Thursday, August 11, 2016

'အောင်မြင်မှု' လေယာဉ်ကွင်းကို 'ယုံကြည်မှု' ဖြင့်သက်ဆင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်


အရာရာတိုင်းအောင်မြင်ရေးအတွက် အဓိကလိုအပ်တာ ယုံကြည်မှုပါ။ ကိုယ်ဖြစ်ချင်တဲ့အရာအပေါ်မှာ လုပ်နိုင်ပါတယ် ဆိုတဲ့ ယုံကြည်မှုတစ်ခုရှိမှသာ အောင်မြင်မှုဆိုတာ ကိုယ့်အတွက်ဖြစ်လာမှာပါ။ ယုံကြည်မှုဆိုတာ စက်ဘီးတွေ၊ လေယာဉ်တွေ၊ ကားတွေနဲ့တူပါတယ်။ တစ်ချို့သူတွေက စက်ဘီးလောက်ရှိတဲ့ ယုံကြည်မှုကိုစီးပြီး လိုရာခရီးကို သွားကြပါတယ်။ တစ်ချို့ကတော့ ကားလောက်ရှိတဲ့ယုံကြည်မှုနဲ့၊ တစ်ချို့ကတော့ လေယာဉ် တွေလောက် အားကောင်းတဲ့ယုံကြည်မှုတွေနဲ့ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားပုံချင်း မတူကြသလို တစ်ချို့ကတော့ လမ်းလျှောက်တဲ့ခရီးအကွာအဝေးလောက်နဲ့ ကျေနပ်နေတဲ့သူတွေလည်း ရှိကြပါတယ်။ ယုံကြည်မှုကိုမြှင့်တင်ဖို့အတွက် စိတ်ဓာတ်ကျစေတဲ့အတွေးတွေ၊ သင့်ရဲ့မ၀ံ့မရဲဖြစ်စေတဲ့ အတွေးတွေကို အရင်ဆုံး အဆုံးသတ်ရပါမယ်။ အတိတ်ကကျရှုံးခြင်းတွေနဲ့ အခက်အခဲတွေကလည်း သင့်ရဲ့ယုံကြည်မှုကို လျော့နည်းစေတဲ့ အတွေးဆိုးတွေ ဖြစ်ပါတယ်။ ဒီလိုမ၀ံ့မရဲတဲ့အတွေးတွေ၊ ယုံကြည်မှု ကင်းမဲ့တဲ့အတွေးတွေဟာ သင့်ကိုအားနည်း အောင် လုပ်ဆောင်နေပါလိမ့်မယ်။
မိန်းကလေးတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ အလှအပလို့တောင် တင်စားလို့ရပါတယ်။ မိန်းကလေး တော်များများဟာ လှလှပပပြင်ဆင်ထားတဲ့အခါမှာ ပိုပြီးတော့ယုံကြည်မှုရှိတတ်ပါတယ်။ ဒါဟာမိန်းကလေးတွေ အတွက်တင်မကပဲ ယောက်ျားလေးတွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ့်ရဲ့သွင်ပြင်ဟာ သန့်ရှင်းသပ်ရပ်နေအောင် ထားတဲ့အခါ ပတ်ဝန်းကျင်အမြင်မှာလည်း အရှိန်အ၀ါရှိသလို ကိုယ့်ရဲ့ယုံကြည်မှုကိုလည်း သာမန်ထက်ပိုပြီး အားကောင်းစေပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေအကြောင်း တွေးလိုက်ရုံနဲ့ အားအင်တွေ ဖြည့်ဖြိုးသွားသလို ခံစားရတယ်ဆိုရင်တော့ သင့်ရဲ့အိမ်မက်ဟာ သင့်ရဲ့ဗီတာမင် အားအင်တွေပါ။ သင့်အိပ်မက် တွေဟာ သင့်ယုံကြည်မှုကို တိုးစေသလို ယုံကြည်မှုတွေ တိုးလာတဲ့အခါမှာလည်း သင့်ရဲ့အိပ်မက်ပန်းတိုင် သွားရာလမ်းကို ပိုမိုလွယ်ကူချောမွေ့စေပါလိမ့်မယ်။ သင့်ရဲ့အလေ့အကျင့်တွေဟာလည်း ယုံကြည်မှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပျင်းတိပျင်းရွဲ့နေထိုင်တတ်တဲ့ အလေ့အကျင့်တွေကစပြီး မနက်စောစောထတာတွေ၊ ဖျတ်လတ်တက်ကြွတဲ့ အလေ့အကျင့်ပုံစံတွေစသဖြင့် အသွင်ပြောင်းလိုက်တာနဲ့ သင့်ရဲ့ယုံကြည်မှုတွေလည်း တိုးတက်လာစေနိုင်ပါတယ်။
