Tuesday, August 16, 2016

ဖျောက်ရအခက်ဆုံး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်


လူတိုင်းတွင် အကျင့်ကိုယ်စီရှိကြပြီး ထိုအကျင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပါ။ ထိုမတူညီကြသည့်အကျင့်များထဲတွင် ကောင်းသောအကျင့်များပါသည့်နည်းတူ မကောင်းသောအကျင့်များ လည်းပါတတ်ကြသည်။ ကောင်းသောအကျင့်များကို ဆောက်တည်ရန် ခက်ခဲသလောက် မကောင်းသော အကျင့်များကို ဖျောက်ပစ်ရန်လည်း အလွန်ခက်ခဲတတ်ပြန်သည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် "ပုထုဇဉ်လူသားတို့၏သဘာဝသည် မကောင်းမှုတွင် မွေ့လျော်တတ်ကြသည်"ဟု ဆိုသည်။ အကယ်၍ မကောင်းသောအကျင့်ကို ဖျောက်ပစ်ရန် အမှန်တကယ် ခက်ခဲနေပါက ''ပုထုဇဉ်လူသားတို့၏သဘာဝသည် မကောင်းမှုတွင် မွေ့လျော်တတ်ကြသည်''ဟူသော စကားမှာ သွေးထွက် အောင်မှန်နေတော့မည်။ ထိုစကားမှန်/မမှန် မိမိကိုယ်ကိုသာ ပြန်သုံးသပ်ပြီး ဆုံးဖြတ်ကြလျှင် ပို၍ လက်တွေ့ကျမည်မဟုတ်ပါလား။
မိမိ၏ဆန္ဒမှာ မိမိလက်တွေ့ကြုံဖူးသော အတွေ့အကြုံတစ်ခုကို စာဖတ်သူတို့အား ပြန်လည်ဖောက်သည် ချပေးလိုသည်။ ရွာတစ်ရွာတွင် အဘိုးတစ်ယောက်သည် မိမိနှင့်အလွန်အကျွမ်းဝင်၏။ ထိုအဘိုးထံမှ အတွေ့အကြုံပေါင်းများစွာ၊ ဗဟုသုတပေါင်းများစွာကို နားထောင်ဆည်းပူးခဲ့ရသည်။ မိမိ၏ကျေးဇူးရှင် တစ်ယောက်ပင်ဖြစ်သည်။ ထိုကျေးဇူးရှင်အဘိုးထံမှ နားဖြင့် နားထောင်၍ အသိတရားများစွာကို  ရရှိခဲ့သည်သာမဟုတ်၊ မျက်စိအမြင်ဖြင့် ထိုအဘိုးကို ကြည့်၍ အသိတရားများစွာကိုလည်း ရရှိခဲ့သည်။ မျက်စိအမြင်ဖြင့် မိမိရရှိသည့်အသိတရားတစ်ခုမှာ "ဖျောက်ရအခက်ဆုံးသည် အကျင့်ပင်ဖြစ်သည်"ဟူ၍ ဖြစ်သည်။
မိမိ၏ကျေးဇူးရှင်အဘိုးသည် ဆေးလိပ်သောက်လျှင် ကျန်းမာရေးကို ထိခိုက်စေမှန်း မိမိတို့ထက် ပိုစော၍ သိသည်။ အဘိုးသည် အချိုနှင့်မတည့်မှန်းလည်း သိသည်။ အဘိုး၏သားသမီးများကလည်း အဘိုးကို ဆေးလိပ်မသောက်တော့ရန်၊ အချိုမစားတော့ရန် စေတနာဖြင့် အသိသတိပေးကြသည်။ အဘိုးဆေးလိပ် မသောက်ဘဲ၊ အချိုမစားဘဲ နေခဲ့သည်။ သို့သော် သိပ်မကြာပါ။ အဘိုးဆေးလိပ်ခိုးသောက်နေသည်ကို ကြည့်ခြင်းအားဖြင့် အဘိုးဆေးလိပ်မည်မျှ သောက်ချင်နေသည်ကို မိမိတစိမ့်စိမ့်တွေးပြီး နားလည်သည်။ သားသမီးရှေ့တွင် ဆေးလိပ်သောက်ရန်တော့ အဘိုးမဝံ့ရဲပါ။ ထိုသို့ သားသမီးရှေ့ ဆေးလိပ်သောက်လိုက် လျှင် သားသမီးစကား အဘိုးနားမထောင်ရာ ရောက်တော့မည်ဖြစ်သောကြောင့်ဖြစ်သည်။ အဘိုးစိတ်ကျဉ်း ကြပ်နေပြီ။ အိမ်အောက်မှခြေသံကြားသည်နှင့် အဘိုးတစ်ယောက်ပျာယာခတ်ပြီး ဆေးလိပ်မီးငြှိမ်းနေရ လိမ့်မည်ကို မိမိစိတ်ကူးပုံဖော်မြင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အဘိုးတစ်ယောက်တည်းရှိနေသည့် အိမ်ပေါ်သို့ မိမိတက်လာလျှင် မည်သူမျှ ဆေးလိပ်မသောက်သောအိမ်တွင် ဆေးလိပ်အနံ့ထောင်း နေသော ကြောင့်ဖြစ်သည်။ သို့သော် မိမိသည် ဆေးလိပ်အနံ့မရသလို ယောင်ဆောင်ကာ နေလိုက်သည်။ တခါတလေ မိမိသည် အဘိုးဆေးလိပ်ခိုးသောက်နေသည့်အချိန်နှင့် ပက်ပင်းတိုးသည်။ မိမိသည် အဘိုးကျန်းမာရေး ထိခိုက်မည်ကို မလိုလားသည်မှာ အမှန်ပင်ဖြစ်သည်။ အဘိုးစိတ်ကျဉ်းကြပ်မည်ကိုလည်း မလိုလားပြန်ချေ။ ထိုအချိန်မျိုးတွင် စာဖတ်သူအနေဖြင့် ဘာလုပ်မည်နည်း။ ဖျောက်ရန်ခက်ခဲနေသည့်အဘိုးအကျင့်ကို နားလည် သဖြင့် အဘိုးစိတ်မကျဉ်းကြပ်ရေးကို မိမိရွေးချယ်လိုက်ရာ အဘိုးစိတ်သက်တောင့်သက်သာ ဖြစ်အောင် "မိုးအေးအေးမှာ ဆေးလိပ်သောက်ရရင် သိပ်ကောင်းတယ်လို့ပြောကြတယ် ဟုတ်လားအဘိုး"ဟူ၍ ဖော်ဖော်ရွေရွေ မေးလိုက်သဖြင့် အဘိုးပြုံးနေသည်။
ထို့အတူ အချိုနှင့်မတဲ့မှန်း သိသော်လည်း ချိုသည့်အစားအစာကို အဘိုးအကြိမ်ကြိမ် စမ်းစားကြည့်ခဲ့ပြီး အကြိမ်ကြိမ်ချောင်းဆိုးခဲ့သည်။ "မိမိနှင့်မတဲ့မှန်း သိနေသည့်အစားကို လူတွေများ ဘာဖြစ်လို့အကြိမ်ကြိမ် မှားစားနေကြသနည်း"၊ "မသင့်တော်မှန်းသိရက်သားနဲ့ ဆန္ဒရဲ့ခိုင်းစေမှုကို မလွန်ဆန်ရဲကြရသည့်အကြောင်းမှာ သံမှိုရိုက်သွင်းထားသလို စွဲကပ်နေသော လူတို့၏ဘဝအဆက်ဆက်က မဟာအကျင့်ဆိုးကြီးကြောင့်လား"ဟူ၍ မိမိတွေးနေမိပြန်၏။ တစ်ဖန် "မိမိလည်း မိမိနှင့် မတဲ့မှန်းသိနေသည့်အစားအစာကို အကြိမ်ကြိမ်မှားပြီး စားနေမိလေရော့သလား"၊ "မိမိနှင့်မတဲ့၊ မတန်၊ မသင့်တော်သည့်အခြားအရာများကိုလည်း အထပ်ထပ်အခါခါ ပြုမိ၊ ပြောမိ၊ ကြံမိလေသလား"ဟူ၍ မိမိကိုယ်ကို အနည်းငယ်ပြန်တွေးကြည့်ပြီး သုံးသပ်မိလိုက်သေးသည်။
