမ့်မည်။
နိုင်ငံတစ်ခုတွင် မိမိတစ်ဦးတည်းသာရှိလျှင် မိမိစိတ်ကြိုက်ထင်သလိုစိုင်းပြီး စည်းမရှိ ကမ်းမရှိ သွားလာ လုပ်ကိုင်နိုင်ပေလိမ့်မည်။ ဤသို့မဟုတ်ဘဲ အများနှင့်နေရသည်ဖြစ်လေရာ လူတိုင်းသည်အများ၏ အကျိုးကို ကြည့်၍  စည်းနှင့်ကမ်းနှင့်နေရပေလိမ့်မည်။
စည်းကမ်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏အကျိုးအတွက် ထားရသည်မဟုတ်။ အများအတွက် ထားရခြင်းဖြစ်၏။ အများဆိုရာ၌ ၎င်းအများတွင် မိမိလည်း ပါဝင်နေသည်ကို မမေ့သင့်ပေ။
ဥပမာ “ဒူးရင်းသီးအခွံကို လမ်းတွင်မပစ်ရ” ဟူသော စည်းကမ်းကို မိမိက လိုက်နာမှုမရှိဘဲ တစ်ပါးသူ၏ အိမ်နားတွင် သွား၍ ပစ်ထားလိုက်လျှင် ထိုအိမ်သူ အိမ်သားများ ဒူးရင်းခွံအနံ့ကြောင်း စိတ်ဆင်းရဲ ကြရလိမ့်မည်။ မိမိ၌ကား အကျိုးယုတ်မည် မဟုတ်။ သို့သော် သူတစ်ပါးက မိမိတို့အိမ်တွင် ဒူးရင်ခွံများလာ၍ပစ်သော်၊ မိမိတို့ တစ်အိမ်သားလုံး စိတ်ဆင်းရဲကြရပေလိမ့်မည်။ ပစ်သူအတွက်ကား ကိစ္စမရှိ။ ထို့ကြောင့် ဘယ်သူမှ ဒူးရင်းခွံကို လမ်းတွင် မပစ်လျှင် ကောင်း၏။
စည်းကမ်းဆိုသည်မှာ အများအတွက် ထားရသောအရာမျိုးဖြစ်၏။ လူရှိလျှင် စည်းကမ်း ရှိရ၏။ စည်းကမ်းနှင့်ကင်း၍ လူမနေနိုင်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများ၌သာမဟုတ် နိုင်ငံတိုင်း၌ စည်းကမ်းရှိရ၏။ လူအများ အားလုံး တစ်ယောက်မကျန် စိတ်ချမ်းသာစေရမည်ဟု မျှမျှတတ ရည်ရွယ်ထားသော ဒီမိုကရေစီ နိုင်ငံများ၌ကား အဘယ်ဆိုဖွယ် ရှိတော့အံ့နည်း။
နိုင်ငံအုပ်ချုပ်ရာ၌လည်းကောင်း၊ ရပ်ရွာကိစ္စအ၀၀ကို ဆောင်ရွက်ရာ၌လည်းကောင်း၊ အသင်းအဖွဲ့ကို တည်ထောင်ရာ၌လည်းကောင်း၊ အစည်းအဝေးကျင်းပရာ၌လည်းကောင်း စည်းကမ်းဥပဒေကို လေးစားလိုက်နာရန် အရေးကြီးလှ၏။ သို့သော်လေးစားနည်းမှာ (၂)မျိုးရှိ၏။ အချို့ကားအပြစ်ဒဏ်ကိုကြောက်၍ လေးစား၏။ အချို့ကား မိမိလိပ်ပြာကို ရှက်၍ လေးစားရ၏။ ဤလေးစားနည်း (၂) နည်းသည် ဒုတိယလေးစားနည်းသာလျှင် ကောင်း၏။ အပြစ်ဒဏ်ကိုကြောက်၍ လေးစားသောသူသည် အပြစ်ဒဏ်ကို ရှောင်လွှဲ၍ရမည်ဟု အထင်ရှိသည့် အခါ စည်းကမ်းကို ဖောက်ဖျက်ကောင်း ဖောက်ဖျက်ပေလိမ့်မည်။ မိမိလိပ်ပြာကို ရှက်၍ အသိတရား၊ ကိုယ်ကျင့် တရား ရှိသောကြောင့်လေးစားသောသူကား နေရာမရွေး၊ အချိန်မရွေး စည်းကမ်းဥပဒေကို အမြဲတစေ လေးစားကြပေလိမ့်မည်။ လောကတွင်အရာရာ၌ သူတစ်ပါးကိုကြောက်ခြင်းထက် မိမိကိုယ်ကို မိမိကြောက် ခြင်းသည်ပို၍ကောင်း၏။ အပြစ်ဒဏ်ခံရမည်ကို ကြောက်ခြင်းထက် တရားပျက်မည်ကို ကြောက်ခြင်းကပို၍မြတ်၏။
