Tuesday, July 5, 2016

Mindset နှင့် concept

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်


လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်ဒေသနှင့်တစ်ဒေသ အကျင့်စရိုက် အမူအကျင့် စိတ်အခံ မတူညီကြပါဘူး။ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ မိမိပတ်ဝန်းကျင်ကြောင့် စိတ်အခံတွေ ကွဲပြားနေကြပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ ဒီ mindset အပေါ် အခြေခံပြီး ကျွန်တော်တို့ အလုပ်လုပ်ကြရပါတယ်။
Mindset အားကောင်းတဲ့ သူတွေဟာ ပိုပြီးအောင်မြင်တတ်ကြပါတယ်။
ကောင်းပါပြီ ကျွန်တော်တို့ mindset အမျိုးအစားတွေကို ကြည့်ကြည့်ရအောင်။
၁။ Active- အမြဲတမ်း တက်ကြွပြီး ဖျတ်ဖျတ်လတ်လတ်ရှိတာကို ပြောပါတယ်။ အလုပ်လုပ်တဲ့ နေရာတွေမှာ တက်တက်ကြွကြွရှိတာ၊ ဖျတ်ဖျတ်လတ်လတ် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်တတ်တာ၊ လိုလိုချင်ချင် တာဝန်ရှောင်လိုစိတ်မရှိပဲ လိုလိုချင်ချင်လုပ်ဆောင်တတ်တာကို ပြောပါတယ်။
၂။ passive - တက်ကြွမှုမရှိ၊ ခိုင်းမှလုပ်၊ လုပ်သင့်လုပ်ထိုက်သည်များကို မလုပ်ပဲ လေးလံထိုင်းမှိုင်းနေတာ။ ကိုယ့်အစွမ်းအစများကို မထုတ်သုံး။ မှီခိုစိတ်အားကြီးလွန်းတာ၊ ကြိုးစားချင်စိတ်မရှိ၊ မခံချင်စိတ်လည်းမရှိတာကို ပြောပါတယ်။
၃။ Reactive -  လုပ်စရာရှိတာများကို သူများတိုက်တွန်းမှ လုပ်တတ်၊ တွန်းအားလို၊ ဘေးက တိုက်တွန်းပြောဆို စေ့ဆော်ပေးမှ လုပ်ဆောင်တတ်၊ မခံချင်စိတ် နှိုးဆွပေးမှ လုပ်ဆောင်တတ်တာကို ပြောပါတယ်။
၎။ Proactive - လုပ်စရာရှိတာ၊ လုပ်သင့်လုပ်ထိုက်တာကို ကိုယ်ကိုယ်တိုင် လုပ်ကိုင်၊ တွန်းအားမလို၊ တက်တက်ကြွကြွလုပ်ဆောင်တတ်တာ၊ မိမိစူးစမ်းဆင်ခြင်တတ်တဲ့ ဥာဏ်နဲ့လုပ်ဆောင်တတ်တာကို ပြောတာပါ။
ဒီတော့ ကျွန်တော်တို့ mindset တွေ ဘယ်အနေအထားမှာရှိနေတာလဲ၊ passive နဲ့ reactive အဆင့်မှာပဲ ရှိနေမယ်ဆိုရင် Active ဘက်ကို ရောက်အောင် ကျွန်တော်တို့ ရွေ့လျားရပါမယ်။ Active အဆင့်ကနေ Proactive အဆင့်ရောက်ပြီဆိုရင် အဖက်ဖက်က တိုးတက်လာပါလိမ့်မယ်။
လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ တိုးတက် မတိုးတက်မှုက mindset အပေါ်မှာ အများကြီးပဲ မူတည်ပါတယ်။
လုပ်သင့်လုပ်ထိုက်တာလေးတွေကို ကိုယ့်အသိစိတ်ဓာတ်နှင့် လုပ်ဆောင်ဖို့လိုပါတယ်။  အစ္စရေးလူမျိုးအနေနှင့် သူတို့လုပ်သင့်လုပ်ထိုက်တာလေးကို လုပ်လိုက်လို့ အခု ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တယ်။
ကျွန်တော်တို့ ပအိုဝ်းလူမျိုးအများစုအနေနှင့်လည်း  mindset ပိုင်းနှင့်ပတ်သက်ပြီး ဘယ်အနေထားမှာ ရှိနေကြတာလဲ၊  နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးမှာ လှုပ်ရှားနေကြသည့် သူတွေရော  မြင့်မားတဲ့ mindset တွေ ရှိနေပြီလားဆိုတာကို ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ လိုနေပြီဖြစ်ပါတယ်။
Mindset နှင့် တွဲပြောရမှာကတော့ concept ပဲ ဖြစ်ပါတယ်။ အယူအဆပိုင်း ဖြစ်ပါတယ်။ လူတွေမှာ အယူအဆဆိုတာက အရမ်းအရေးကြီးပါတယ်။ နိုင်ငံရေး ၊ ပညာရေး စသည့်အရေးအရာများမှာ အယူအဆ အမျိုးမျိုးရှိကြပါတယ်။ ကိုယ့်အယူအဆက လူတွေအတွက် ဘယ်လောက်များ အကျိုးပြုနိုင်သလဲဆိုတာ ဆန်းစစ်ဖို့တော့ လိုပါတယ်။
