Tuesday, July 26, 2016

ဦးဆောင်သူထက်ပိုသော ခေါင်းဆောင်ကောင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်




လောကတွင် ခေါင်းဆောင်နှင့်နောက်လိုက်၊ ဆရာနှင့်တပည့်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သည့်နိုင်ငံတွင်မဆို ရှိစမြဲပင်ဖြစ်သည်။ ခေါင်းဆောင်မရှိသော နောက်လိုက်သည် ဦးတည်ရာ ပန်းတိုင် မရှိနိုင်သကဲ့သို့ နောက်လိုက်မရှိလျှင် ခေါင်းဆောင်သည် ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိမည် မထင်ပေ။ ထို့ကြောင့် ခေါင်းဆောင်နှင့်နောက်လိုက်၊ ဆရာနှင့်တပည့်သည် ကင်းကွာ၍ မရပါ။ ခေါင်းဆောင်နှင့် နောက်လိုက် ညီညွတ်မှုရှိမှသာလျှင် မိမိတို့ရောက်ချင်သော ပန်းတိုင်၊ မိမိတို့ လိုချင်သောအရွေ့တစ်ခုကို ပိုင်ဆိုင်နိုင်မည် မဟုတ်လော။
ကမ္ဘာပေါ်တွင် နေထိုင်ကြသော နိုင်ငံတိုင်းတွင် မည့်သည် လူမျိုးများမဆို သူ့အဖွဲ့အစည်း၊ သူ့လူမျိုး၏ အနာဂါတ်အရေးကို ဦးဆောင်နိုင်ရန် ခေါင်းဆောင် ကိုယ်စီရှိကြပါသည်။ မိမိတို့ ပအိုဝ်းတွင်လည်း မိဘပြည်သူများက အသိအမှတ်ပြုထားသော ခေါင်းဆောင်ရှိပါသည်။ ခေါင်းဆောင်ဟု ဆိုရာတွင် မိသားစုကအစ အသင်းအဖွဲ့ခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် စသဖြင့် အမျိုးမျိုးရှိကြသည်ကို မြင်တွေ့နိုင်ပါသည်။ သို့ရာတွင် ဦးဆောင်နိုင်သူတိုင်း ခေါင်းဆောင်မဟုတ် ဟူသောအချက်ကို ကွဲခြားသိရှိလိုပါသည်။ ဥပမာအားဖြင့် “ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက၊ နောက် နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏” ဟူသော ဆိုရိုးစကားမှာ ခေါင်းဆောင်သည် ရှေ့ကနွားလားမဟုတ်။ နွားကျောင်းသားသည်ကသာ ခေါင်းဆောင်ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နွားအုပ်ကို ဦးဆောင်သော နွားလားသည် မြက်နုရာသို့ သွားချင်သွားနေမည်၊ ရေရှိရာနေရာသို့ သွားချင်သွားနေမည် သို့သော်လည်း နောက်ကနွားများ လိုက်ပါကြကုန်၏။
သို့သော် နောက်နွားတစ်သိုက် အန္တာရယ်ကင်းကင်းနှင့် အချိန်မှန်မှန် အိမ်ပြန်ရောက်နိုင်မည်မှာ မသေချာလှပေ။ နွားကျောင်းသားကမူ နွားများကို ရေကြည်ရာမြက်နုရာသို့ ခေါ်ဆောင်သွားချင်မှ ခေါ်လိမ့်မည်။ သို့သော် မည်သည့်အချိန်တွင် အိမ်ပြန်ရမည်။ မည်သည့်လမ်းကို သွားလျှင် အန္တာရယ်ကင်းမည် သူသိ၏။ ထို့ကြောင့် နွားများကို အန္တာရာယ်ကင်းကင်း၊ အချိန်မှန်မှန်အိမ်ကို ပြန်ပို့ပေးနိုင်သည်မှာ ခေါင်းဆောင်၏ အရည်အချင်းပင် မဟုတ်လော။ အလွယ်တကူပြောရလျှင် ခေါင်းဆောင်သည် မဟာဗျူဟာကိုင်ပြီး ဦးဆောင်သူက နည်းဗျူဟာကိုင်တွယ်သူများ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ခေါင်းဆောင်သည် ဦးဆောင်သူတို့ အတွက် မှန်ကန်သော လမ်းကြောင်း/ မူဝါဒကို ရွေးချယ်ပေးသူဟု ဆိုလျှင် မမှားပေ။
ဤသို့ဆိုလျှင် ယခုလက်ရှိ မိမိတို့အသိအမှတ်ပြုထားသော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီသည် ဦးဆောင်သူလော၊ ခေါင်းဆောင်လောဟု စောဒကတက် မေးမြန်းချင် သူများရှိလာပါသည်။ ယင်းမေးခွန်းကို ဖြေစရာမလိုဘဲ ဖြားတန်ဦးအောင်ခမ်းထီ၏ အတ္ထုပ္ပတ္တိကို ပြန်လည်ကြည့်ရှုဖြင့် သိရှိနိုင်မည်ဟု ထင်ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်သော ဦးအောင်ခမ်းထီသည် ၁၉၉၁ခုနှစ်၊ ဧပြီလ(၁၁)ရက်တွင် နိုင်ငံတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပါသည်။ ထိုစဉ်အခါက အခြားလက်နက် ကိုင်အဖွဲ့အစည်းများပြောသော တော်လှန်ရေးသစ္စာဖောက်ကို ရဲဝံ့စွာခံယူပြီး အဘယ်ကြောင့် နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သနည်း။ ထိုအချက်ကို စိတ်ဝင်စားသူများက အဘဦးအောင်ခမ်းထီ၏ ပအိုဝ်းလူမျိုး အနာဂတ်အရေးနှင့်ဆိုင်သော အမြော်အမြင်ကို သိရှိခန့်မှန်း နိုင်သော်လည်း စိတ်မ၀င်စားသူများက အစိုးရကို ကြောက်လို့သာ ငြိမ်းချမ်းရေးယူခဲ့သည်ဟု လွယ်လွယ်ထင် နေသူများလည်း ရှိနေဦးမည် ဖြစ်သည်။ ထိုအချိန်အခါတွင် တော်လှန်ရေး    ခေါင်းဆောင် တစ်ဦး၏ ဂုဏ်သိက္ခာ တစ်ခုတည်းကိုသာ ကြည့်လျှင် ဖြားတန်ဦးအောင်ခမ်းထီ ငြိမ်းချမ်းရေးယူခဲ့မည် မဟုတ်။ သို့သော် ခေါင်းဆောင်တစ်ဦး၏ ဂုဏ်သိက္ခာကို ဥပေက္ခာပြုပြီး ပအိုဝ်းလူမျိုး၏ အနာဂတ်အကျိုးကိုသာ မြော်မြင်ကာ ငြိမ်းချမ်းရေး ရယူခဲ့ခြင်းသာ ဖြစ်သည်။
အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူတတ်လျှင် အရင်းအနှီးပေးဆပ်မှုမလိုဘဲ  လက်ရှိပစ္စုပ္ပန်အတွက် အမှန်တရားကို ရရှိနိုင်သည် မဟုတ်လော။ ထို့ကြောင့် လွတ်လပ်ရေးရယူခဲ့သော ပင်လုံညီလာခံတွင် မိမိတို့ပအိုဝ်းလူမျိုးအရေးကို တောင်းဆိုရန် တိကျသောကိုယ်စားလှယ် မပါဝင်ခဲ့သောကြောင့် ပအိုဝ်းလူမျိုး အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ကို သင်ခန်းစာယူ၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းလူမျိုးများ အခွင့်အရေးကို ထည့်သွင်းဆွေးနွေးနိုင်ရန်အတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်ဦးအောင်ခမ်းထီက ငြိမ်းချမ်းရေးကို ယူခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဤသို့ ငြိမ်းချမ်းရေးရယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းလူမျိုးနှင့် အခြားလူနည်းစုတိုင်းရင်းသားများအခွင့်အရေးကို ထည့်သွင်းရေးဆွဲနိုင်ခဲ့ခြင်းကြောင့် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ” ဟူသော အကျိုးရလဒ်ကို မိမိတို့ပအိုဝ်းလူထုအတွက် ယူဆောင်လာနိုင်ခဲ့သည် မဟုတ်လော။
နိုင်ငံတော် တော်တော်များများတွင် စနစ်မည်သို့ပင် ပြောင်းလဲစေကာမူ မပြောင်းလဲနိုင်သော အရာတစ်ခုမှာ နိုင်ငံတော်ကာကွယ်ရေးဟူသော တပ်မတော်သာဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် လက်တွဲလျှင် မိမိတို့ပအိုဝ်းလူမျိုး ရသင့်ရထိုက်သော အခွင့်အရေးကို အကုန်မရနိုင်တောင်ပင် မိဘပြည်သူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်မည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေမှုရှိမည်။ မိမိတို့အနေနှင့် မဟာမိတ်ရရှိသည့်အပြင် အခြားအဖွဲ့အစည်းများ၏ဘေးရန်ကိုပါ ကာကွယ်နိုင်မည် စသဖြင့် ထိုအချိန်အခါက ကျွန်တော်တို့ မတွေးခဲ့ဖူးသောအရာများကို ဖြားတန်ဦးအောင်ခမ်းထီက ကြိုသိနေပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် လက်တွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်ထိုအခါတွင် ဖြားတန်ဦးအောင်ခမ်းထီက အညံ့မခံဘဲ တော်လှန်းရေး ခေါင်းဆောင်တစ်ဦး၏ ဂုဏ်သိက္ခာကိုကြည့်ပြီး ငြိမ်းချမ်းရေးသာ မယူခဲ့လျှင် မိမိတို့ ပအိုဝ်းမိဘပြည်သူများ ယခုလက်ရှိတွင် ဘာဖြစ်မည်ဆိုသည်ကို သိရှိနိုင်မည်မဟုတ်။ သေချာသောတစ်ခုမှာ ယခုလက်ရှိ အခြေအနေကဲ့သို့ ပညာတတ်ဘွဲ့ရများပြီး တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝေဖန်၊ ပုတ်ခတ်နိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ ပညာလွန်၍ တခါတရံတွင် မိမိတို့၏ ခေါင်းဆောင်ကိုပါ ပြန်လည် ဝေဖန်၊ ပုတ်ခတ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်နေရပါသည်။ ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုမသိသူမှာ ပအိုဝ်းလူထုသည် အစိုးရ၏ နွားသာဖြစ်သည်ဟု ပြောချင်ပြောနေလိမ့်မည်။  ထိုပုတ်ခတ်ပြောဆိုသူများအတွက် “ဖြားတန်ဦးအောင်ခမ်းထီက ငြိမ်းချမ်းရေးသာ မယူခဲ့လျှင်” ဟူသော စကားကိုသာ နဖူးပေါ်လက်တင်ပြီး စဉ်းစားစေချင်ပါတော့သည်။
ယနေ့ခေတ်သစ်တွင် ပညာမှတစ်ပါး အခြားမည့်သည့်အရာကိုမျှ အားကိုး၍ မရတော့ပေ။ ထို့ကြောင့် ငြိမ်းချမ်းရေးရယူပြီး ဖြားတန်ဦးအောင်ခမ်းထီက ချမှတ်ခဲ့သောမူမှာ (၁) ပညာရေး (၂)ပညာရေး ပညာရေးသာဖြစ်သည်။ အဖွဲ့အစည်းအကျိုးအမြတ်ရရှိရန်တွက် မည်သည့်အရာကိုမျှ မချမှတ်ခဲ့။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် ပညာခေတ်ရောက်လာမည်ကို ဖြားတန်ဦးအောင်ခမ်းထီက ကောင်းကောင်းကြိုသိနေ၏။ ထို့ကြောင့် ငြိမ်းချမ်းရေးစယူသည့်အချိန်မှစ၍ ဖြားတန်ဦးအောင်ခမ်းထီက ပညာရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။  တစ်ချို့နေရာဒေသ၌ “ဆရာ/မများ မလုံလောက်ဘူး၊ ကျောင်းကောင်းကောင်းမရှိသေးဘူး”ဟု ပြောချင်မည့်သူ ရှိနေလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အမျှ ပညာရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည့်စုံမှုမရှိ သေးသည်ကို ပြေးပြီးမြင်စေချင်ပါသည်။ သို့သော်လည်း ပအိုဝ်းဒေသသည် အခြားဒေသများနှင့်နှိုင်းယှဉ်ပါက သိသိသာသာ ဖွံ့ဖြိုးတိုးတက်နေသည်ကို ငြင်းလို့မရပေ။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဖြားတန် ဦးအောင်ခမ်းထီသည် မိမိတို့ပအိုဝ်းလူမျိုးများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ တွန်းပို့ပေး နိုင်ခဲ့သည်မှာ အထင်အရှားသိရှိနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမှု ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ခေါင်းဆောင်များရှိသည့်အနက် မိမိတို့ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီသည်လည်း အမြော်အမြင်ရှိသော ခေါင်းဆောင် တစ်ဦးပင် ဖြစ်ပါသည်။ မိမိတို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီတွင် အလှူပေးခြင်း၊ ငါးပါးသီလစောင့်တည်ခြင်း၊ ကိုနှုတ်နုညံ့သိမ့်မွေ့ခြင်း၊ အမျက်မထွက်ခြင်း၊ ရဟန်းရှင်လူပြည်သူများကို မဆန့်ကျင်ခြင်း၊ ပြည်သူလူထုကို အခွန်အကောက်များနှင့် မညှဉ်းဆဲခြင်း၊ သည်းခံခွင့်လွတ်ခြင်း၊ ဖြောင့်မတ် မှန်ကန်စွာ ကျင့်ကြံခြင်း စသည့် မင်းကျင့်တရား(၁၀)ပါးနှင့်ပြည့်စုံပြီး ပအိုဝ်းလူမျိုးများအရေးဆောင်ရွက်ရာတွင် သဘောတရားသက်သက်သာ မဟုတ်ဘဲ အောက်ခြေဘ၀ကနေ ဦးဆောင်ခဲ့သူဖြစ်၍ စာရေးသူအနေနှင့် မိမိတို့ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီသည် ဦးဆောင်သူမဟုတ် “ဦးဆောင်သူ ထက်ပိုသော ခေါင်းဆောင်ကောင်း” တစ်ဦးပင်ဖြစ်ကြောင်း တင်စားလိုက်ချင်ပါသည်။

ခွန်ထင်;လေအောင်;






Powered by Blogger.