Sunday, July 3, 2016

ရာသီအကူးအပြောင်းနဲ့ ကျန်းမာရေး

တောင်ကြီး၊၂၀၁၆-ခုနှစ်၊ ဇူလိုင်လ (၄) ရက်


လူသားများသည် ရာသီအကူးအပြောင်းကာလများတွင် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာချေခြင်း၊ ကိုက်ခဲခြင်း စသည့်ရောဂါများ ဖြစ်ပွားလေ့ရှိကြပါသည်။ ယခုနှစ်တွင် အယ်လ်နီညိုကြောင့် ပူးပြင်းခြောက်သွေ့သော ရာသီဥတုမှ မုတ်သုံမိုးများဝင်ရောက်ပြီး ရုတ်တရက် ရာသီဥတု အပြောင်းအလဲဖြစ်လာကာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်တတ်ပါသောကြောင့် အထူးဂရုပြုရန် လိုအပ်ပြီး ရာသီအကူးအပြောင်းကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကို  သိရှိထားရန်လိုအပ်ပြီး ဆင်ခြင်သွားသင့်ပါသည်။
မိုးရာသီတွင် ၀မ်းရောဂါများ ဖြစ်ပွားလေ့ရှိပါသည်။ ယင်လုံအိမ်သာနှင့် အိမ်သာမရှိသော ဒေသများတွင် ရေကြီးရေလျှံမှုမှတဆင့် မသန့်ရှင်းသောရေများဖြစ်လာပြီး စွတ်စိုမှုများရှိလာကာ ယင်ကောင်များ ရောက်ရှိလာနိုင်ပြီး ထိုမှတဆင့် ယင်နားစာများ စာမိရာမှ ၀မ်းရောဂါဖြစ်စေနိုင်သကဲ့သို့ မသန့်ရှင်းသောရေဆိုးများကြောင့်လည်း ၀မ်းရောဂါ ဖြစ်ပွားစေပါသည်။ ၀မ်းရောဂါများ မဖြစ်ပွားနိုင်ရန် အတွက် သောက်ရေများကို ကျိုသောက်ခြင်း၊ ယင်နားစာများ၊ ၀မ်းနူးစာများနှင့် အမှည့်လွန်သစ်သီးများကို မစားမိစေရန် အထူးလိုအပ်ပါသည်။ ၀မ်းပျက်ဝမ်းလျှောရောဂါသည် ကူးစက်နိုင်သည့် ရောဂါဖြစ်သောကြောင့် ရောဂါခံစားရပြီဆိုပါကလည်း သက်ဆိုင်ရာကျန်းမာရေးဌာနတွင် ပြသပြီး ဆေးကုသမှု ခံယူရမည် ဖြစ်သည်။
မိုးရာသီတွင် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် ရောဂါကိုလည်း အထူးဂရုပြုရန် လိုပါသည်။ ခြင်ကိုက်ခြင်းမှ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါများ ကူးစက်ရရှိနိုင်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းချိန်မှ ကိုက်သောခြင်များကြောင့် ရရှိသော ရောဂါဖြစ်ပြီး သွေးလွန်တုတ်ကွေးရောဂါများသည်လည်း ကူးစက် နိုင်သောရောဂါအမျိုးအစားဖြစ်သည့်အားလျော်စွာ ရောဂါခံစားရသည်နှင့်တပြိုင်နက် သက်ဆိုင်ရာကျန်းမာ ရေးဌာနသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူရန် လိုပါသည်။ ထို့ကြောင့် နေ့ခင်းချိန်တွင် အိပ်တတ်သော ကလေး၊ လူကြီးများအနေဖြင့် ခြင်ထောင်ထောင်၍အိပ်စေခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ဆင်၍ အိပ်စေခြင်း စသဖြင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်တွင်လည်း ခြင်၊ ယင် များ မပေါက်ပွား၊ မခိုအောင်းနိုင်ရန်အတွက် ရှင်းလင်းပြီး အလင်းရောင်ရရှိနိုင်ရန်နှင့် ကျန်းမာရေး ဌာနများမှ ညွှန်ကြားထားသော ရေအိုးများကို ဖုန်း၊ သွန်၊ လဲ၊ စစ် ဆိုသည့်အတိုင်း လုပ်ဆောင်ရန် လိုပါသည်။
