Sunday, August 7, 2016

ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၇) ရက်






၂၀၁၆ ခုနှစ်၊ သြဂုတ်(၇)ရက်၊ တနင်္ဂနွေနေ့၊ မနက် (၉း၃၀)အချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အစည်းဝေးခန်းမတွင် ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာပထမအနေဖြင့် ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးခွန်စံလွင်မှ  ပအိုဝ်းဒေသအတွင်း ဒီနှစ် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဗဟိုကော်မတီနှင့်  မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အဆင့်ဆင့် ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဤသို့လုပ်ဆောင်ရာတွင် အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CSO များ၊ ရပ်မိရပ်ဖများ အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ပါမှ အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခု မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားဖြန့်ဖြူးနေသူများတချို့မှာ လက်နက်နှင့်လုပ်ဆောင်လာသည့်အတွက်  သတိထားကြီးစွာနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါကြောင်း၊ ဈေးပေါပေါနဲ့ မူးယစ်ဆေးဝါးများ ၀ယ်ယူရနိုင်သည့်အတွက် ခုနောက်ပိုင်း အသက် (၆၀) ကျော် အမျိုးသား အမျိုးသမီးကြီးများ၊ ၄-၅ တန်း ကျောင်းသား /သူများကစ မူးယစ်ဆေး သုံးစွဲနေမှုများ ရှိသည့်အတွက် ကြီးမားသည့် အမျိုးသားအန္တရာယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြည်သူများ စာရိတ္တမြှင့်မားအောင် လုပ်ဆောင်နိုင်ဖို့ တာဝန်ရှိတဲ့သူများ အောင်မြင်စွာလုပ်ဆောင်နိုင်ရင် သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့် စိုက်ထူနိုင်မှာဖြစ်ကြောင်း စသည့် အဖွင့်အမှာစကားကို ပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်၊ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမင်းကြီးဦးတင်ရွှေက ဘိန်းခင်းစိုက်ပျိုးမှုအခြေနေများ၊ မူးယစ်ကင်းမဲ့ဇုန်ဖြစ်မြောက်ရေးကို ဆောင်ရွက်စေလိုခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာဟောပြောနေမှုများကို တခါတစ်ရံပြုလုပ်ခြင်းထက် ပုံမှန်ပြုလုပ်စေလိုခြင်း စသည့်အကြောင်းအရာများကို ပြောကြားပြီးနောက် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ နောင်တရားမြို့နယ်ခွဲ၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ် များမှ မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ အစီရင်ခံ တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး တောင်ကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ မူးယစ်ဆေးဝါးပပျောက်ရေးအပေါ် သုံးသပ်ခဲ့ကြပြီးနောက် မူးယစ်တပ်ဖွဲ့ ရဲမှူး ဦးစောလေးဝါးမှ ဘိန်းအစားထိုး သီးနှံ ထောက်ပံ့မှုလိုအပ်နေမှုများ၊ စာပေ၊ အနုပညာ၊ ပရဟိတ၊ အားကစားလှုပ်ရှားမှု စသည်ဖြင့် လူငယ်များ မူးယစ်ဆေးဝါး စိတ်ဝင်စားမှု နည်းပါးအောင် အားကစားပွဲပြုလုပ်ပေးခြင်း၊ စာကြည့်တိုက် ထူထောင်ပေးခြင်း၊ ပရဟိတများ ဦးဆောင်လှုပ်ရှားပေးခြင်းများစသဖြင့် လုပ်ဆောင်ပေးသင့်သည့် အကြောင်းအရာကိုလည်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် မြို့နယ်အလိုက် တင်ပြချက်အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် အထွေထွေကဏ္ဍဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၄)ချက်ကိုချမှတ်ကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဤစည်းဝေးပွဲသို့ ပအိုဝ်းဒေသတ၀ှမ်းလုံးမူးယစ်ဆေးဝါးပပျောက်ရေးဗဟိုကော်မတီဝင်များ၊ ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသွင်ပြောင်းပြည်သူ့စစ်ဌာနေ (PNA) မှ ဗျူဟာမှူး၊ တပ်ရင်းမှူးစသည့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.