Sunday, August 7, 2016

ခေါင်းဆောင်နှင့် ပိုင်ဆိုင်မှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၇) ရက်


ရှေးဟောင်း လူမျိုးစုတို့၏အကြောင်းနှင့် ထိုလူမျိုးတို့၏ ခေါင်းဆောင်များအကြောင်းသည် စာဖတ်သူ တို့အတွက် ပျင်းရိငြီးငွေ့ဖွယ် ဖြစ်နေလိမ့်မည်မဟုတ်ဟူ၍ စာရေးသူအနေဖြင့်မျှော်လင့်ပါသည်။ ခေတ်အချိန်အခါအရ ပစ္စည်းဝတ္ထုဟူသမျှကို လူမျိုးစုတစ်ခုလုံးက ပိုင်ဆိုင်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးက ပိုင်ဆိုင်မှု မရှိကြောင်း၊ လူမျိုးစုခေါင်းဆောင်၏ အထံ၌သော်မှ သူပိုင်ပစ္စည်းဟူ၍ထူးထူးခြားခြားမရှိပေ။ လူမျိုးစုထဲကပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေဖြင့် သူလည်းလူမျိုးစုထဲက အခြားပုဂ္ဂိုလ်များကဲ့သို့ပင် သူ့ဝေစုကိုသာလျှင် သူပိုင်ဆိုင်လေသည်။ သို့သော်လည်း သူသည် စီမံခန့်ခွဲသူဖြစ်သောကြောင့် လူမျိုးစုပိုင် ပစ္စည်းပစ္စယများနှင့် ဥစ္စာများကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်သည် သူ့အလုပ်ဖြစ်သည်ဟု ထင်မှတ်ယူဆထားကြလေသည်။ သူ၏သြဇာတန်ခိုး တိုးတက်ကြီးမားလာသောအခါ ခေါင်းဆောင်လုပ်သူသည် ထိုပစ္စည်းကိရိယာများနှင့် ဥစ္စာများသည် လူမျိုးစု ပိုင်မဟုတ်ပဲ ငါပိုင်ဖြစ်၏ ဟူသောအတွေးပေါ်ပေါက်လာလေ၏။ သို့မဟုတ် သူသည်လူမျိုးစုခေါင်းဆောင်ဖြစ်ခြင်းကြောင့် လူမျိုးစု၏ကိုယ်စားလှယ်လည်းဖြစ်သည်ဟူသော အတွေးမျိုးလည်း ပေါ်ပေါက်လာဟန်တူလေသည်။
ယင်းသို့အားဖြင့် ပစ္စည်းဝတ္ထုတစ်ခုခုကို ကိုယ်ပိုင်ဟူသောအတွေးမျိုး စတင်ပေါက်ဖွားလာခဲ့ခြင်း ဖြစ်လေ၏။ ယခုခေတ်အခါတွင် ပစ္စည်းဝတ္ထုဟူသမျှကို (ငါ့ဟာ၊ သင့်ဟာ) ဟူသောအပြောမျိုး၊ အတွေးမျိုးသည် အရိုးခံဖြစ်နေလေပြီ။ သို့သော်လည်း ထိုပထမဆုံး လူမျိုးစုများ၏ ယောကျာ်း မိန်းမများကတော့ ထိုကဲ့သို့တွေးတောခြင်း မပြုခဲ့ကြပေ။ သို့ဖြစ်၍ ပစ္စည်းဝတ္ထုဟူသမျှသည် လူမျိုးစုပိုင်ချည်းသာလျှင်ဖြစ်ခဲ့လေ၏။ သို့သော်လည်း ခေါင်းဆောင်သည် သူပင်လျှင် လူမျိုးစုဖြစ်သည်ဟု အထင်ရှိပြီး လူမျိုးစုပိုင်ပစ္စည်းအတော်များများကို သူပိုင် ဟူ၍ ထင်မြင်လာသည်။
ခေါင်းဆောင်လုပ်သူ သေဆုံးသွားသည့်အခါ၌ လူမျိုးစုထဲက လူအားလုံးသည် စုဝေးကြပြီးလျှင် အခြား ပုဂ္ဂိုလ်တစ်ဦးဦးကို မိမိတို့၏ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ကြသည်။ သို့ရာတွင် များသောအားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်စုထဲက လူများသည် အခြားသောပုဂ္ဂိုလ်များထက် စီမံခန့်ခွဲသည့်လုပ်ငန်းကို ပိုမိုနားလည်ကြလေသ၏။ ခေါင်းဆောင်နှင့် အမြဲတစေ နေထိုင်ရခြင်း၊ ခေါင်းဆောင်၏အလုပ်ကို ကူညီလုပ်ကိုင် ပေးခြင်းတည်းဟူသော အကြောင်းတို့ကြောင့် ၎င်းသည် ထိုလုပ်ငန်းများကို ကျွမ်းကျင်နေကြခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ အသက်အရွယ် အိုမင်းကြီးရင့်သည့်ခေါင်းဆောင် ကွယ်လွန်သေဆုံးသွားသည့်အခါ၌ လူမျိုးထဲက လူများသည် ထိုခေါင်းဆောင်အိမ်ထောင်စုထဲက ပုဂ္ဂိုလ်တစ်ဦးဦးကိုသာလျှင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ကြလေ၏။
