သက်ရှိသတ္တ၀ါအများနေထိုင်ကြသောဤလောကသည် အမြဲတိုက်၍နေရသောလောကဖြစ်၏။ ဆင်၊ ကျား၊ ခွေးအစရှိသော တိရစ္ဆာန်တို့သည်လည်း စားကျက်မြေများအတွက်၊ အသက်ရှင်သန်ဖို့ရန်အတွက် အချင်းချင်းကိုက်ကြ၊ တိုက်ခိုက်နေကြသည်။ အတိုက်အခံရှိခြင်းဖြင့် အသက်ရှင်ကြရ၏။ သစ်ပင်တောတောင်ရေမြေများသည်လည်း ရာသီဥတုနှင့် အံတုကာတိုက်ကြ၏။ လူသတ္တ၀ါတို့သည်လည်း ထိုနည်းအတူပင် အသက်ရှင်ရုန်းကန်နေကြရသည်ပင် မဟုတ်ပါလား။
လူတို့သည် တိုက်ရင်းခိုက်ရင်းဖြင့် သွားလာလှုပ်ရှားနေကြရသည်။ လူသားတို့တိုက်ခိုက်နေကြသည်ကို စစ်၊ စစ်ပွဲများတွင်သာ အများအားဖြင့်တွေ့မြင်ရပြီး အခြားအရာများဖြင့် တိုက်နေကြသည်ကို သေချာစွာမမြင်ရချေ။ နေ့စဉ် ဈေးများတွင် ရောင်းသူများလည်း ရောင်းသူများအချင်းချင်း ၀ယ်သူများလည်း ၀ယ်သူအချင်းချင်း တိုက်ခိုက်၍နေကြသည်။ လယ်ယာစိုက်ပျိုးတောင်သူတို့သည် ရာသီဥတု၊ မြေကြီးအစရှိသည်များကို ပင်ပန်းစွာတူးဆွ၍ တိုက်ကြရလေသည်။ ကုန်သည်ပွဲစားတို့သည်လည်း ပွဲစားအချင်းချင်း သူ့ထက်ငါဦးအောင် အကြံများ၊ ဥာဏ်များဖြင့် စစ်ထိုးနေကြသည်။ သူ့မိသားစုကိုယ့်မိသားစု၊ သူ့အသိုင်းအ၀န်းကိုယ့်အသိုင်းအ၀န်း ကြီးပွားတိုးတက်ဖို့ရန် အချင်းချင်းယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။ နိုင်ငံရေးသမားများလည်းထိုနည်းတူပင် တိုင်းပြည်တိုးတက်ရန်နှင့် နိုင်ငံဖွံ့ဖြိုးရန်အတွက် တိုက်ကြသည်။ တိုက်ကြသည်ဆိုသော်လည်း တိရိစ္ဆာန်များကဲ့သို့ ပူး၍တိုက်ကြသည်မဟုတ် အများအားဖြင့်ခွာ၍ တိုက်ကြသည်၊ နည်းပညာဖြင့်တိုက်ကြသည်။ ဤသို့ဖြင့် လူ့လောကကြီးသည် တိုက်ခိုက်ခြင်းဖြင့် ကြီးပွားတိုးတက် ရလေသည်။ သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုး၊ မည်သည့်သတ္တ၀ါမှ သက်သက်သာသာနှင့် မကြီးပွားနိုင်ချေ။ သူတော်စင်ရဟန်းသံဃာများပင်လျှင် ငြိမ်စွာမနေနိုင်ကြပါပေ။ ၎င်းတို့မှာ တရားဘာဝနာ ပါရမီပွားများနိုင်ရန် သာမာန် လူများထက် ပို၍တရားကျင့်ကြံခြင်း၊ အားထုတ်ခြင်းဖြင့် အမြဲမပြတ် အပြင်းအထန်တိုက်ခိုက်၍နေကြရလေသည်။ သို့ဖြစ်ရာ ကမ္ဘာပေါ်၌ အချင်းချင်းတိုက်ခိုက်နေခြင်းများ၊ စစ်မဖြစ်ပွားနေခြင်းများ စသည့်အရေးများမရှိရလေအောင် ကြံဆောင်ကြိုးစား၍နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း တိုးတက်ကြီးပွားခြင်း၏ သဘောတရားကိုဆန့်ကျင်စွာ ကြံစည်ရလေရာ မဖြစ်နိုင်သောအရာကို ကြံစည်ခြင်းဖြစ်လေသည်။
