Tuesday, July 26, 2016

SIYBသင်တန်းဆရာများအား အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်






၂၀၁၆-ခုနှစ်၊ ဇူလိုင်လ(၂၆)ရက် တောင်ကြီးမြို့ Royal Taunggyi  Hotel ခန်းမအတွင်း နံနက်၁၀နာအချိန်တွင် Start and Improve Your Business Programme (SIYB) အဖွဲ့က ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း /မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ သင်တန်းဆရာ/ဆရာမများအား အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဇေယျမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို SIYB သင်တန်းကို လာရောက်ပို့ချပေးသော သင်တန်းဆရာ/ဆရာမများအား များစွာဂုဏ်ယူမိပါကြောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ၎င်းတို့အဖွဲ့ လှုပ်ရှားတဲ့အခါမှာ ရလာသည့်ရလာဘ်ကို ကြည့်ပြီး အတူပေါင်းစပ်၍ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စွန့်ဦးတီထွင်အသေးစားစီးပွားရေးလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေရန် မိမိတို့အနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသည် သင်တန်းအကျိုးရလာဘ်ကို သိရှိပြီး အောင်မြင်မှုများ ရရှိလာမည်ဖြစ်၍ များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ILO မှ International Training Officer – Jess Macasil က နှုတ်ခွန်းဆက်အမှာစကားနှင့် SIYB အစီအစဉ်အကြောင်းကို ရှင်းလင်းတင်ပြရာမှာ သင်တန်းဆင်းဆရာ/ဆရာမများကို ဂုဏ်ယူပါကြောင်း ယခုလို အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခြင်းသည် ပထမခြေလှမ်းသာဖြစ်ပါကြောင်း မိမိတို့အနေဖြင့် နီးစပ်ရာဒေသများအား တဆင့်သင်တန်းကို ပြန်ပေးကြရန်လိုအပ်ပါကြောင်း သင်တန်းဆင်းလက်မှတ်ရရှိရုံနှင့် မပြီးဆုံးသေးဘဲ လက်တွေ့အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ကြောင်း အောင်မြင်မှုများသည် မိမိတို့အပေါ်မှာသာမူတည်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် SIYB  လက်မှတ်ရ ဆရာများနှင့် SIYB Master Trainer များမှနေ၍ အစီအစဉ်ဆိုင်ရာအကြောင်းများနှင့် အတွေ့အကြုံများအား ၀ိုင်းဖွဲ့ဆွေးနွေးပြီး သင်တန်းဆင်းဆရာများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ကာ လက်မှတ်ရ သင်တန်းဆရာတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းနှင့် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပြီးနောက် အခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါရမီကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းဆင်းဆရာများ တက်ရောက်ခဲ့ကြကြောင်းနှင့် SIYB သင်တန်းကို မြန်မာနိုင်ငံတွင် သင်တန်းဆရာ/ဆရာမ ၁၈၀ ကျော်အား အသိအမှတ်ပြု လက်မှတ်ကို ပေးအပ်ပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။


ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.