တစ်နေ့တာအတွင်း ကိုယ့်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်ချလိုက်ပါ။ လုပ်စရာရှိတာတွေ၊ သွားစရာ ရှိတာတွေ၊ တွေ့စရာရှိတာတွေကို အစီအစဉ်တကျဖြစ်အောင်စီပါ။ ဒါမှလည်းသင့်ရဲ့အချိန်တွေ အလေအလွင့် မဖြစ်စေပဲ အလုပ်တွေလည်းပြီးမြောက်စေပြီး ယုံကြည်မှုကိုတိုးစေပါတယ်။ ဒီလိုသာ ယုံကြည်မှုတွေကို အခိုင်အမာ တည်ဆောက်နိုင်ပြီဆိုရင်တော့ အောင်မြင်မှုဆိုတာလည်း လက်တစ်ကမ်းအလိုမှာပဲ ကျန်တော့တာပါ။ ကျွန်တော်တို့အောင်မြင်မှုရဲ့ မာရ်နတ်အကြောင်းကို ဘယ်လိုရှာဖွေစစ်ဆေးကြမှာလဲ။ အောင်မြင်ခြင်းဆိုတာ လဲကျတယ်၊ လဲမကျဘူးဆိုတာနဲ့ တိုင်းတာတာ မဟုတ်ပါဘူး။ လဲကျသွားတဲ့အချိန်တိုင်း ဘယ်နှစ်ကြိမ်ပြန်ထခဲ့သလဲ ဆိုတာနဲ့ပဲတိုင်းတာပါတယ်။ တစ်ခါလဲကျရင် တစ်ခါပြန်ထမယ်။ နောက်တစ်ခါ လဲကျရင် နောက်တစ်ခါပြန်ထမယ်။ ဘယ်နှစ်ကြိမ်ပဲလဲကျခဲ့ဦးတော့ ပြန်ထပြီးဆက်လျှောက်နေသရွေ့ အောင်မြင်မှုပန်းတိုင်ဆီကို တစ်စတစ်စနဲ့ ဦးတည်သွားနေဦးမှာဖြစ်ပါတယ်။
အရှုံးဆိုတာတကယ်တမ်းတော့ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ အိပ်မက်ဆိုးလည်း မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းအရာလို့လည်း ခေါ်လို့မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ အရှုံးဆိုတဲ့အရာကို ရင်းရင်းနှီးနှီး ထိတွေ့ဖူးကြလို့ပါပဲ။ စင်ပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီး ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့သူလည်း ရှုံးဖူးတယ်။ စင်နောက်မှာ ကုပ်ကုပ်ကလေးကွေးနေပြီး အမေ့လျော့ခံသူတွေလည်း ရှုံးဖူးတယ်။ လူတိုင်းရှုံးဖူးတယ်။ ဒါဆိုသေချာပါတယ် အရှုံးဆိုတာ ကျွန်တော်တို့စဉ်းစားဖူးသလို ကြောက်စရာကောင်းတဲ့ ကံဆိုးမိုးမှောင်အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ရင်းရင်းနှီးနှီးကို ရှိနေတဲ့အရာတစ်ခုပါ။ ဒါဖြင့်လူတိုင်းဟာ ရှုံးဖူးကြရဲ့သားနဲ့ နောက်ဆုံးမှာအောင်မြင်တဲ့သူနဲ့ လဲပြိုသွားတဲ့သူဆိုပြီး ဘာလို့များကွဲပြားသွားကြတာလဲ။ ဒီမေးခွန်းဟာ ရှင်းပါတယ်။ တစ်ချို့က အရှုံးနွံထဲကရအောင် ရုန်းထွက်ကြတယ်။ နောက်တစ်ခါမရှုံးအောင် ကြိုးစားတယ်။ ရှုံးသွားခဲ့ရင်လည်း ပြန်ထကြတယ်။ တစ်ချို့ကတော့ အရှုံးနွံထဲမှာပဲ နစ်မျောသွားကြတယ်။ ဒီလိုနဲ့အချိန်တွေ ကုန်သွားကြတယ်။ ဘ၀ကိုကျေနပ်စွာ ဒူးထောက်လိုက်ကြတယ်။ ဒီမှာတင် အောင်မြင်တဲ့သူနဲ့ ရှုံးနိမ့်တဲ့သူဆိုပြီး ကွဲပြား သွားတော့တာပဲ။ ကျွန်တော်တို့တွေ သိထားရမှာက အရှုံးဆိုတာ အိမ်မက်ဆိုး မဟုတ်ဘဲနဲ့ ပြန်လည်ရုန်းထ တိုက်ခိုက်ရမယ့် တိုက်ပွဲတစ်ခုသာဖြစ်ပါတယ်။ ရှုံးမှာမကြောက်ပါနဲ့ ရုန်းမထနိုင်မှာကိုပဲကြောက်ပါ။ လဲကျမှာ မကြောက်ပါနဲ့ ဆက်မလျှောက်နိုင်မှာကိုပဲကြောက်ပါ။
ကျွန်တော်တို့တွေ အောင်မြင်မှုရဲ့မာရ်နတ်အကြောင်းကို ကောင်းကောင်းသိပြီဆိုရင်တော့ အားအင်တွေ ယုတ်လျော့ပြီး အရှုံးနွံထဲမှာ ဒူးထောက်တော့မယ်ဆိုတဲ့အခါတိုင်း ယုံကြည်မှုဆိုတဲ့ လေယာဉ်ကို သတိရပြီး အရှေ့ကိုဆက်လက်မောင်းနှင်ပါ။ အောင်မြင်မှုဆိုတဲ့ ကွင်းပြင်ကြီးတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ အောင်မြင်မှုဆိုတဲ့ လေယာဉ်ကွင်းက အရှေ့မှာအဆင်သင့် ရှိနေပြီးသားပါ။ ဒါ့ကြောင့် လေယာဉ်တွေလောက် အားကောင်းတဲ့ယုံကြည်မှုတွေနဲ့ ဆက်လက်မောင်းနှင်ရင်း အောင်မြင်မှုဆိုတဲ့ လေယာဉ်ကွင်းဆီသို့ ဆင်းသက်ကြပါစို့...........။

မျရ်မိုရ်းခွန်
(ဒုံတသာ)

ကိုးကား။ ။ Focus Youth E-magazine

Powered by Blogger.