Monday, August 15, 2016

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစု ပင်လုံ)"အပေါ် တိုင်းရင်းသားများ ဘယ်လိုမျှော်လင့်ထားကြပါသနည်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင်အစိုးရ လက်ထက်တွင် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီ(၁၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ လုပ်ဆောင် ရန် ဆုံးဖြတ်ခဲ့သော်လည်း အစိုးရအပြောင်းအလဲများကြောင့် လုပ်ငန်းစဉ်အတိုင်းဆက်လက် အကောင်အထည် မဖော်နိုင်ဘဲ အစိုးရသစ်လက်ထဲရောက်မှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ပထမ အကြိမ်ညီလာခံကို နေပြည်တော်တွင် လာမည့်သြဂုတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆-ခုနှစ် သြဂုတ်လ(၈)ရက်နေ့ တွင် နေပြည်တော် ၌ကျင်းပခဲ့သည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူငယ်များ အထူးစိတ်ဝင်းစားကြပြီး သက်ဆိုင်ရာ မိမိတို့အုပ်စုအလိုက်သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း မိမိတို့၏ အခွင့်အရေး များရရှိရန် ပြင်ဆင်ဆောင်ရွက်နေကြသည်။ တချို့အဖွဲ့အစည်းများသည် မိမိတို့ပါဝင်ခွင့်ရ/မရကို မသေချာ မရေရာဖြစ်နေသည်။ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှ အကောင်းဆုံးကြိုးစား ဆောင်ရွက်နေပါ သော်လည်း ညီလာခံကိုယ်စားလှယ်များကိုယ်စားပြုမှုမှာ အငြင်းပွားဖွယ်ရှိနေဆဲပင်ဖြစ်သည်။ သူ့ဘက် ကိုယ့်ဘက် ကြည့်လျှင် အားလုံးအမှန်ပင်ဖြစ်ပါသည်။ ဥပမာ-နိုင်ငံရေးပါတီနှင့်ပတ်သက်၍  အစိုးရက သတ်မှတ်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ်ရှိမှသာလျှင် ကိုယ်စားလှယ်ပါဝင်ခွင့်ရမည်ဆိုသည်မှာ ဖြစ်သင့်ပါသည်။ သို့မဟုတ် ညီလာခံတွင်ပါဝင်တက်ရောက်လိုသူများသည် နိုင်ငံရေးပါတီမှတ်ပုံတင်၍ ညီလာခံတွင် ပါတီတိုင်း ကိုယ်စားလှယ်များပါရှိပါက ကိုယ်စားလှယ်ဖောင်းပွမည်ဖြစ်သည်။ တဖက်မှ ကြည့်လျှင်လည်း ရွေးကောက်မခံရ သည့်တိုင်းရင်းသားပါတီများ ပါဝင်ခွင့်မရသဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားများအတွက် အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်။ သို့သော် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများ သည်လည်း သက်ဆိုင်ရာ တိုင်းရင်းသားများအား ကိုယ်စားပြုသည်ဟူ၍ သတ်မှတ်တိုင်းတာ၍မရပါ။ အကြောင်းမှာ အချို့တိုင်းရင်းသား များအတွက် နိုင်ငံရေးပါတီ တစ်ခုထက်မက များစွာရှိနေသော ကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ညီလာခံတွင်ပါဝင်ခွင့်ရသူများသည် မိမိပါတီ၊ မိမိလူမျိုး၊ မိမိဒေသ၊ မိမိအဖွဲ့အစည်း အတွက်သာ မဆွေးနွေးဘဲ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကိုယ်စားပြုဆွေးနွေးပေးနိုင်ရမည် ဖြစ်သည်။ အထူးသဖြင့် အခြေခံရမည့်အချက်များ၊ အခြေခံရမည့်မူများကို ချမှတ်သည့်အခါ  တစ်နိုင်ငံလုံးရှိ နိုင်ငံသူ နိုင်ငံသားများအတွက်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုတိုင်းအတွက်သော်လည်းကောင်း တန်းတူ ညီမျှသည့်အခွင့်အရေးများ အချက်အလက်များပါဝင်နိုင်ရန် ညီလာခံကိုယ်စားလှယ်များ ဆွေးနွေးဆောင်ရွက် ပေးရန်လိုအပ်သည်။
လက်ရှိတွင် တိုင်းပြည်ကိုဦးဆောင်ဦးရွက်နေသူများသည်  အနာဂတ်တိုင်းပြည်အတွက် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတည်ထောင်နိုင်ရန် လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်း သားလူမျိုးစုများအားလုံး တန်းတူညီမျှမှုရှိသည့်  အခြေခံမူများ ချမှတ်ပေးရန်လိုအပ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြေရှင်း၍မရသည့် နိုင်ငံရေးပြဿနာများသည် ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ဗမာနှင့်လူမျိုးကြီးများအတွက်သာ အခွင့်အရေးပေးပြီး  တိုင်းရင်းသားလူမျိုးစုငယ်များအတွက်ရသင့်ရထိုက်သည့် အခွင့်အရေးများကို ကန့်သတ် ထားသောကြောင့်ဖြစ်သည်။
ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်ပတ်သက်၍ ချမှတ်ထားသည့်အခြေခံမူများကို ကြည့်မည် ဆိုလျှင် ၁၉၄၇-ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် ကျင်းပခဲ့သော(ဖဆပလ)ပဏာမပြင်ဆင်မှုညီလာခံမှာ အဆိုပြု ချက်(၁၄)ချက်ကို ခိုင်မြဲသောအဓိဌာန်ဖြင့် အတည်ပြုခဲ့သည်။ အဓိဌာန်ပြုခဲ့သော အဆိုများကို တိုင်းပြုပြည်ပြု လွှတ်တော်တွင် ရေးဆွဲစေခဲ့ပါသည်။  နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အဆိုပါ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော်သည် -
(က) ယခုအထိ ဗြိတိသျှမြန်မာပြည်အတွင်းတွင် ပါဝင်နေသော-
(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိုင်ခမ်းတီ
(၄) သောင်ဒွတ်
(၅) ဆောမရနယ်ပယ် ဟူ၍ ခေါ်ဝေါ်သောဒေသများ
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈) ကံပက်လက်ခရိုင်ခွဲ
(၉) ရခိုင်တောင်တန်းနယ်ပယ်များ
(ခ) ကိုးခမ်းနှင့် မောင်းပိုင် တို့အပါအ၀င်ဖြစ်သော ရှမ်းပြည်ထောင်စု
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကံပက်လက်ခရိုင်ခွဲမပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံတော် ဖြစ်ရမည် ဟုပါရှိပါသည်။

