အသိအလိမ္မာ ဥာဏ်ပညာနည်းပါးသောနိုင်ငံတစ်ခုတွင် ဒီမိုကရေစီစနစ် အစစ်အမှန်မရှိနိုင်ပေ။ အသိအလိမ္မာ ဥာဏ်ပညာသည် ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရားကြီးပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုလျှင် လူတိုင်းစဉ်းစားတတ်သောဥာဏ် ဝေဖန်တတ်သောသတ္တိနှင့် ပြည့်စုံရပေမည်။ ထို့ကြောင့်နိုင်ငံတွင် စာအုပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂဇင်း စသောစာပေမျိုးစုံ များစွာလိုအပ်ပေလိမ့်မည်။ လူတိုင်း လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဝေခွင့် ရှိစေရမည်။ သတင်းစာတိုင်း၊ ဂျာနယ်တိုင်း၊ မဂ္ဂဇင်းတိုင်းသည် မိမိ၏ထင်မြင်ချက်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိစေရမည်။
စာရေးဆရာများနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာများက နိုင်ငံ၏မျက်စိကို ဖွင့်ပေးရန်တာဝန်ရှိသည်။ နိုင်ငံ၏အလိုဆန္ဒကို ဖော်ပြရန်တာဝန်လည်းရှိ၏။ နိုင်ငံ၏အကျိုးကို မျော်ကိုး၍ အရာရာတွင် အကြောင်းအားလျော်စွာ ညွှန်ပြ၊ နိုးဆော်၊ အသိပေးရန် အရေးလည်း ရှိနေသည်။ ထို့ကြောင့် ဒီမိုကရေဒီနိုင်ငံတစ်ခုတွင် စာရေးဆရာနှင့် အယ်ဒီတာများကို ချုပ်ချယ်ထားလျှင် သို့မဟုတ် မျက်နှာကြီး မျက်နှာငယ်လိုက်၍ မျက်နှာသာပေးသူကိုပေး၍ ဖိနှိပ်သူကို ဖိနှိပ်ထားလျှင် အမှားကြီး မှားပေလိမ့်မည်။ နိုင်ငံတွင် ရှိသမျှ အယ်ဒီတာ စာရေးဆရာများကို မျှမျှတတလွတ်လပ်ခွင့်ပေးထားရမည်။ စာရေးဆရာတိုင်း၊ အယ်ဒီတာတိုင်းသည်လည်း မိမိရေးသားလိုရာကို စည်းကမ်းဥပဒေရှိသည့်အတိုင်း လိုက်နာကာ ရေးသားရမည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတွင် မည်သည့်အမှုကိစ္စမျိုးကိုမဆို လူအများသိအောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်ရပါမည်။ ထို့ကြောင့် သတင်းထောက်များကို နေရာတိုင်းတွင် နေရာပေးသင့်သည်။ ဓါတ်ပုံဆရာများကိုလည်း ၀င်ခွင့်ထွက်ခွင့်ပြုသင့်၏ သို့မှသာ နိုင်ငံတွင်းရှိလူများသည် သတင်းအမျိုးမျိုးကို သိရှိနိုင်ပေလိမ့်မည်။ သတင်းမျိုးစုံသိရှိသောကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်လိမ့်မည်ဖြစ်သည်။ ဒီမိုကရေစီသည် အလင်းရောင်ကြိုက်သောဝါဒဖြစ်သည်။ အသိတရားသာလျှင် အလင်းရောင်ကို ပေးနိုင်၏။ သတင်းစာ၊ ဂျာနယ်၊ မဂဇင်းသည် အလင်းရောင်ဖြစ်အောင် ကူညီပံ့ပိုးပေးသော အရာများ ဖြစ်နေသကဲ့သို့ ဒီမိုကရေစီ၏ မဟာမိတ်ကြီးပင်ဖြစ်သည်။
