Friday, July 8, 2016

တင့်တင့်မြန်မာ ကုမ္ပဏီမှ ပီလော်ပီနံစိုက်ပျိုးမှုစီမံကိန်းအား ပအိုဝ်းဒေသခံပြည်သူများနှင့် မိတ်ဆက်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်








ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပုံဆွေပင်ကျောင်းတိုက်တွင် တင့်တင့်မြန်မာကုမ္ပဏီမှ ပအိုဝ်းပြည်သူဒေသခံများအား ပီလော်ပီနံစိုက်ပျိုးမှုမိတ်ဆက်ပွဲကို ၂၀၁၆၊ ဇူလှိုင် ၈-ရက်နေ့၊ မနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုမိတ်ဆက်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်မှ ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ ၀င်ငွေကောင်းလာစေရန် ရည်ရွယ်၍ စီးပွားရေးမိတ်ဆွေများအား ဖိတ်ခေါ်ကာ ယခု တင့်တင့်မြန်မာကုမ္ပဏီသည်လည်း ရောက်ရှိလာပြီဖြစ်၍ ဤကုမ္ပဏီသည် စိတ်ချလက်ချရှိပါကြောင်း၊ ဒီနှစ်အတွင်း ဤကုမ္ပဏီအနေဖြင့် မြေဧကပေါင်း (၁၀၀၀၀)ခန့် ပီလော်ပီနံစိုက်ပျိုးရန် လိုအပ်ပြီး ဤသို့စိုက်ပျိုးရန်အတွက် အရင်းအနှီးများ စိုက်ထုတ်ပေးမည်ဖြစ်ကာ ရာသီဥတု စသည့် အကောင်းအဆိုးကိစ္စရပ်များကို ကုမ္ပဏီကသာ တာဝန်ယူပေးမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသတွင် လူအင်အား၊ မြေအင်အား၊ ရာသီဥတုအင်အား ရှိပြီးသားဖြစ်၍ ၅၀ -ရာခိုင်နှုန်းခန့် အရင်းအမြစ် ရှိပြီးဖြစ်သည့်အတွက် အောင်မြင်နိုင်ခြေများကြောင်း  စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ထို့နောက် တင့်တင့်မြန်မာကုမ္ပဏီတည်ထောင်သူ ဒေါ်တင်တင်လွင်မှ မိမိမှာ အရင်ငယ်ဘ၀အချိန်တွင် တိုးရစ်ဂိုက်သမားဘ၀ဖြင့် ဤပအိုဝ်းဒေသတွင် သွားလာခဲ့ဘူးသည့်အတွက်  ဤဒေသများမှာ မိမိနှင့်မစိမ်းပါကြောင်း၊ ဂိုက်သမားဘ၀ကနေ ကြိုးစားရင်း ခရီးသွားလုပ်ငန်းစသည့် လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်ပြီဖြစ်ကာ ယခု သြစတေးလျနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း၊ ထိုကုမ္ပဏီအနေဖြင့် ပီလော်ပီနံများအား ၀ယ်လိုအား များနေပါကြောင်း၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများမှာ စိုက်ပျိးရန်အတွက် မြေနေရာများ ရှားပါးနေပြီဖြစ်ပြီး ယခု မြန်မာနိုင်ငံတွင် စိုက်ပျိုးရန် မြေနေရာများရှိပြီး စိုက်ပျိုးချင်သူများအတွက် ငွေရေးကြေးရေး အခက်အခဲသာရှိသဖြင့် ပီလော်ပီနံစိုက်ပျိုးရန်အတွက် လိုအပ်သည့်အရင်းအနှီးများကို ထုတ်ပေးမည်ဖြစ်ပြီး တစ်ဧကတွင် အရင်းအနှီး (၂)သိန်း ပေးမည်ဖြစ်ကာ လိုအပ်သည့်ဓာတ်မြေသြဇာများကိုလည်း ပေးပို့မည်ဖြစ်ပါကြောင်း၊ စိုက်ချင်သူများအနေဖြင့် တစ်ဧကလျင် တန်(၃၅)ခန့်ထွက်ပါက  အမြတ် အမေရိကန်ဒေါ်လာ (၈၀၀နှင့် ၉၀၀)ကြား ရရှိနိုင်မည်ဖြစ်ကာ အရင်းအနှီးမယူပဲကိုယ်ပိုင်အရင်းအနှီး