Tuesday, July 5, 2016

ပအိုဝ်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနိုင်းမှု ဗဟိုကော်မတီမှ ဦးစီးသော မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်


















၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့ အထူးဒေသ(၆) တောင်ကြီးမြို့နယ် ထီဖေါင်းကျေးရွာအုပ်စု လွယ်ကောင်းရွာကြီး+ရွာသစ်အခြေခံပညာမူလတန်းကျောင်းတွင် ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနိုင်းမှုဗဟိုကော်မတီမှ ဦးစီးသော မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို နံနက် (၉း၀၀)နာရီအချိန်တွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှေးဦးစွာရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနညွန်ကြားရေးမှူး ဦးသိန်းဌေးမှ အဖွင့်အမှာစကားပြောကြားရာမှာ- ပအိုဝ်းဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနိုင်းမှု ဗဟိုကော်မတီမှ ဦးစီးသော မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို သစ်တောဦးစီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခွင့်ရ၍ အလွန်ပင်ဝမ်းမြောက်ကြောင်း ဂုဏ်လည်း ယူမိပါကြောင်း၊ ဒီကနေ့ ရှမ်းပြည်နယ်ဝန်ကြီး၏ကိုယ်စား အမှာစကား ပြောကြားခွင့်ရ၍ ကျေးဇူးတင် ရှိပါကြောင်း၊ ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလည်းလာမှုကြောင်း ဖြစ်ပေါ်နေသည့် ဆိုးကျိုးသက်ရောက်မှုတွေဟာ ကမ္ဘာကြီးတ၀ှမ်းရင်ဆိုင်နေသောအချိန်တွင် ကျွန်တော်တို့၏ မြန်မာနိုင်ငံလည်း အပါအ၀င်ပင်ဖြစ်ကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်း စသော ဆိုးကျိုးများ သက်ရောက်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ကုစားသော နည်းတစ်နည်းပင် ဖြစ်ကြောင်း၊ သစ်ပင်သည်လည်း လူကဲ့သို့ သက်ရှိပင်ဖြစ် ကြောင်း၊ သစ်ပင်၏ အနက်အဓိပ္ပါယ်ကို ဖွင့်မည်ဆိုပါက အမြင့် ၁၀ပေမှ ၁၅ပေ၀န်းကျင်ရှိသော အပင်ကို သစ်ပင်ဟု ခေါ်ဆိုကြောင်း၊ သစ်ပင်သည် လူသားများကို အကျိုးပြုသကဲ့သို့ မြေဆီလွှာများ တိုက်စားမှုများကိုလည်း ထိန်းသိမ်းပေးပြီး လေကောင်းလေသန့်ရရှိစေရန် ဆောင်ရွက်ပေးကြောင်း၊ ထိြု့ပင် လူသားများကို ဆိုးကျိုးဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုလည်း စုပ်ယူပေးကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ယခုနှစ် မိုးရာသီတွင် ပအိုဝ်းအမျိုးသားနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ပအိုဝ်းဒေသနှင့် ဆက်စပ်ဒေသများတွင် ပျိုးပင်ပေါင်း (၁၇၀၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် တစ်အိမ်ထောင်လျှင်(၅)ပင်နှုန်း စိုက်ပျိုးနိုင်ရန် လျာထားချက်များရှိနေပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လက်တွဲစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ အဖွင့်အမှာစကား ပြောကြားရာမှာ- ဒီကနေ့သည် ပအိုဝ်းဒေသတ၀ှမ်းလုံး သစ်ပင်စိုက်ပျိုးရေးနေ့ပင် ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရခြင်းမှာ လူသားများသည် သဘာဝပတ်ဝန်းကျင်ကို မှီခိုအားထားလျက်ရှိ နေကြောင်း၊ သဘာဝပတ်ဝန်းကျင်သည် လူသားများအတွက် တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခု ပင်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်လျှင် မိမိတို့သားစဉ်မြေးဆက်အထိ ကမ္ဘာတည်သရွေ့ မိမိတို့ဒေသသည်လည်း အမြဲစိမ်းလန်စိုပြေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံ ထာဝစဉ် စိမ်းလန်းစိုပြေစေရန် လူသားတိုင်း တာဝန်သိစိတ်ဖြင့် သစ်ပင်များ ၀ိုင်းဝန်းစိုက်ပျိုးထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသွားပါသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ လွယ်ကောင်းရွာသစ် အခြေခံပညာမူလတန်းကျောင်း ကွန်ကရစ်သံဆူးကြိုးများ ကာနိုင်ရန်အတွက် အလှူငွေ(၃)သိန်းကျပ်ကို ပေးအပ်လှူဒါန်းကာ ညွန်ကြားရေးမှူး ဦးသိန်းဌေးမှ ပျိုးပင်များကို ပေးအပ်လှူဒါန်းပြီး ကြွရောက်လာသော တာဝန်ရှိလူကြီးမင်းများနှင့်အတူ ဒေသခံမိဘပြည်သူများက ပျိုးပင်များကို အတူတကွ စိုက်ပျိုးသွားခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူးနှင့်ဝန်ထမ်းများ(၁၇)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးဝန်ထမ်းများ(၃၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ သွေးအလှူအဖွဲ့(၅)ဦး၊ ပအိုဝ်းအမျိုးသ္မီးများအဖွဲ့(၁၀)ဦး၊ ပအိုဝ်းတိုင်းရင်းဆေးအဖွဲ့(၅)ဦး၊ ဒေသခံမိဘပြည်သူများ(၆၀၀)ဦး လွယ်ကောင်းရွာသစ် အခြေခံပညာမူလတန်းကျောင်း ကျောင်းဆရာ/မ ကျောင်းသူ/ သား(၁၁၂)ဦးနှင့် Living Earth Green Network Taunggyi အဖွဲ့မှ(၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.