Sunday, July 10, 2016

ဝတ်စားဆင်ယင် ရွေးချယ်ပြင်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်


တောင်းမှာအကွပ် လူမှာအ၀တ် ဆိုသော စကားရိုး၊ စကာပုံရှိ၏။ တောင်းများယက်လုပ်ရာတွင် အကွပ်သည် လွန်စွာအရေးကြီးလှပါသည်။ တောင်းကို ယက်လုပ်သူများအဖို့ တောင်းကိုမည်မျှပင်လှပစွာ အကွပ်ဖော် ယက်လုပ်နိုင်သည်ဖြစ်စေ အဆုံးသတ်ဖြစ်သော အကွပ်မကောင်းခဲ့လျှင် ထိုလှပစွာသော တောင်းသည် ခဏလေးအတွင်းမှာပင် ပျက်စီးသွားစေနိုင်ပါသည်။
အကွပ်ဟူသည် တောင်း၏ အနားသပ်ဖြစ်သည်။ အနားကို သေသပ်လှပခိုင်ခံ့အောင် ကွပ်နိုင်ပါမှ တောင်းကောင်းတစ်လုံး အဖြစ်သို့ရောက်ရှိပေမည်။ အနားအကွပ်ကို ဖြစ်သလို သာမန်ကာလျှံကာ ပြုလုပ်ထားပါက ထိုအကွပ်သည် ပြုတ်ထွက်သွားပြီး အတွင်းသားတို့ ထိုးထိုးထောင်ထောင် ဖြစ်ကာ ထိုးထွက်ပျက်စီးပြီး အမြင်တင့်တယ်တော့မည်မဟုတ်ပေ။ ထိုကြောင့် တောင်းကောင်းတစ်လုံး ဖြစ်ရန်အတွက် အကွပ်သည် အဓိက ကျပေသည်။ ထိုကြောင့် လူသားတို့တွင်လည် ၀တ်စားဆင်မှုသည် လွန်စွာ အရေးကြီးလှပေသည်။
လူတစ်ယောက်၏ ၀တ်စားဆင်ယင်မှုသည် ထိုလူ၏ စိတ်နေ စိတ်ထား အဆင့်အတန်းကို ဖော်ပြနေပေသည်။ မိမိတို့ မြန်မာနိုင်ငံသူ/သားတို့သည်  တိုင်းရင်းသားများနှင့် စုပေါင်းနေထိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ် သောကြောင့် ရိုးရာယဉ်ကျေးမှုများ၊  ကိုယ်ပိုင်ယဉ်ကျေးမှုများစွာ ရှိပေသည်။ ထိုယဉ်ကျေးမှုများထဲတွင် ၀တ်စား ဆင်ယင်မှု ကဏ္ဍလည်း ပါဝင်ပေသည်။ ၀တ်စားဆင်ယင်ရာတွင်လည်း ဒူးနေရာဒူး၊ တော်နေရာတော် ဖြစ်ရန် လိုအပ်ပေသည်။ သာမန်မိမိအိမ်တွင်နေထိုင်စဉ် ပွဲနေပွဲတက်ဝတ်စုံနှင့် ၀တ်ဆင်ခြင်းသည် မလျော်သော ကိစ္စ ဖြစ်ပေသည်။ အလားတူ ညအိပ်ဝတ်စုံဖြင့် နေ့လယ်၊ နေ့ခင်း အပြင်ထွက်ပါကလည်း မသင့်လျော်ပေ။ သူ့နေရာနှင့်သူ ဆီလျော်စွာ ၀တ်ဆင်တတ်ရန် လိုအပ်ပေသည်။
မြန်မာဆိုရိုးစကားတစ်ခုရှိသည် “ကိုယ့်ဆီလာလျှင် အိမ်နှင့်ခြောက် သူတစ်ပါးဆီသွားလျှင် အ၀တ်အစားနှင့်ခြောက်” ဆိုသောစကားတစ်ရပ်ရှိပေသည်။ ထိုစကားရပ်ကို ရှေးလူကြီးသူမများက အကြောင်းမဲ့ ပြောဆိုခဲ့ခြင်း မဟုတ်ချေ။
မိမိတို့၏ နိုင်ငံနှင့် တိုင်းတစ်ပါး နိုင်ငံများ၏ ရေမြေ၊ သဘာဝ ရာသီဥတု၊ စရိုက်လက္ခဏာ၊ ယဉ်ကျေးမှု စသည်တို့ တူညီမည်မဟုတ်ချေ။ တိုင်းတစ်ပါး နိုင်ငံများမှ လွတ်လပ်စွာ ၀တ်ဆင်ခြင်းကို လိုက်လံတုပ ၀တ်ဆင်ပါက မိမိတို့၏ ယဉ်ကျေးမှု လက္ခဏာများ ဆုံးရှုံးပျက်ဆီးသွားပေလိမ့်မည်။ ဟီရိသြတ္တပ္ပတရား ကင်းမဲ့ရာ ကျရောက် သွားပေလိမ့်မည်။ မောင်နှင့်နှမ သားနှင့်အမိ ကြည့်မြင်ရှုဖွယ်ရာ တင့်တယ်မှုမရှိသော အ၀တ်အစားတို့ကို ၀တ်ဆင်ထားသော အမျိုးသမီးများအား အများက တန်ဖိုးထားကြလိမ့်မည် မဟုတ်ပေ။
အ၀တ်အစားကြောင့် ဂုဏ်တက်သကဲ့သို့ အ၀တ်အစားကြောင့် ဂုဏ်သရေပျက်ရသည်များလည်း ရှိပေသည်။ မည်မျှပင် ချောမောလှပ စေကာမူ မိမိတို့ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော မဖွယ်မရာ ၀တ်စားဆင် ယင်မှုကို ပြုမိချေက အလှတွင်အယဉ်မဆင့်သကဲ့သို့ အလှတွင် အသွင်မတင့်နိုင်ရုံမက ဘ၀အောင်မြင်တိုး တက်ရေးတွင်လည်း အနှောက်အယှက်ဖြစ်ပြီး မိမိ၏ အရှက်၊ အသက် အန္တာရာယ်ကို စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်လိမ့်မည်ကို သတိပြု ၀တ်ဆင်သင့်ပေတော့သည်။

သပ်ရပ်စွာ ၀တ်စားဆင်ယင်နိုင်ပါစေ…………….ခွန်ဒဒါဒါး

Powered by Blogger.