စိုက်ပျိုးသူများအနေဖြင့် အမေရိကန်ဒေါ်လာ (၁၂၀၀-၁၃၀၀ )စသည်ဖြင့် ထွက်နိုင်အားအပေါ်မူတည်ပြီး အမြတ်များစွာ ရနိုင်ကြောင်း၊ သြစတေးလျနိုင်ငံတွင် တစ်ဧကလျင် တန်(၆၀)ခန့် ထွက်ရှိကြောင်း၊ ထို့ကြောင့် ဤဒေသတွင်  ပထမနှစ်အနေဖြင့် တစ်ဧကလျင် တန် (၃၅)ခန့် ထွက်ရှိနိုင်လိမ့်မည်ဟု မှန်းထားကြောင်း၊ ထွက်ရှိနှုန်းအခြေနေကို ကြည့်ကာ ဒုတိယနှစ်တွင် စက်ရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပီလော်ပီနံဥမှာ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဆေးဝါး၊ အရက် စသည့်ကုန်ချောပစ္စည်းများတွင် ပါဝင်ထုတ်လုပ် အသုံးပြုနိုင်သည့်အတွက် ဘက်စုံသုံးနိုင်သည့် ပစ္စည်းဖြစ်ခြင်းကြောင့် ၀ယ်လိုအား အရမ်းမြင့်နေကြောင်း၊ ဈေးကွက်အာမခံချက်ရှိရှိဖြင့် လိုအပ်သည့်အရင်းအနှီးများထုတ်ပေးပြီး ကုန်ကြမ်းများကို ပြန်ဝယ်ယူမည်ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွတ်တော် ဖြားခွန်သိန်းဖေမှ ပအိုဝ်းဘာသာအနေဖြင့် အကျဉ်းချုံး ပြန်လည်ရှင်းပြခဲ့ကာ မေးမြန်းသည့် မေးခွန်များကိုလည်း ကုမ္ပဏီပိုင်ရှင် ဒေါ်တင်တင်လွင်မှ ပြန်လည်ရှင်းလင်းခဲ့ပါသည်။
ပီလော်ပီနံစိုက်ပျိုးနိုင်သည့် အကောင်းဆုံးလမှာ မေလဖြစ်ပြီး (၇)လ သို့မဟုတ် (၈)လကြာသည့်အခါ ပီလော်ပီနံဥများကို တူးဖေါ်နိုင်ပြီဖြစ်သည်။ ကြက်ချေးသည် ပီလော်ပီနံအတွက် အကောင်းဆုံး သဘာဝမြေသြဇာဖြစ်ပါသည်။ တင့်တင့်မြန်မာကုမ္ပဏီအနေဖြင့် ထွက်ရှိသည့်ပီလော်ပီနံဥများကို ၀ယ်ယူမည်ဖြစ်ပါသည်။ ကုမ္ပဏီမှ အရင်းအနှီးများယူပြီး စိုက်ချင်သူများအနေဖြင့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။ ကုမ္ပဏီနှင့်ပူးပေါင်းစိုက်မည့်သူများအား စိုက်ပျိုးရေးစနစ်သင်တန်းကို ပို့ချပေးမည်ဟုသိရသည်။
ကိုယ်ပိုင်အရင်းအနှီးဖြင့် စိုက်သူများမှ ရောင်းချသည့် ပီလော်ပီနံဥများကိုလည်း ကုမ္ပဏီမှ ၀ယ်ယူမည့်အကြောင်းကိုလည်း သိရှိရပါသည်။ ရှမ်းပြည်တွင် စီမံကိန်းပထမနှစ်အနေဖြင့် တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်မြို့နယ်များတွင် စတင် စိုက်ပျိုးသွားမည်ဖြစ်သည်။
ဤမိတ်ဆက်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ဖြားခွန်သိန်းဖေ၊ PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲးရေးမှူး ဖြားခွန်မြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဗဟို)ဌာနချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်များ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ကျောက်တလုံးမြို့နယ်များမှ ရုံးတာဝန်ခံများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဒေသခံပြည်သူလူထုများ စုစုပေါင်း (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.