တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအသီးသီး ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မွန်ဂိုမျိုးနွယ်မှာ ပေါက်ဖွားလာသော ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးတို့သည် ပင်းရင်းဒေသဖြစ်သော မွန်ဂိုလီးယားကုန်းပြင်မြင့်မှ မွန်-ခမာအုပ်စု၊ တိဗက်-မြန်မာအုပ်စု၊ ထိုင်း-တရုတ် အုပ်စုအဖြစ် အုပ်စုသုံးစုခွဲပြီး မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်-မြန်မာအုပ်စုတွင် ပါဝင်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ဤပြည်ထောင်စုနယ် မြေပေါ်တွင် အခြားတိုင်းရင်းသားများနှင့် အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းသားရင်း၊ ညီရင်းအစ်ကို များသဖွယ် ဖြစ်ကြပေသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲကြောင့် ဗြိတိသျှတို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်သဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားများအားလုံးသည် နယ်ချဲ့လက်အောက်သို့ သူ့ကျွန်ဘ၀ ရောက်ရှိခဲ့ရပါသည်။ နယ်ချဲ့တို့သည် တိုင်းရင်းသားများကို သွေးစည်းညီညွတ်မှု ပြိုကွဲအောင် အမျိုးမျိုး အားထုတ်ကြိုးပမ်းခဲ့ကြသည်။ နယ်ချဲ့တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် တိုင်းရင်းသားများ တစ်စုနှင့်တစ်စု အဆက်အသွယ်ပြတ်ကာ သူ့အကြောင်း ငါမသိ၊ ငါ့အကြောင်း သူမသိ ဘ၀သို့ ရောက်ခဲ့ကုန်၏။ နောက်ဆုံးတွင် ပြည်ထောင်စုကြီး ပြိုကွဲတော့မည့်အထိ ဖြစ်လာခဲ့သည်ကို အများသိရှိပြီး ဖြစ်ပါသည်။
ယနေ့ချိန်တွင် ဒီမိုကရေစီ လူ့ဘောင်သစ်တည်ထောင်လျက်ရှိရာ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေးကို ပြန်လည်ဖော်ထုတ်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ တာဝန်ပင် ဖြစ်ပေသည်။ သွေးစည်းညီညွတ်မှုရရှိရေးအတွက် အဓိကကြိုးပမ်းရမည်မှာ ရင်းနှီးမှုနှင့် ဆက်ဆံရေးပြေပြစ်မှု တို့ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဦးအကြောင်းကိုတစ်ဦး သေသေချာချာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ဤသို့နားလည်သဘောပေါက်မှသာလျှင် ဆက်ဆံရေးပြေပြစ်နိုင်မည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
စည်းလုံးညီညွတ်မှုတည်ဆောက်လိုသော် တိုင်းရင်းသားအသီးသီးတို့သည် အခြားတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းစဉ်လာများကို လေ့လာသိရှိထားရန် လိုအပ်သကဲ့သို့ အပြန်အလှန် ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားတတ်ကြရန်လည်း အလွန်ပင် လိုအပ်ပေသည်။ လူတစ်ဦးအသက်ရှင် နေထိုင်နိုင်ရန်အတွက် သွေးသားတည်ဆောက်မှုသည် အဓိက ဖြစ်သကဲ့သို့ လူမျိုးတစ်မျိုး၏ ရေရှည်တည် တံ့နိုင်မှုသည်လည်း စာပေနှင့်သမိုင်းသည် အသက်သွေးကြောသဖွယ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိကိုယ်မိမိ ချစ်မြတ်နိုးသကဲ့သို့ မိမိ၏စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးသမိုင်းကို မိမိ၏အသက်ကဲ့သို့ မြတ်နိုး တန်ဖိုးထားပြီး ရေးသားဖော်ထုတ်ထားရန်နှင့် ထိန်သိမ်းစောင့်ရှောက်သွားရန် အလွန်ပင် အရေးကြီးလှပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း အခြားတိုင်းရင်းသားများနည်းတူ မြန်မာနိုင်ငံတွင် ရှေးအကျဆုံး အခြေချနေထိုင်သည့်လူမျိုးတစ်မျိုးဖြစ်သောကြောင့် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာဖြင့် သီးသန့်ရပ်တည်သည့် လူမျိုးတစ်မျိုးဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် မြန်မာနှင့် အဆက်အသွယ် ရှိခဲ့သည်။ ပုဂံကျောက်စာမှာ တောင်သူဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ ယခင်တွင် ရှမ်းနှင့် မြန်မာတို့သည် ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုကြသည်။ တောင်သူလူမျိုးမှ ပအိုဝ်းလူမျိုးဟုပြောင်းလဲခေါ်ဝေါ်ရခြင်းမှာ ၁၉၄၈ ခုနှစ်တွင် ပအိုဝ်းခေါင်းဆောင်(၄)ဦးတို့ ဦးဆောင်ပြီး ပအိုဝ်းပြည်သူတစ်သောင်းကျော် ပါဝင်သည့်ဆန္ဒပြပွဲတစ်ခု ကျင်းပ၍ ဆုံးဖြတ် ချက်(၂)ချက် ချမှတ်နိုင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရထံ ပေးပို့တောင်းဆိုရာတွင် နိုင်ငံတော်က အချက်နံပါတ်(၁) ဖြစ်သည့် တောင်သူလူမျိုးအစား ပအိုဝ်းလူမျိုးဟုခေါ်ဆိုရန် အသိအမှတ်ပြု လက်ခံခဲ့ပါသည်။ ယခုအခါတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လူဦးရေအသင့်အတင့်ဖြင့် ပျံနှံ့စွာ အခြေချနေထိုင်သည်ကို တွေ့မြင်ရပါသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်စသည့် သုံးမြို့နယ်တွင် အနိုင်ရရှိခဲ့ပါသည်။ ထို့အတူ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈) ရက်နေ့ ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲကြီးတွင်လည်း ယခင်အနိုင်ရထားသည့်ဒေသများ၌ ထပ်မံအနိုင်ရရှိခဲ့ပါသည်။ မိမိတို့ရရှိခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သကဲ့သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ကျန်ရှိနေသေးသည့် ပအိုဝ်းလူဦးရေ အများဆုံးနေထိုင်သည့်ဒေသတွင်လည်း အခြားတိုင်းရင်းသားများနှင့်အတူ တန်းတူအခွင့်အရေး ထပ်မံရရှိအောင် ကြိုးစားရပေဦးမည် ဖြစ်ပါသည်။
ယနေ့အချိန်တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံရေးအခန်းကဏ္ဍတွင်သော်လည်းကောင်း၊ စီးပွားရေးအခန်းကဏ္ဍတွင် သော်လည်းကောင်း၊ လူမှုရေးအခန်းကဏ္ဍတွင်သော်လည်းကောင်း အသီးသီးဝင်ရောက် နေရာယူမှု ရှိနေသည်ကို အနည်းငယ် မြင်တွေ့နေရပါသည်။ အထူးသဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် လူကြီး လူငယ်မရွေး ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍတွင် သိသိသာသာ မြင့်မားလာနေသည်ကိုလည်း တွေ့ရပါသည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် လူငယ်ခေါင်းဆောင်များလည်း အသင့်အတင့် ပေါ်ထွက်လာနေပြီ ဖြစ်ပါသည်။ အမျိုးသားများသာမက အမျိုးသမီးများလည်း နိုင်ငံရေးအခန်းကဏ္ဍတွင် စိတ်ဝင်စားမှု ပိုမိုအားကောင်းလာကြပါသည်။ သို့သော် ဦးဆောင်မှု