ရာသီအပြောင်းအလဲ၌ မသန့်ရှင်းသောလက်ဖြင့် မျက်စိကို ပွတ်သပ်ရာမှ ဘက်တီးရီးယားပိုးများ ၀င်ရောက်ပြီး မျက်စိနှာရောဂါလည်း ဖြစ်ပွားနိုင်သည်။ မျက်စိနှာနေသူများဆီမှ မကူးစက်နိုင်အောင် သတိထားရန် လိုအပ်ပြီး မျက်စိနှာနေသူများ၏ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါများကိုလည်း ရောမသုံးသင့်ပါ။ မျက်စိသည် အင်မတန် ထိလွယ်ထိခိုက်လွယ်သည်ဖြစ်၍ မိမိမျက်စိနာနေလျှင် တွေ့ရာဆေးကို မခပ်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနများ၏ လမ်းညွှန်ချက်များ ရယူ၍ ကုသမှုပြုလုပ်ရန် လိုပါသည်။ အကောင်းဆုံးနည်းလမ်းသည် မိမိ၏ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းပင် ဖြစ်သည်။
မိုးရာသီတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ ပေါက်ဖွားပါသည်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကြောင့် အသက်ရှူလမ်းကြောင်ဆိုင်ရာ ရောဂါများဖြစ်သည့် ချောင်းဆိုး၊ နှာချေ၊ ဖျားနှာ၊ ကိုက်ခဲခြင်း စသည့်ရောဂါများလည်း ဖြစ်ပွားတတ်ပါသည်။ ထို့အပြင် ရေရှည်ချောင်းဆိုးနိုင်သည်။ ထိုကဲ့သို့ ဖြစ်ပွားပါက ကာကွယ်ရန် နည်းလမ်းများအနေဖြင့် နေမကောင်းဖြစ်သည့်အခါ ပူနွေးသော စွပ်ပြုတ်များသောက်ရန် လိုအပ်ပါသည်။ မိမိ၏ လက်ကိုင်ပုဝါကို မိမိတစ်ဦးတည်းသာ သုံးစွဲပြီး အခြားသူများနှင့် ရောမသုံးရန် လိုအပ်ပါသည်။ နီးစပ်ရာ ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ဆေးများ ၀ယ်ယူသောက်သုံးရန်လည်း လိုအပ်ပါသည်။
မိုးရာသီတွင် စိုစွတ်မှုကြောင့် မှို၊ ဘက်တီးရီးယားနှင့် အခြားသော အကြောင်းအရာများကြောင့်  ယားနာခြင်းများ ဖြစ်တတ်ပါသည်။ ယားနာခြင်းသည် အမျိုးမျိုးရှိသောကြောင့် ရရာဆေးများနှင့် သောက်သုံးခြင်း၊ လိမ်းခြယ်ခြင်းများ မပြုလုပ်ဘဲ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံဖြစ်စေ၊ ဆေးရုံဆေးခန်းသို့ ပြသပြီးမှသာ ဆေးများ သောက်သုံးခြင်း၊ လိမ်းခြယ်ခြင်း၊ ဆေးလူးခြင်း ပြုလုပ်သင့်ပါသည်။ မိုးရာသီတွင် မသန့်ရှင်းသည့်နေရာများ၊ အနံ့အသက်ဆိုးသည့် ရေပုပ်ရေအိုင်များမှ ဖြတ်သွားဖြတ်လာပြီး သည့်အခါ အိမ်ပြန်ရောက်လျှင် မိမိ၏ ခြေလက်များကို ဆပ်ပြာဖြင့် သန့်စင်ခြင်း၊ ရေချိုးခြင်း စသဖြင့် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်ပါသည်။ သန့်ရှင်းရေးပြုလုပ်ပြီးလျှင် ခြောက်သွေ့အောင် အ၀တ်ဖြင့် သုတ်ရန် လိုအပ်ပါသည်။
မိုးရာသီအကူးတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ ပေါများစွာ ပေါ်သည်။ ယနေ့ခေတ် တွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးများ အသုံးပြုမှုမြင့်မား သောကြောင့် မစားမီ သန့်ရှင်းအောင် ဆေးကြောသန့်စင်ရန် လိုသည်။ စိုက်ပျိုးသည့်အချိန်တွင်  အသုံးပြုခဲ့သည့် ဓါတုပိုးသတ်ဆေးများ၊ ဓါတ်မြေသြဇာများကို သန့်စင်ရန်အတွက် အကြိမ်ကြိမ် ဆေးကြောပြီးမှ သုံးစွဲရန် လိုကြောင်း မိုးရာသီအကူးအပြောင်းတွင် ကျန်းမာရေးနှင့် ပတ်သက်၍ သတိထားရမည့် အကြောင်းအရာ များကို ရေးသားတင်ပြလိုက်ပါသည်။

Kka Sp

Powered by Blogger.