မြန်မာနိုင်ငံရှိလူမျိုးများသည် ကံဖေးမလျှင်၊ ကံဇာတာကောင်းလျှင် သက်သက်သာသာဖြင့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စွန့်စားခြင်းမပြုရပဲ ကြီးပွားနိုင်သည်ဟု အယူရှိကြလေရာ မည်သည့်အချိန်တွင် မည်သည့်အရာက ကံကောင်းမည်ကို စောင့်မျှော်တတ်ကြလေသည်။ ထို့ပြင် မြန်မာနိုင်ငံရှိလူမျိုးများသည် အိပ်မက်ကိုလည်း လွန်စွာယုံကြည်ကြ၏။ ရေကန်ထဲရှိရေများပြည့်လျှံနေသည်ကိုမက်လျှင် ငွေအစုလိုက်အပုံလိုက်ရကိန်းရှိမည်။ ကျွဲကို မက်ပါက မိမိတွင် ရန်သူရှိသည်။ မီးလုံးမီးရှူး(မေလူးဖဲုင်)ကို မက်ပါက အသုဘရှိမည်။ ခေါင်းပေါ်ရှိသန်းကို မြင်မက်က သူများက မိမိအကြောင်းကို အတင်းတုတ်သည်။ တောင်ထိပ်သို့တက်နိုင်သည်ကိုမက်က ကြီးပွားတိုးတက်မည်။ သန်းခေါင်ကျော် မိုးသောက်ယံအချိန်များတွင် အိပ်မက်ကပိုမှန်သည် စသည်ဖြင့် ယုံမှတ်ကြလေသည်။ အိပ်မက် များတွင် မြင်မက်သည့်အတိုင်း စူးစမ်းဆင်ခြင်ခြင်းမရှိပဲ အလုပ်ကိုရမ်းသန်းကာ လုပ်မိသဖြင့် ဘ၀ပျက်စီးသွားသည် များကို မြင်ဖူးလေသည်။
အမှန်စင်စစ်မှာ ဤလောကတွင် တကယ်ကြီးပွားလိုက အကြံဥာဏ်ထုတ်ကာ တကယ်အပင်ပန်းခံ၍ တိုက်ခိုက်ရ၏။ နိမိတ်များ အိပ်မက်များကို ယုံကြည်လွန်းကာ စိတ်ချပြီးဒူးနှန့်၍ မနေအပ်ပေ။ အိပ်မက်ဆိုသည့် အမျိုးသည် မိမိကိုယ်ကို သူဌေးဟုမှတ်ထင်၍နေသူမှာ စည်းစိမ်ဥစ္စာပေါများစွာဖြင့်နေထိုင်ရသည့်အတိုင်း မြင်မက် တတ်သည်။ ကားလိုချင်သူအဖို့ ကားမောင်းနေသည်ကို မက်မည်ပင်။ စိတ်ကယောင်ချောက်ချားဖြစ် နေစဉ်လည်း မက်တတ်သည်။ ထို့ကြောင့်အိပ်မက်ဆိုသည်မှာ နိုးကြားသော စိတ်ဆန္ဒကို အိပ်ရာထက်တွင်ပြည့်စေသည့် အရာမျိုး ဖြစ်လေသည်။
သို့ဖြစ်လေရာ လောက၌ ကြီးပွားလိုသူသည် အတိတ်နိမိတ်များ အိပ်မက်များကို ယုံကြည်ကာ အေးအေးလူလူ မနေပဲ ပင်ပန်းစွာရှာကြံမှ ကြီးပွားနိုင်မည်၊ ရှာကြံတိုက်ခိုက်ပါမှ စိတ်ချရမည်။ “တကယ်ကြိုးစားလျှင် တကယ်အကျိုးရှိ၏” ဟူသော အကြောင်းကို ယုံကြည်ရမည်။ မတော်တဆအိပ်မက်နှင့် တိုက်ဆိုင်ကာ အကျိုးပေးသူ များလည်း ရှိကြပေလိမ့်မည်။ သို့သော်လည်း မတိုက်ဆိုင်သူက ပိုများကြလေသည်။ ရှေးဟောင်းကျမ်းများတွင်လည်း ထိုအယူများကိုထောက်ခံကြပေလိမ့်မည်။ သို့သော်လည်း အခုခေတ်အခါတွင် ထိုရှေးကျမ်းများကို ပညာဥာဏ် တိုးတက်သော လူမျိုးတို့သည် လွန်စွာကိုးကားယုံကြည်ခြင်းမရှိကြ၊ အသိဥာဏ်ဆင်ခြင်တုံတရားများဖြင့် ယှဉ်ပြိုင်ခြင်း များ၊ တိုက်ခိုက်ခြင်း စသည်တို့ကိုသာ အများအားဖြင့် အသုံးပြုကြသည်။
