Thursday, August 11, 2016

မူးယားကျေးလက်ကျန်းမာရေး ဆေးပေးခန်းအသစ် တည်ဆောက်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေနှင့်ဘိလပ်မြေများ ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်





တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု မူးယားကျေးရွာ၌ မူးယားကျေးလက်ကျန်းမာရေး ဆေးပေးခန်း တည်ဆောက်လျှက်ရှိရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လူမှုရေးဌာနမှဦးဆောင်ပြီး
စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူပေါင်းကာ အလှူငွေများနှင့်ဘိလပ်မြေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သြဂုတ်လ-၁၁ရက် ကြာသပတေးနေ့ နေ့လည် ၂း၀၀နာရီအချိန်အတွင် PNO ဒုလူမှုရေးတာဝန်ခံ ဦးခွန်မောင်ဘော်ထံမှ သိရသည်။
ထိုသို့ မူးယားကျေးလက်ကျန်းမာရေး ဆေးပေးခန်းအတွက် အလှူငွေများနှင့် ဘိလပ်မြေများကို ပေးအပ်လှူဒါန်းခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များမှာ ဂျပန်နိုင်ငံTPAK အဖွဲ့မှ ကျပ်သိန်း(၁၀၀) မတည် လှူဒါန်းရန် သဘောတူထားပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှ ရံပုံငွေကျပ်သိန်း(၂၀)ကို ဦးမင်းသူထံမှ သော်လည်းကောင်း၊ ကမ္ဘောဇဘိလပ်မြေစက်ရုံမှ ဘိလပ်မြေ အိတ်ပေါင်း(၅၀၀)ကို ဦးဝင်းထိန်ထံမှ သော်လည်းကောင်း၊ မြန်မာ CP အသားစားကြက် ကုမ္ပဏီလီမိတက်မှ ကျပ်သိန်း(၂၀) ဖြင့်လည်းကောင်း၊ မူးယားကျေးရွာမှ ဆေးပေးခန်းအတွက် ပါဝင်လှူဒါန်းရန် ကျပ်သိန်း(၂၀)ဖြင့် လျာထားလျှက်ရှိကြောင်း  သိရသည်။
မူးယားကျေးလက်ကျန်းမာရေး ဆေးပေးခန်းသည် ၅-၈-၂၀၁၆ ရက်နေ့က အုပ်မြစ်ချခဲ့ပြီး ထိုဆေးပေးခန်းတွင် အလျား ၄၀× အနံ-၃၀ ပေ၊ သွပ်မိုး အုတ်ကာ အင်္ဂတေခင်းများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးပေးခန်းသည် ဧရိယာ အလျား-၁၀၀ ပေ၊ အနံ- ၁၀၀ ပေ ကျယ်ဝန်းပြီး စုစုပေါင်း ကျပ်သိန်း (၁၈၀) ကုန်ကျမည် ဖြစ်ကြောင်း ဦးခွန်မောင်ဘော်က ပြောသည်။
အဆိုပါ မူးယားကျေးလက်ကျန်းမာရေး ဆေးပေးခန်း တည်ဆောက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ နောင်လေ ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေပေါင်း (၁၅၀၀)ခန့် လူဦးရေ စုစုပေါင်း ၅၀၀၀ကျော်ရှိပြီး ဒေသခံရပ်မိရပ်ဖများ ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲမရှိအောင် အလွယ်တကူ လာရောက်ကုသနိုင်ရန်အတွက် နောင်လေကျေးရွာအုပ်စုတွင် အလယ်ဗဟိုကျသော မူးယားကျေးရွာ၌ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တည်ဆောက်ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်ပန်းစိန်

Powered by Blogger.