concept က သူ့ခေတ်သူ့အခါ မှန်ပေမယ့် အမြဲတမ်း ကိုယ့် concept က မှန်နေတယ်လို့ တစ်သမတ်တည်း မယူလျှင် ပိုကောင်းပါတယ်။
ရှေးထုံးလည်း မပယ်နဲ့ ဆိုတဲ့စကားက မိမိရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရမယ်ဟု ဆိုလိုခြင်းသာဖြစ်တယ်။ နိုင်ငံရေး စီးပွားရေး ပညာရေးစတဲ့ ကဏ္ဍများအပေါ်မှာ ဟောင်းနွမ်းသည့်အယူအဆ၊ အကျိုးနည်းတဲ့ အယူအဆများ အမြစ်တွယ်နေလျှင်တော့ ကိုယ်ကပဲ နောက်ကျန်ခဲ့မည်သာဖြစ်ပါတယ်။ မိနစ် စက္ကန့်အလိုက် ယှဉ်ပြိုင်နေရသည့်ခေတ်မှာ concept က ဆွေးမြေ့နေလျှင် ဘယ်အဖွဲ့အစည်းမဆို နောက်ကောက်ကျန်ခဲ့သွားနိုင်တယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်။
အဖွဲ့အစည်းစကားပြောရလို့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းက အရေးကြီးပါတယ်။ ခေါင်းဆောင်များက အဖွဲ့အစည်းရဲ့ goal ၊ mission၊  strategy တွေကို ဦးဆောင်ချမှတ်ရတဲ့သူ ဖြစ်နေတဲ့အတွက် mindset တွေ concept တွေ မြင့်နေရင် အဲဒီအဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းနေမှာဖြစ်ပါတယ်။ တစ်ယူသန်အယူအဆတွေ ၊ ရှေးဆန်လွန်းပြီး အကျိုးသိပ်မရှိတဲ့ အယူအဆတွေပေါ်မှာ အမြစ်တွယ်နေမယ်ဆိုရင်တော့ အကျိုးနည်းဖို့ပဲ ဖြစ်နေပါလိမ့်မယ်။
ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အစဉ်အမြဲ တိုးတက်ပြောင်းလဲမှု စီးဆင်းနေမှသာ သင့်တော်မှာဖြစ်တယ်။ ဒီလိုမှ မဟုတ်ပဲ စီးဆင်းဆန်းသစ်လတ်ဆတ်မှုမရှိတဲ့ ရေကန်ထဲက ရေလို ဖြစ်နေမယ်ဆိုရင် ခေတ်ရဲ့နောက်မှာ ကျန်နေခဲ့မှာပါ။ အမြဲတမ်းစီးဆင်း ဆန်းသစ် လတ်ဆတ်တဲ့ စမ်းချောင်းထဲက ရေလိုမျိုး ဖြစ်ဖို့လိုပါတယ်။  အဲလိုဖြစ်ဖို့ ပွင့်လင်းမြင်သာဆန်းသစ်တဲ့ အမြင်တွေ၊ အယူအဆတွေ ရှိဖို့ လိုပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေးကအစ ခေတ်အခြေနေ အစဉ်အမြဲပြောင်းလဲနေတဲ့အချိန်မှာ လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးများတဲ့ concept ကသာ အကျိုးရှိတဲ့အတွက် အယူအဆများ ပြောင်းလဲသင့်လျင် ပြောင်းလဲရမှာဖြစ်ပါတယ်။
ဒီတော့ ခေါင်းဆောင်ပိုင်းများအနေဖြင့် ခေတ်နှင့်မျက်ခြေမပြတ် မိမိအဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်းများကို စဉ်ဆက်မပြတ် သတိထားဖို့ လိုပါတယ်။  ခေါင်းဆောင်ဆိုတာ သမာရိုးကျ ခေါင်းဆောင် ( transactional leader ) မျိုး မဖြစ်စေပဲ အသွင်ပြောင်းခေါင်းဆောင် ( transformational leader ) မျိုး ဖြစ်ရမှာဖြစ်ပါတယ်။
ခေတ်မှီတဲ့ ဗျူဟာတွေ၊ နည်းစနစ်တွေ၊ ထက်မြက်တဲ့ စွမ်းရည်တွေနဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေးကစ မိမိအမျိုးသားရေးလက္ခဏာများ တိုးတက်ဖြစ်ထွန်းစေဖို့ တစ်ဦးချင်းကစ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ညီညီညွတ်ညွတ် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်။ တစ်ဦးချင်းကစပြီး နိုင်ရာတာဝန်များကို လုပ်ဆောင်မှသာ လျှင်မြန်စွာ အောင်မြင်နိုင်မှာဆိုတာကို မျှဝေလိုသည့်အနေနဲ့ တင်ပြလိုက်ရပါတယ်။

ခွန်ဓဇ(ဟိုနမ်း)

Powered by Blogger.