Sunday, July 24, 2016

Peace Forum: Supporting Political Dialogue and Peace Process၊ ငြိမ်းချမ်းရေး ဖိုရမ်၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား မြှင့်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်




တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဖြစ်စဉ်များအား ဆွေးနွေးပွဲကို ၂၀၁၆-ခုနှစ်၊ ဇူလှိုင်လ(၂၃)ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဖွင့်မိတ်ခွန်းများနှင့် နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်း၊ တောင်ကြီးမြို့ RCSS ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဦးခွန်မြင့်ထွန်းတို့က အကျယ်တ၀င့် တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းကို ဦးသိန်းဌေးမှလည်းကောင်း၊ ယနေ့ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အခြေအနေများကို ဆလိုင်းဇာကျဲအိုမှလည်းကောင်း၊ အမျိုးသမီးများ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတန်းတူ ညီမျှခွင့်ရရှိရေးအကြောင်းကို ဒေါ်သန္တာဦးမှ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အနာဂတ်မြန်မာနိုင်ငံတွင် ကျင့်သုံးရမည့် ဖက်ဒရယ်စနစ်အကြောင်းကို ဒေါက်တာဆလိုင်းလျန်မှူန်း ဆာခေါင်းမှလည်းကောင်း၊ ရှမ်းပြည်နယ်တွင် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့်ပုံစံအကြောင်းကို ညီညီမိုးနှင့် စိုင်းစိုင်းငင်းတို့က ဆွေးနွေးပေးခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်လာကြသော လူကြီးမင်းများက မိမိတို့သိလိုရာ နိုင်ငံရေးအကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအကြောင်းကို အပြန်အလှန်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
၎င်းငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အား ပြည်သူလူထုမှ သိရှိနားလည်မှု မြှင့်တင်ရန်၊ (၂) ဖက်ဒရယ်၏ အင်္ဂါရပ်နှင့် သဘောတရားကို ပြည်သူလူထုမှ သိရှိနားလည်မှု မြှင့်တင်ရန်၊ (၃) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှုကို မြှင့်တင်ရန်၊ (၄) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု ပါဝင်မှုကို မြှင့်တင်ရန် ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.