ယင်းသို့အားဖြင့် ခေါင်းဆောင်လုပ်သူ၏ အိမ်ထောင်မိသားစုသည် အခြားအိမ်ထောင်မိသားစုများနှင့် တသီးတခြားဖြစ်သွားပြီးလျှင် လူမျိုးစုထဲက လူများသည် ထိုအိမ်ထောင်မိသားစုမှသာလျှင် မိမိတို့၏ ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်ကြလေသည်။ ထိုအခါ၌ ခေါင်းဆောင်လုပ်သူ၏ အာဏာတန်ခိုးသည်လည်း အလွန်ပင်တိုးတက်ကြီးမားလာလေသည်။ သူ့၏သား သို့မဟုတ် ညီကိုသာလျှင် ခေါင်းဆောင်အဖြစ်နှင့် သူ၏ နေရာကိုဆက်ခံကို လိုလားသည်မှာ ဓမ္မတာဖြစ်လေသည်။ ဆက်ခံနိုင်ရန်အတွက်လည်း အစွမ်းကုန်ကြိုး စားအားထုတ်ကြရမှာအသေချာပါ။ သို့ဖြစ်၍ သူသည် မိမိ၏သား သို့မဟုတ် ညီ သို့မဟုတ် အခြားနီးစပ်ရာ ဆွေမျိုးသားချင်းအား သူ့နေရာဆက်ခံနိုင်ရန်အတွက် လုပ်ငန်းအကြောင်းလည်းသင်ကြားရမည်ဖြစ်သည်။
ဤသို့အားဖြင့် ခေါင်းဆောင်ကုလားထိုင်(သို့မဟုတ်) အလုပ်သည် ရိုးရာဆက်ခံခြင်းသဘောမျိုး ဖြစ်လာခဲ့ကြလေသည်။ ထိုအိမ်ထောင်မိသားစု၌ ဖခင်ကွယ်လွန်လျှင် သား သို့မဟုတ် အခြားဆွေမျိုးသားချင်း တစ်ဦးဦးက ခေါင်းဆောင်အမွေကို ဆက်ခံရသည်ဟုဆိုလိုသည်။ ထိုအခါ၌ ခေါင်းဆောင်လုပ်သည် လူမျိုးစု ပိုင်သည့် ပစ္စည်းဥစ္စသည် သူပိုင်ပစ္စည်းဥစ္စာသာလျှင်ဖြစ်၏ ဟူ၍ ယုံကြည်စိတ်ချလာခဲ့လေ၏။ သူကွယ်လွန် အနိစ္စရောက်ပြီးနောက်ပင် ထိုပစ္စည်းဥစ္စာသည် သူ၏အိမ်ထောင်စုပိုင် အဖြစ်ကျန်ရစ်ခဲ့လေသည်။ ကဲ ( ငါ့ဟာ၊ သင့်ဟာ) ဟူသောအစွဲအမက် မည်ကဲ့သို့စတင်ပေါ်ပေါက်လာပုံကို စာဖတ်သူတို့ သိမြင်လာရပြီ။ အစပထမ တုန်းကဆိုလျှင် မည်သူ၏ စိတ်နှလုံးထဲမှာမှ ထိုအစွဲမျိုးမရှိပေ။ လူအားလုံးစုပေါင်းပြီး လူမျိုးစုအတွက် အလုပ်လုပ်ကိုင်ကြသည်။ ကိုယ်ကျိုးကိုယ့်အတွက်ဟူ၍ အလုပ်လုပ်ကိုင်ခြင်းမရှိကြပေ။ အကယ်၍ စားသောက်ဖွယ် အစားအစာများနှင့် အခြားသောအရာများ အများအပြားထွက်လျှင် လူမျိုးစုအတွင်းရှိ လူတိုင်းလူတိုင်းသည် ကိုယ့်အတွက် ဝေစုရရှိကြလေသည်။ လူမျိုးစုထဲ၌ ချမ်းသာသူဟူ၍လည်း မရှိပေ။ ဆင်းရဲသူဟူ၍လည်း မရှိပေ။ အားလုံးသည် လူမျိုးစုပိုင် ပစ္စည်းဥစ္စာများ၏ ဝေစုရှင်များဖြစ်ကြသည်။
သို့ရာတွင် လူမျိုးစု၏ခေါင်းဆောင်က လူမျိုးစုပိုင် ပစ္စည်းဥစ္စာများကို အပိုင်စီးပြီး သူ့ပစ္စည်း သူ့ဥစ္စာဟု ခေါ်သည်နှင့်တစ်ပြိုင်နက် လူတို့၌ လူဆင်းရဲနှင့် လူချမ်းသာဟူ၍ကွဲပြားခြားနားမှုပေါ်ပေါက်လာခြင်းဖြစ်သည်။

နယ်;ကူ- ခွန်ဗီး

Powered by Blogger.