Saturday, July 2, 2016

ယနေ့ခေတ်လူငယ်များနှင့် အရက်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်


ကျွန်ုပ်တို့ပအိုဝ်းလူမျိုးဘဝကို အစမှအဆုံး အရက်နှင့်ပြီးဆုံးတော့မှာလား။ ရိုးရာဓလေ့ထုံးစံလား။ မိဘဘိုးဘွားများချန်ထား အမွေအနှစ်များလား။ မဟုတ်ရပါ၊၊ ရှမ်းပြည်နယ်တွင် ပအိုဝ်းမျိုးချစ်ခေါင်းဆောင်များနှင့် မျိုးချစ်ရဟန်းများပူးပေါင်းပြီး ပဒေသရာဇ်စနစ်ဆိုးကြီးကို အန်တုတော်လှန်နိုင်ခဲ့သော်လည်း ဒုစရိုက်ဖြစ်သော  လောင်းကစားခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည့်အငွေ့အသက်များအနည်းငယ် ကျန်ရှိနေသေးသည်။ ခေတ်အဆက်ဆက်က လက်ဆင့်ကမ်းသုံးစွဲ လာခဲ့သော်လည်း “မကောင်းတာကိုပယ်၊ ကောင်းတာကိုဝယ်” ဆိုသည့်စကားပုံအတိုင်း မကောင်းသောအမွေကို ကျွန်ုပ်တို့ပအိုဝ်းလူငယ်များ တွန်းလှန်နိုင်ရန်အချိန်တန်ပြီဖြစ်သည်။
အမွေဆိုးဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း၊ လောင်းကစားခြင်း သည်ငွေကြေးများစွာကုန်ကျမှု၊ ကျန်းမာရေးလည်းထိခိုက်မှု၊ စီးပွားရေးလည်းကျဆင်း၊ နောက်ဆုံးအသက်ပါ စတေးရမှုစသည်တို့ကို ကျွန်ုပ်တို့ပအိုဝ်းလူငယ်ပညာတတ်များ အသိတရားများဖြင့် ဆင်ခြင်ရန်၊ ရှောင်ရှားရန်၊ ပစ်ပယ်ရန် အချိန်တန်ပြီ။ ဤမကောင်းသည့်ဒုစရိုက်ကြောင့် ကျွန်ုပ်တို့ဘဝ၊ ကျွန်ုပ်တို့လူမျိုး အဆင့်အတန်း မည်မျှနိမ့်ကျစေသည်၊ ကျွန်ုပ်တို့အညွှန့်အတက်ကိုတုံးစေသည်ကို ဦးနှောက်ဖြင့်ဝေဖန် ပိုင်းခြားတတ်ရန် လိုအပ်ပါသည်။
ခက်ခက်ခဲခဲနှင့်ရှာဖွေစုဆောင်းသမျှ ရရှိလာသောပစ္စည်းဥစ္စာ၊ ရတနာ၊ ရွှေငွေများသည် သုံးစွဲမှု မှားယွင်းနေပါက အကျိုးတရားမရှိပါ။ ဥပမာ- ကျွန်ုပ်တို့ ရရှိလာသောငွေကို လောင်းကစားလုပ်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အပျော်အပါးလိုက်စားခြင်းစသည့် မကောင်းမှုတစ်မျိုးမျိုးကို ပြုလုပ်မည်ဆိုပါက အကုသိုလ်ဖြစ်သော ဒုစရိုက်အဆိုးဖက်သာလမ်းလွှဲသွားနိုင်သည်။ ထို့ကြောင့်ကျွန်ုပ်တို့ ရင်းရသည့် အရင်းအနှီးဖြစ်သည့်ငွေအား၊ လူအား၊ ပညာအား၊ ဆုံးရှုံးသွားသည့်သွေးချွေး၊ ကုန်ခဲ့ရသည့် အချိန်များသည် အလဟဿဖြစ်သွားနိုင်သည်။
ဒုစရိုက်ထဲကတစ်မျိုးဖြစ်သောအရက်၏ သမိုင်းကြောင်းအနည်းအကျဉ်းကို လေ့လာကြပါစို့။ ကမ္ဘာဦးအစပိုင်း မိုးရာသီတွင် သစ်သီးသစ်ရွက်များသည် ပုတ်သိုးကာ အနံ့မွေး၍ စွဲမက်ဖွယ်ကောင်းသော အရည်များဖြစ်လာရာ ဌက်ကလေးများသည် ထိုအရည်ကိုဆင်းသက်သောက်ရာ မူးမေ့ကုန်သည်။ မုဆိုးသည်လည်း ထိုအရည်ကိုစမ်းသောက်ကြည့်ရာ အနံ့အရသာထူးကဲသောကြောင့်ဘုရင်ကို လက်ဆောင် ဘဏ္ဍာအဖြင့် ဆက်သသည့်အချိန်မှစ၍ အရက်သည်အစဉ်အဆက် သုံးစွဲလာသည့်အရာ ဖြစ်လာသည်။ သို့သော်ယနေ့ခေတ်အရက်သည် သစ်သီးသစ်ရွက်၊ ဆန်မှစိမ်၍/ချက်၍ရရှိလာသော သဘာဝအရက် မဟုတ်ဘဲ လူတို့၏ အတ္တလောဘအလျောက် ဓာတ်မြေသြဇာ၊ ရော်ဘာ၊ ပိုးသတ်ဆေးများဖြင့် ရောသမ မွှေ၍ချက်ထားသောအရက်ဖြစ်သည်။ ထိုအရက်ကို နေရာတိုင်း၊ ဆိုင်တိုင်းတွင် အလွယ်တကူဝယ်ယူရရှိ နိုင်သည်။
