Sunday, July 3, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အခြေခံစိုက်ပျိုး မွေးမြူရေးသင်တန်းကျောင်းကို သွားရောက်လေ့လာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်











အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၏ ဦးဆောင်စီစဉ်မှုဖြင့် ဒီကနေ့ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်၊ တနင်္ဂနွေနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့်အဖွဲ့များသည် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ နန်းသီတာကျေးရွာ၌ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် အခြေခံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းရှိ နန်းသီတာစခန်း(၁)၏ စိုက်ပျိုးမွေးမြူရေး အခြေအနေကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့်အတူ  ဒီကနေ့ နံနက်(၈း၄၀)မိနစ်အချိန်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာရာ (၉း၂၀) မိနစ်တွင် ညောင်ရွှေမြို့နယ်၊ နန်းသီတာကျေးရွာရှိ နန်းသီတာစခန်း(၁)သို့ ရောက်ရှိကာ  စခန်း(၁)မှ တပ်မတော်သားများက လှိုက်လှိုင်လှဲလှဲဆိုကြိုခဲ့ကြပါသည်။ ထို့နောက် စခန်း(၁)မှ တပ်မတော် အရာရှိများက သင်တန်းကျောင်း၌ မွေးမြူထားသော ကြက်၊ ၀က်၊ ငါးနှင့် မှိုစိုက်ပျိုးမှုအခြေအနေများကို  အကျယ်တ၀င့် ရှင်းလင်းတင်ပြကာ ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့များကလည်း သိလိုသည်များ မေးမြန်းခဲ့ကြပါသည်။ ထို့နောက်  သင်တန်းကျောင်းအတွင်းရှိ စိုက်ပျိုးမွေးမြူထားရှိမှုများကို လေ့လာကြည့်ရှုခဲ့ကြပြီး  ဆက်လက်၍ နေ့လယ်(၁း၀၀)နာရီအချိန်တွင် တိလောကျေးရွာအုပ်စု၊ ကန်တောကျေးရွာရှိ ဂျပန်သခွါခြံကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။
၎င်းလေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီလိုလေ့လာရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ဒီကနေ စိုက်ပျိုးမွေးမြူရေး အခြေအနေကို လိုချင်သိချင်တာ ဖြစ်ပါတယ်။ ဒီကနေ ရတဲ့ စိုက်ပျိုးမွေးမြူရေး နည်းပညာများနဲ့ ပြည်သူတွေကို အသိပေးချင်တယ်၊ ပြောပြချင်တယ်။ ဒါမှလည်း သူတို့အနေနှင့် စိုက်ပျိုးမွေးမြူရေးအသိပညာများ တိုးတက်စေမှာဖြစ်ပြီး သူတို့ကို တစ်ဖက်တစ်လှမ်းကနေ ကူညီရာရောက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် အခုလို ဒီခရီးကို ချောချောမွေ့မွေ့နှင့် ကူညီပေးတဲ့အတွက် အလွန်ဘဲ ကျေးဇူးတင်ပါတယ်” ဟု ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ဒေသဦးစီးဥက္ကဌဦးခွန်စံလွင်နှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဆီဆိုင်မြို့နယ်၊ မဲဆန္ဒနယ်(၂) ဦးခွန်မောင်ပယ်၊  ပင်လောင်းမြို့နယ်၊  မဲဆန္ဒနယ်(၂) ဦးခွန်စောအောင်၊ ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဦးခွန်အောင်ခင်၊   PNA-အသွင်းပြောင်းပြည်သူ့စစ်ဌာနေမှ ဗိုလ်မှူးအောင်သန်းနှင့်အဖွဲ့များ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူး(၄) ဦးခွန်ဆရာကိုးနှင့် စိုက်ပျိုးရေးအတိုင်ပင်ခံ ခွန်ချစ်လယ်နှင့် ဒေသတွင်းရှိ စိုက်ပျိုးရေး ၀ါသနာရှင်များ လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;


Powered by Blogger.