အခန်းကဏ္ဍတွင် ၀င်ရောက်နေရာယူမှု အားနည်းနေသေးပါသည်။ ယနေ့ချိန်တွင် အမျိုးသားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေးကဏ္ဍတွင် ပါဝင်ဆင်နွှဲရမည်ဖြစ်သောကြောင့် နိုင်ငံတော်၏ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နိုင်ရန် ကြိုးစားရပေဦးမည် ဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံရေးလုပ်ဆောင်ရာတွင် အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး လုပ်ဆောင်တတ်ကြပါသည်။ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည့် ဖြားတန်ဦးအောင်ခမ်းထီ၏ ဦးဆောင်မှုဖြင့်သော်လည်းကောင်း၊ လမ်းညွန်ချက်ဖြင့်သော်လည်းကောင်း၊ အကြံဥာဏ်ဖြင့်သော်လည်းကောင်း ဦးစွာ ရယူတတ်ကြသည်သာမက အလေးထားလိုက်နာ ဆောင်ရွက်ကြပါသည်။ အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ချက်နှင့် ၎င်းတို့၏ အတွေ့အကြုံ ရင့်ကျက်မှုအပေါ် မျှဝေမှုကို ခံယူပြီး ဘာသာ တရား၏ အဆုံးအမနှင့် ပေါင်းစပ်၍ မေတ္တာတရားရှေ့ထားပြီး လုပ်ဆောင်တတ်ကြသည်မှာ ပအိုဝ်းလူမျိုး၏ ပင်ကိုယ်ဗီဇတစ်ခုပင် ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများအပေါ် ရှေးဦးစွာ ရန်လိုမှု၊ နိုင်ထက်စီးနှင်းမှု ပြုလုပ်ရန်မှာ အလွန်ပင် ၀န်လေးလှပါသည်။ ပအိုဝ်းတို့၏ မူလပိုင်ဆိုင်သည့်စွမ်းရည်သည် သည်းခံနိုင်မှုစွမ်းရည်မှာ အမြင့်မားဆုံးစွမ်းရည်ဖြစ်သည်ဟု ဆိုရလျှင် မှားမည် မဟုတ်ပေ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း အတူတကွ နေထိုင်သည့်အခြားတိုင်းရင်းသားများ အားလုံးအပေါ် သွေးရင်းညီအစ်ကိုရင်းများသဖွယ် ပေါင်းသင်းဆက်ဆံသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွင်လည်း အတူတကွ ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်း နေထိုင်သော ပအိုဝ်းတိုင်းရင်းသားများမက တိုင်းတပါးရောက် ပအိုဝ်းတိုင်းရင်းသားများအားလုံး၊ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ အောင်မြင်နေသည့် ပအိုဝ်းတိုင်းရင်းသားအားလုံးတို့ တစ်သွေးတည်းဖြစ်သောကြောင့် အတူတကွ ပူးပေါင်း ပါဝင်ပြီး မိမိတို့၏ မျိုးချစ်စိတ်ကို အခြေခံကာ မိမိတို့လူမျိုး၊ ဒေသ၊ နိုင်ငံတော်အဆင့်အထိ တိုးတက် ဖွံ့ဖြိုးရေးကို အထောက်အကူပြုပေးနိုင်ရန်အတွက် စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ပြီး “အတိတ်ကို အကြောင်းခံ၊ ပစ္စုန်ကို ဦးပြု၊ အနာဂတ်ကို ရှေ့ရှု” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိ တွေ့ကြုံခဲ့သည့်အရာများကို သင်ခန်းစာယူပြီး လက်ရှိအချိန်ကို အကောင်းဆုံးအသုံးချ၊ အနာဂတ်သာယာ လှပဖို့ လက်ချင်းချိတ်ပြီး နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးအတွက် အေးအတူ ပူအမျှ ၀ိုင်းဝန်းကြိုးစားဆောင်ရွက် ကြပါစို့လို့ တိုက်တွန်းရင်း တင်ပြလိုက်ရပါသည်။
ကိုးကား- တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံစံများ
နန်းအွဉ်ရက်ခွို,
ခမ်းစန္တား
Like On Facebook
Follow On Twitter
Subscribe On RSS