အနောက်တိုင်းသားတို့ ကမ္ဘာကိုအုပ်စိုးရသည်မှာ ပင်ပန်းစွာ စွန့်စားလှည့်လည်ကြသောကြောင့်ဖြစ်၏။ လှည့်လည်သည်ဆိုရာလည်း ဈေးဝယ်ထွက်ခြင်း၊ အပျော်သွားခြင်းမဟုတ်။ အသက်စွန့်သည့်အခါစွန့်ကြရ၏။ “သေမြေကြီး ရှင်ရွှေထီး” ဆိုသောစကားကို အထူးအသုံးပြုကြသည်။ မြန်မာတွင်မူ ထိုစကားပုံရှိသော်လည်း လက်တွေ့ စွန့်စားသူရှားပါးလှသည်။ မြန်မာလူမျိုးများသည် အတိတ်နိမိတ်ကတစ်ဖုံ ကံကြမ္မာက တစ်လှည့် စသည်တို့ဖြင့် မွေ့လျော်ကျင်လည်လာကြရကား တစ်ခုခုနှင့် ထိပ်တိုက်တွေ့ရာ သို့တည်းမဟုတ် အတိုက်အခံပြုရာ မိမိတို့သည် တစ်စုံတစ်ရာကြောင့် အကြောင်းမလှခဲ့ပါက မိမိ၏ကံညံ့၍သာဖြစ်သည်။ မည်သူမှတားဆီးမရဟု တွေးဆကာမိမိတို့၏ စိတ်ကိုပြေပျောက်အောင် ဖြေလေ့ရှိကြသည်။ ထိုထက်ကြီးသော အမှားမျိုးရှိနိုင်မည်မထင်ပေ။
လူသားတို့သည် အထက်ကဖော်ပြခဲ့သည့်အတိုင်းပင် မည်သည့်အရာကိစ္စတွင်မဆို အတိုက်အခံများ၊ အတားအဆီးများရှိကြစမြဲပင်။ အမည်နာမ ဂုဏ်သတင်းများထင်ရှားလေ အတိုက်အခိုက်များလေဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးအမြင်ခြင်း အတွေးအခေါ်ခြင်း မတူညီကြရာ မိမိ၏လုပ်ကိုင်ဆောင်ရွက်မှုများသည် အများအကျိုး၊ ပြည်သူ့အကျိုးကို ရှေ့ရှုကာဆောင်ရွက်နေပါသော်လည်း အတိုက်အခံများအနေဖြင့် မလိုလားမှုများ၊ အမြင်စောင်းမှုများနှင့် မုချကြုံရနိုင်သည်။ ထိုအရာများကို အမုမထားပါပဲ ပြန်တိုက်ခိုက်ကျော်လွှားနိုင်ပါမှ မိမိလိုချင်သော ရောက်ချင်သော ပန်းတိုင်အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်။
သို့ဖြစ်၍ ဤဘ၀၌ အတိုက်သန်သောသူသည် ပို၍တန်ခိုးသြဇာကြီးသည်။ ဓါတ်ကြီးလေးပါးထဲတွင် မီးသည်တန်ခိုးအကြီးဆုံးသော ဓါတ်ဖြစ်လေရာ ပွတ်တိုက်မှ ထွက်ပေါ်လာလေသည်။ လူသားတို့သည်လည်း မီးနှင့် တစ်ပြိုင်တည်းပေါ်၏။ မတိုက်သောလူမျိုး၊ အတိတ်နိမိတ် အောက်တွင်သာ မျောပါသောလူမျိုးသည် ထိုကမ္ဘာပေါ်တွင် အောက်ကျနောက်ကျ နေရမည်ကား အမှန်ပင်ဖြစ်ပါကြောင်း…………….
ခွန်ရှိုင်းကို
Like On Facebook
Follow On Twitter
Subscribe On RSS