Saturday, July 2, 2016

ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (၅) နှစ်မြောက် အစည်းအဝေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်






တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ၁၃၇၈ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက် စနေနေ့ နံနက် ၈း၀၀ နာရီအချိန်တွင် ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့  (၅) နှစ်မြောက် အစည်းအဝေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပွဲတွင် ရှေးဦးစွာ ဆရာဒါကာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ဆက်လက်ပြီး သဘာပတိ ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ သြ၀ါဒါစရိယ ဆရာတောဘဒ္ဒန္တကောသိယ နှစ်ပါးတို့အထံမှ သြ၀ါဒစကားကို ခံယူခဲ့ကြသည်။ ယင်းနောက် အစည်းအဝေးပွဲသို့ ကြွရောက်လာတော်မူကြသော သံဃာတော်အရှင်သူမြတ်နှင့် တပြည့်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့က ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ ဥက္ကဋ္ဌ ဆီဆိုင်မြို့ ဇ၀နာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသ အထံမှ ဥယောဇနဂါထာတော်၏ သြ၀ါဒစကားကို ခံယူခဲ့ကြပါသည်။
ဆက်လက်၍ ပိဋကတ်ပအိုဝ်းဘာသာပြန်ဆိုခြင်းကိစ္စနှင့် ပတ်သက်ပြီး ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ အတွင်းရေးမှူး(၁) ဆရာတော်ဘဒ္ဒန္တစန္ဒာဝရမှ “လက်ရှိပိဋကတ်ပအိုဝ်းဘာသာပြန်ဆိုရာမှာ တစ်နှစ်တွင် တစ်ကျမ်းပဲ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဘာကြောင်းလည်းဆိုတော့ ပိဋကတ်မှာ ပအိုဝ်းဘာသာပြန်ဆိုရာတွင် ဝေါဟာရစကားလုံးနှင့် ပတ်သက်ပြီး အခက်အခဲများစွာကြုံတွေ့နေခဲ့ရကြောင်း၊ နောက်ပြီး ပိဋကတ်ဘာသာပြန်တဲ့ သံဃာတော်များအနေဖြင့်သော်လည်းကောင်း၊ ပုံနှိပ်စက်ရိုက်တဲ့အပိုင်းမှာပါ လူအင်အားနည်းနေသေးတော့ တစ်နှစ်တွင် တစ်ကျမ်းပဲထုတ်ဝေနိုင်ခဲ့ပါတယ်။ ပိဋကတ်ဘာသာပြန်တဲ့ သံဃာတော်အရှင်သူမြတ်များကို များစွာရှိနေပြီဆိုတဲ့အခါကျရင် တစ်နှစ်ကို သုံးကျမ်းထုတ်ဝေသွားနိုင်မယ်လို့” ဆရာတော်က မိန့်ကြားပေးခဲ့သည်။
ထို့နောက် ရှေ့ဆက်ပြီး မွမ်းမံတည်းဖြတ်မယ့် ပိဋကတ်ပအိုဝ်းဘာသာပြန်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ အယ်ဒီတာချုပ်နှင့် အကြီးတန်းအယ်ဒီတာအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ပြီး ဆက်လက်၍ အရုဏ်ဆွမ်း နှင့်နေ့လည်ဆွမ်းအလှူရှင် ဒါယကာ ဒါယိကာမများဖြစ်ကြသော ပအိုဝ်းအမျိုးသမီးအဖွဲ့နှင့် အဖျော်ရည် အလှူရှင် ပအိုဝ်းလူငယ်ကွန်(PYN)အဖွဲ့တို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို တရားတော်နာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ခွန်ဗန်ထို



Powered by Blogger.