တာဝန်ကိုမသိသူလက်ထဲသို့ ဒီမိုကရေစီနည်းစနစ်ကို ထည့်လိုက်လျှင် ထိုဒီမိုကရေစီနည်းစနစ်သည် အညံ့စား အလကားဒီမိုကရေစီ ဖြစ်သွားပေလိမ့်မည်။ အမှန်ဆိုသော် တာဝန်ကိုမသိလျှင် ဒီမိုကရေစီကို အသုံး မပြုနိုင်ပေ။ အသုံးပြုခဲ့လျှင်လည်းအကျိုးမရှိဘဲ အကျိုးယုတ်သွားပေလိမ့်မည်။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် မှီတင်းနေထိုင်သူတစ်ဦးသည် ပထမဦးစွာ မိမိကိုယ်ကို အသိအလိမ္မာ ဥာဏ်ပညာနှင့်ပြည့်စုံအောင် ပြုလုပ်ရန်တာဝန်ရှိပေသည်။ ဒီမိုကရေစီနည်းတွင် အများ၏သဘောအတိုင်း ပြုလုပ် စီမံရသောနည်းပင်ဖြစ်၍အများကအသိအလိမ္မာ ဥာဏ်ပညာမရှိဘဲနှင့် မိုက်မဲနေပါလျှင်လုပ်သမျှအားလုံး အမှား များ ဖြစ်ကုန်လိမ့်မည်။
မိမိကိုယ်ကို အသိအလိမ္မာ ဥာဏ်ပညာနှင့်ပြည့်စုံအောင်လုပ်ပြီးလျှင်မိမိ၏ အသိအလိမ္မာ ဥာဏ်ပညာကို အများအတွက်အသုံးပြုရန် တာဝန်ရှိပြန်လေသည်။ နိုင်ငံတွင် ရွေးကောက်ပွဲများရှိလျှင် မိမိ၏မဲကိုအကျိုးမဲ့ မဖြစ်စေဘဲ တရားနည်းလမ်းကျသောနည်းဖြင့်အသုံးပြုဖြစ်အောင်ပြုရမည်။ အများအတွက် မိမိကပေးဆောင်ရန် ရှိသော ငွေကြေး၊ အခွန်အခများကို မပျက်မကွက်ပေးဆောင်ရမည်။ အရေးကြီးသော အစည်းအဝေးများကို တက်ရောက်ရမည်။ ပြောဆိုခွင့်ရှိပါက မိမိသိသမျှကို အများသိအောင် ပြောသင့်သလောက်ပြောပြရမည်။ အမှန် ကိုသိလျှက်နှင့် အမှားဖြစ်အောင် မလုပ်ဘဲ အမှားကို တတ်အားသမျှ အမှန်ဖြစ်အောင်ပြုပြင်လုပ်ဆောင်ရမည်။ အသင်းအဖွဲ့များတွင်ပါဝင်လျှင် လည်းဤနည်းအတိုင်း အသင်းကြေးမှန်မှန်ထည့်ဝင်ခြင်း၊ အစည်းအဝေးမှန်မှန် တက်ခြင်း၊ တရားသဖြင့်ဆန္ဒမဲပေးခြင်း၊ ကောင်းသော အကြံပေးခြင်းတို့ကို ပြုလုပ်ရမည်။
ထို့ပြင် စည်းကမ်းဥပဒေကိုဖောက်ဖျက်ကျူးလွန်နေသူကိုတွေ့ပါက မိမိနှင့်မဆိုင်ဟုသဘောမထားဘဲ ချက်ချင်းသတိပေးအကြံပြုဆုံးမရန် လူတိုင်း၌ တာဝန်ရှိ၏။ ဆိုင်ရာအာဏာပိုင်ထံသို့ တိုင်ကြားသင့်ပါက ချက်ချင်းတိုင်ကြားရန် တာဝန်ရှိ၏။ သက်သေပါရမည်ကို ကြောက်၍တိမ်းရှောင်နေကြပါလျှင် စည်းကမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများသည်ထက် ပိုမိုများလာပေလိမ့်မည်။ ထို့ကြောင့်ရုံးတွင် အမှုအခင်းများဖြစ်ပေါ် လာသောအခါ အများ၏အကျိုးအတွက် သက်သေပေးနိုင်ပါလျှင် မတိမ်းမရှောင်ဘဲ သက်သေအဖြစ် ဆောင်ရွက် ရမည်။ အမှန်အတိုင်းပြောရဲသော သတ္တိရှိရ မည်။ ရပ်ရွာတွင်အများအတွက် ဆောင်ရွက်သော ကိစ္စအ၀၀တွင် မိမိတတ်နိုင်သည့်နေရာက ပါဝင်ဆောင်ရွက်သင့်သည်။
ဒီမိုကရေစီနိုင်ငံများ၌သာမဟုတ် နိုင်ငံတိုင်း၌ လူတိုင်းလူတိုင်း မိမိတာဝန်ကို မိမိသိရန်အရေးကြီး၏။ အများ၏ အသိအလိမ္မာ ဥာဏ်ပညာကို အားကိုး၍ အများဖျက်လျှင် ပျက်လိမ့်မည်။ အများမြှင့်လျှင် တင့်လိမ့်မည် ဟူသော သဘောနှင့်အုပ်ချုပ်သော ဒီမိုကရေစီနိုင်ငံ၌ကား အထူးပြောနေရန်ပင်မလိုတော့ပေ။

နန်းဆောင်းလေပြေ (အွံအား)

Powered by Blogger.