သို့သော် စာရေးဆရာနှင့် အယ်ဒီတာများသည် ဒီမိုကရေစီ စိတ်ထားရှိမှ ဒီမိုကရေစီအဟုတ်အမှန် တူညီနိုင်ကြပေလိမ့်မည်။ “ငါသာလျှင်ထင်ရာရေးမည်၊ သူမရေးရ၊ ငါရေးသည်သာအမှန်ဖြစ်သည်၊ သူရေးသမျှအမှား၊ ငါသာသိသည်၊ သူမတတ်” ဟု သဘောထားပြီး သူတစ်ပါးကို ဖိနှိပ်လိုလျှင် ဒီမိုကရေစီသဘောနှင့် ဆန့်ကျင်နေပေလိမ့်မည်။ သူများအမှားကို အဆောတလျှင် ထုတ်ဖော်၍ မိမိအမှားထောက်ပြခြင်းကိုမူ သည်းမခံနိုင်လျှင် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် စာရေးဆရာ၊ အယ်ဒီတာမလုပ်သင့်ပေ။
အစိုးရ၏အပြစ်၊ နိုင်ငံခေါင်းဆောင်၏အပြစ်၊ သက်ဆိုင်ရာအမျိုးသားခေါင်းဆောင်၏အပြစ်တို့ကို ဖော်ပြရာတွင်လည်း သူ့နေရာနှင့်သူ အချိန်ကာလအားလျော်စွာ မယုတ်မလွန် အမှန်တရားများကို တရားသဖြင့် ဖော်ပြရပေလိမ့်မည်။ အများ၏ အကျိုး၊ နိုင်ငံ၏အကျိုးများကို မမေ့သင့်ပေ။ နိုင်ငံကိစ္စ၊ ရပ်ရွာကိစ္စအ၀၀တွင် အမှန်ကိုသိအောင် ကြိုးစားပြီးမှ ထင်မြင်ချက် ပေးသင့်သည်။ အပြစ်တင်စောလျှင် အကျိုးမရှိ၊ နိုင်ငံအပေါ် ၊ အမျိုးသားအပေါ်တွင် ဆရာလုပ်လိုသည့် စာရေးဆရာ၊ အယ်ဒီတာများသည် နိုင်ငံ၊ အမျိုးသားထက် ပိုမိုသိအောင် ကြိုးစားအားထုတ်ရပေလိမ့်မည်။ ဆရာလုပ်နိုင်သော အရည်အချင်းရှိအောင် ပြုလုပ်ရပေလိမ့်မည်။ သတင်းထောက်များကလည်း အများအကျိုးဖြစ်ထွန်းစေသော သတင်းများ ကိုသာ ပေးကြရမည်ဖြစ်သည်။ ရေးသားရာ၌လည်း ဒေါသမစွက်၊ ဘက်မလိုက်ဘဲ အမှန်တရားကိုသာ ဖော်ပြရမည် ဖြစ်သည်။ သို့မှသာ အများပြည်သူများသည် ဖြစ်ပျက်နေသော ဖြစ်စဉ်အမှန်တရားကိုသိရှိနိုင်ကာ စာရေးဆရာ၊ အယ်ဒီတာ များသည်လည်း အမှန်တရားကို ဖော်ထုတ်ပေးနေသော အရည်အသွေးပြည့် သူများဖြစ်လာပေလိမ့်မည်။
“ကလောင်သည် ဓါးထက်ပင် တန်ခိုးရှိ၏” ဟူသော စကားပုံတစ်ခုရှိသည်။ ဤအတိုင်းဆိုလျှင် ကလောင်ကိုင်သူတို့သည် မိမိ၏တာဝန်ကို သိရန်အထူးပင်လိုအပ်ပါသည်။ ကလောင်ထက်တိုင်း ကောင်းသည်မဟုတ်။ ထက်သော ကလောင်ကို တရားသဖြင့် အသုံးချမှ နိုင်ငံအတွက် အကျိုးဖြစ်ထွန်း၏။ အတိုင်းအတာမရှိဘဲ ရမ်းသမ်းကာ ကလောင် ထက်မြက်နေလျှင် ဒီမိုကရေစီ နိုင်ငံပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် ဒီမိုကရေစီ ကျင့်စဉ်ကျင့်သုံးသော နိုင်ငံတိုင်းတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အခွင့်အရေးရှိနေသကဲ့သို့ အမှန်တရားကို လက်ကိုင်ထားကာ ရေးသားထုတ်ဝေ နေသော ကလောင်ရှင်များလည်း အထူးပင်လိုအပ်နေကြောင်း တင်ပြလိုပါသည်။
နန်းဆောင်းလေပြေ (အွံအား)
Like On Facebook
Follow On Twitter
Subscribe On RSS