Wednesday, July 27, 2016

မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်






တောင်ကြီးမြို့နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီက ဦးဆောင်ပြီး၂၀၁၆ ခုနှစ်၊ ဇူလှိုင်လ (၂၇) ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထီဖောင်းဘုန်းတော်ကြီး ကျောင်းတွင် ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးများ ကင်းစင်ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ရှေးဦးစွာ ရတနုာသုံးပါကို ဦးထိပ်ထား၍ ထီဖောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ သြ၀ါဒနှင့် ငါးပါးသီလခံယူကာ အခမ်းအနားများကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု ဥက္ကဌ ဦးထွဉ်ဖါလေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းမှ ဗဟိုဌာနချုပ်ရုံးရှိ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာတွင် ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များ လက်ရှိပအိုဝ်းဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများ နည်းပညာ၊ ဗဟုသုတများသိရှိနိုင်အောင် စီးပွားရေးနှင့်ပတ်သက်သော နည်းပညာများကို သင်တန်းပို့ချရန် အစီအစဉ်ရှိကြောင်း၊ ပအိုဝ်းဒေသအတွင်းရှိ မျိုးဆက်သစ်လူငယ်များအလုပ်အကိုင်ရရှိနိုင်ရန်အတွက် အခြားနိုင်ငံများနှင့်ပူးပေါင်းပြီး အလုပ်အကိုင် ရရှိနိုင်အောင်ဆောင်ရွက်ပေးနေကြောင်း၊ မီဒီယာများနှင့် ပတ်သက်သောအကြောင်းအရာများကို ပြည်သူများ သိရှိနားလည်နိုင်ရန်နှင့် မီဒီယာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်ရန် သင်တန်းပို့ချပေးနေကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင်းရေးနှင့်ပညာပေးရေးဌာန ဌာနမှူး ခွန်ဆောင်းရွှေမှ ပြောကြားရာမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကျေးရွာ၊ အုပ်စု၊ မြို့နယ်၊ ဗဟိုစသည့်အဆင့်ဆင့်တွင် မူးယစ်ဆေးဝါးအကြောင်းအရာများကို ပြည်သူများသိရှိနိုင်အောင် လက်ရှိဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသောသူများ၊ မူးယစ်ဆေးဝါးကို အရောင်းအ၀ယ်ပြုလုပ်နေသောသူများသည် ကော်မတီအဖွဲ့များနှင့် တွေ့ဆုံခေါ်ယူပြီး သွန်သင်ဆုံးမရန်၊ ကျေးရွာအချင်းချင်း သွန်သင်ဆုံးမရန်၊ တစ်ဦးတစ်ယောက်ချင်း သွန်သင်ဆုံးမရန်မဖြစ်စေဘဲ ကျေးရွာလူကြီး၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဟန်းသံဃာတော်များ သွန်သင်ဆုံးမရန်၊ ကျေးရွာချင်းစည်းလုံးညီညွှတ်မှသာလျှင် ကျေးရွာကောင်းကျိုးများကို ခံစားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းကြောင့် ဘ၀ပျက်စီးသူများနှင့် ဒုက္ခခံစားနေရသူများအကြောင်းကိုပြောကြားခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာန တွဲဖက်ဌာနမှူး ခွန်ရဲအောင်မှ သဘာဝပတ်ဝန်းကျင် အကြောင်းပြောကြားခဲ့သည်မှာ သဘာဝပတ်ဝန်းကျင်ပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှု၊ လေထုညစ်ညမ်းမှု၊ ရေရှားပါးမှု စသည်များကို ခံစားရပြီး လူသားများ ကျန်းမာရေးကိုလဲထိခိုက်လာနိုင်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အခန်းကဏ္ဍများကိုလည်းရှင်းလင်းတင်ပြခဲ့ပြီး “ယခုလိုလာရောက်ဟောပြောပေးခြင်းသည် ပြည်သူများအတွက်များစွာအထောက်အကူပြုကြောင်း၊ ပြည်သူများအသိပညာတိုးပွားလာပြီး ကောင်းကျိုး၊ ဆိုးကျိုးများခွဲခြားသိမြင်လာသည်ကို မြင်တွေ့နေရကြောင်း” ဒေသခံ ဦးခွန်ဌေးအောင်ကပြောကြားကြာင်းသတင်းရရှိပါသည်။

နန်းရက်ခမ်းထီ




Powered by Blogger.