ထို့အပြင် အောက်ပါဂုဏ်အင်္ဂါရပ်အားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ အထက်ပါ (ခ)(ဂ)(ဃ)နှင့်(င)တို့၌ ဖော်ပြထားသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဌာန်း၍   နောင်အခါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် “ပြည်ထောင်စုပြည်နယ်” အဆင့်အတန်း ကိုဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်”အဆင့်အတန်းကိုဖြစ်စေ၊ “လူမျိုးစုပြည်နယ်” အဆင့်အတန်းကိုဖြစ်စေ ရရှိရမည်။ ထိုဒေသများသည် မိမိတို့အား အပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍သော်လည်းကောင်း၊ ရရှိသောအာဏာနှင့်တာဝန်များကို သုံးစွဲဆောင်ရွက်ရမည် ဟု အခြေခံမူများတွင် ဖော်ပြထားပါသည်။
 ထိုလူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည်မှာ  -
(၁) ပထ၀ီ အနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း
(၂) မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း
(၃) ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း
(၄) ရာဇ၀င်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း
(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း
(၆) လူဦးရေ အတော်အတန်ရှိခြင်း
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတစ်ခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေထိုင်လိုသောဆန္ဒရှိခြင်း တို့ဖြစ်သည်။

ဤအခြေခံမူများအရ အထက်ဖော်ပြပါဂုဏ်အင်္ဂါရပ်နှင့်ပြည့်စုံသော တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကရင်တိုင်းရင်းသားများကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်အဖြစ် ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့်ချင်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားများအတွက် ၁၉၇၄-ခုနှစ် ဖွဲ့စည်း ပုံအခြေခံ ဥပဒေတွင် ပြည်နယ်များ သတ်မှတ်ပြဌာန်းပေးခဲ့ပါသည်။ ထို့အပြင် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လည်း အခြေခံမူအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကို ဖွဲ့စည်းတည်ဆောက်လာခဲ့ပါသည်။ ဤသည်များကို ကြည့်ခြင်းအားဖြင့် တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသည့် ခေတ်စနစ်များနှင့်အညီ အခြေခံဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော တိုင်းရင်းသားလူမျိုးများအတွက် ရသင့်ရထိုက်သော အမျိုးသားအခွင့်အရေးများကို နိုင်ငံတော်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုသော်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို သော်လည်း ကောင်း ရှေးရှုပြီး ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလတွင်  ပကတိအခြေအနေတွင်လည်း လူမျိုးတစ်မျိုး၏ အခြေခံဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံနေသော တိုင်းရင်းသားများလည်း ရှိနေပြီဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏  လွတ်လပ်ရေးနှင့်အတူ ယနေ့ထိတိုင် မငြိမ်းချမ်းသေးသောပြည်တွင်းအရေး နှင့် တိုင်းရင်းသားအရေးများမှသည် အနာဂတ်တိုင်းပြည်အတွက် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတည်ထောင်နိုင်ရန်နှင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် လာမည့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ပထမအကြိမ်ညီလာခံတွင် ပါဝင်ခွင့်ရမည့် ကိုယ်စားလှယ်တော်ကြီး များသည် တိုင်းပြည်၏အနာဂါတ်နှင့် နောင်လာနောက်သားများအတွက်စဉ်းစားပြီး မိမိ၏ဆန္ဒနှင့်  မိမိအဖွဲ့အစည်း၏ဆန္ဒကို ရှေ့တန်းမတင်ဘဲ သမိုင်းနောက်ခံများနှင့် လက်ရှိပကတိအခြေအနေများကို ဆင်ခြင် သုံးသပ်၍ နိုင်ငံသူနိုင်ငံသားများနှင့်တိုင်းရင်းသားအားလုံးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့်အရာနှင့် ရသင့် ရထိုက်သည့် တန်းတူအခွင့်အရေးများကိုရရှိစေရန် ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်း ဆန္ဒပြုလိုက်ပါသည်။

ခွန်ခမ်းညာ, 

Powered by Blogger.