နိုင်ငံရေးလောကကို ဝင်ကြည့်ကြဦးစို့။ ယခုလို ဒီမိုကရေစီခေတ်ကြီးတွင် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် စသည့်အခြေခံလူ့အခွင့်အရေးများကို တန်ဖိုးထားပြောဆိုလာကြသည်။ ထိုလွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် တို့နှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကိုလည်း တန်ဖိုးထားရပါသည်။ ဥပမာအနေဖြင့် မိမိအမှိုက်ကို မိမိတာဝန်ယူရမည်ဖြစ်သည်။ သို့သော် မိမိအမှိုက်ကို မိမိတာဝန်မယူဘဲ လမ်းမပေါ် ပစ်ချနေသည်တို့ကို မြင်တွေ့နေရသေး၏။ အချို့သူများမှာ မိမိအမှိုက် မိမိတာဝန်ယူရမည်ကိုသိသလို လမ်းမပေါ်မပစ်ချသင့် မှန်းသိသော်လည်း မိမိအကျင့်ဆိုးကြီးကို မဖျောက်ပစ်နိုင်ဘဲ လမ်းမပေါ် ပစ်နေမြဲပစ်နေ ကြသေးသည်။ ထို့အတူ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်ဟု ဆိုရာ၌လည်း လူမျိုးအလိုက် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် များရှိသည်ကို သိသိကြီးနှင့် အချို့နိုင်ငံရေးသမားသည် မိမိဝါဒဆိုး၊ မိမိအကျင့်ဆိုးကြီးကို မဖျောက်ပစ်နိုင် ကြသေးဘဲ လူမျိုးအလိုက် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်များကို လျစ်လျူရှုကာ လူမျိုးကြီးဝါဒနိုင်ငံရေး ခရီး ဆက်နေကြသည်ကို နိုင်ငံရေးလောက၌ ရှုမကောင်းကြည့်မလှ တွေ့နေရသည်။ နိုင်ငံရေးသမားတစ်ယောက် အနေဖြင့် ထိုဝါဒဆိုး၊ အကျင့်ဆိုးကြီးများကို ဖျောက်သင့်သည်သာ မဟုတ်ပါလား။
အကျင့်ဟူ၍ ဖျောက်ရန်ခက်သည်မှာ မှန်သည်။ သို့သော် မဖျောက်နိုင်၍ကားမဟုတ်။ ဖျောက်နိုင်သည်။ အကျင့်ဆိုးနေပါက ဖျောက်ပစ်ရမည်။ ကြိုးစားဖျောက်ပစ်ရမည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းတွင် ရှိနေသည့် ကျန်းမာရေးဆိုင်ရာအကျင့်ဆိုး၊ နိုင်ငံရေးဆိုင်ရာအကျင့်ဆိုး၊ လူမှုရေးဆိုင်ရာအကျင့်ဆိုး အစရှိသည့်အကျင့်ဆိုး များကို လူပုဂ္ဂိုလ်တစ်ဦးချင်းစီက သတိရှိရှိ စောင့်ကြည့်၍ ကြိုးစားဖျောက်သင့်သည်ဟု ဆန္ဒပြုလိုက်ပါသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.