အရက်သည်  “မဇ္ဇပမာဒဋ္ဌာန” ဆိုသည့် ပါဠိစကားအတိုင်း ကောင်းမှုကုသိုလ်ကို မေ့လျော့စေ သည့်အတွက် ပစ္စုပ္ပန်လက်ရှိဘဝနှင့်နောင်ဘဝအထိ ကောင်းကျိုးမပြုသည့်အရာဖြစ်သည်။ အရက်သောက်တတ်သောအိမ်တွင် အများအားဖြင့် ယောကျာ်းလေးများဖြစ်သည်။ ကျွန်ုပ်တို့ပအိုဝ်းလူမျိုးသည် အရက်သမားမျိုးနွယ် ဟုပြောရမည့် အနေအထားရောက်ရှိနေသည်။ သားသမီး အရက်သောက်တတ်သည်ကလည်း မထူးဆန်းပါ။ မိဘများက အရက်သောက်နိုင်ရန်အတွက် သားသမီးကိုမုန့်ဖိုးပေး၍ ဝယ်ခိုင်းသည်မှစ၍ သားသမီးများအရက်သောက်တတ်လာသည်မှာ သားသမီး အပြစ်မဟုတ်ပါ။
အကုသိုလ်ကိုယူဆောင်ပေးသည့်အရက်သည် ကျွန်ုပ်တို့ ဘာသာရေးပွဲတွင်သာမက၊ ယဉ်ကျေးမူ ဓလေ့ထုံးတမ်းများကို ပုန်းအောင်းခိုဝင်လာနေသည်ကို သတိမထားမိကြပါ။ အသုဘ၊ မွေးနေ့ပွဲ၊ အလှူအတန်းပွဲ၊ ဂုဏ်ပြုပွဲ၊ ရှင်ပြုပွဲ၊ မင်္ဂလာဧည့်ခံပွဲစသည့် ကောင်းမှုကုသိုလ်ကိုရည်စူး၍ ပြုလုပ်သည့် ပွဲအချို့သည် အရက်ကိုအဓိကထားသဖြင့် “ကုသလော ဓမ္မောအကုသလသာ ဓမ္မသာ” ဆိုသည့် ပဠာန်းဒေသနာတရားတော်အတိုင်း ကုသိုလ်ပြုလုပ်ရာ အကုသိုလ်ပါလာသည်ကို သတိမထားမိကြပေ။ ဘုရားပွဲပြုလုပ်ရာ ဘုန်းကြီးကျောင်းပတ်ပတ်လည်တွင် အရက်များကိုရောင်းချခြင်း၊ သောက်စားခြင်း ကြောင့် အခန့်မသင့်လျှင် ရန်ဖြစ်ကြ၊ လူသတ်မူဖြစ်ကြသည်ကို မြင်ဖူးကြားဖူးမည်ထင်ပါသည်။ အရက်ကြောင့်  မမှားသင့်သည်ကိုလည်း မှားတတ်ကြသည်။
“ပါပသ္မိံ ရမတိ မနော”- လူတို့စိတ်သည် မကောင်းမှု၌ပျော်မွေ့သည့်အတိုင်း အရက်သည် မကောင်းကြောင်း၊ ကျန်းမာရေးကိုထိခိုက်ကြောင်း၊ မိမိ၏စီးပွားရေးကိုဖျက်စီးတတ်ကြောင်း၊ တစ်ယောက် နှင့်တစ်ယောက်ခိုက်ရန်ဖြစ်ပွားစေကြောင်း၊ အိမ်ထောင်ရေးကိုလည်း ပျက်စီးစေတတ်ကြောင်း၊ လူ့အသက် ကိုလည်းတိုစေနိုင်ကြောင်း စသည့် ကောင်းကျိုးအနည်းငယ်မျှ မပေးစွမ်းသည့်အရာကို ဝေးဝေးကရှောင်ရှား သင့်သည်။ အရက်၏ ဆွဲငင်အားကောင်းပုံကို သတိထားကြရမည်ဖြစ်သည်။  သူရှိသည့်အရပ်သည် လူစည်ကားတတ်သည်။
 အသံတိတ်လူသတ်သမားသည် အရက်လည်းပါဝင်သည်။ သေနတ်ကဲ့သို့လည်း အသံမထွက်ပါ ဓါးရှသကဲ့သို့လည်း အရာမထင်ပါ၊ တိုးတိုးတိတ်တိတ်နှင့် မိမိ၏သွေးကိုစုပ်ပြီး အသားကိုဝါးစားခံနေရ သည်ကို အချိန်လွန်မှသိတတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အရက်၏ကျေးကျွန် ဖြစ်မသွားအောင် သတိတရားကို ကိုယ်နှင့်မကွာအမြဲ ဆောင်ထားရန်လူတိုင်းလိုအပ်ပါသည်။

ကိုးကားချက် - ဒဲဉ်သီးလက်ဆောင်; မျင်းမိုရ်ဟေ့



Powered by Blogger.