Friday, August 12, 2016

တက္ကသိုလ်ဝင်တန်းအောင်၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးရဘာသာပြ ဆရာ/ဆရာမများအား ပထမအကြိမ်ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်








၂၀၁၆၊ သြဂုတ်လ(၁၂)ရက်၊ နံနက်(၉း၃၀)အချိန်၊  အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့၊ မြို့တော်ခန်းမတွင် ပထမအကြိမ်၊ ကျောက်တလုံးကြီးဒေသအတွင်းရှိ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးရဘာသာပြ ဆရာ/ဆရာမများအား ပထမအကြိမ်ဂုဏ်ပြုဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အထက(ခွဲ) ဆောင်းဖိုးကျောင်းမှ ကျောင်းသား/သူများက ဦးစွာ မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒု-ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းမြင့်တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
အမှာစကားများမှာ  - နိုင်ငံတနိုင်ငံ ဒေသ တဒေသဖွံ့ဖြိုးတိုးတက်ဖို့ရန် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပညာမြှင့်မှ တိုင်းရင်းသားတို့၏ အဆင့်အတန်း ဘ၀မြှင့်မားလာမှာဖြစ်ကြောင်း၊ ဒေသတွင်းရှိ မိဘများအနေဖြင့်လည်း ကိုယ့်သားသမီးများကို မူလတန်းစသည့် အဆင့်ဆင့်ပညာရေးကို သင်ယူနိုင်ရန် အားပေးမှုများ လိုအပ်နေသေးကြောင်း၊ လူရွယ်မောင်မယ်များအနေဖြင့်လည်း မိမိဒေသအခြေနေများကို သိရှိနားလည်ကာ မိမိဒေသတိုးတက်ဖွံ့ဖြိုးမှုကို အုတ်တချပ် သဲတစ်ပွင့်အနေဖြင့် ဆောင်ကျဉ်းပေးနိုင်သည့်  လူရွယ်လူငယ်များဖြစ်ဖို့ရန် တိုက်တွန်းလိုပါကြောင်း၊ ယခု ချီးမြှင့်ထိုက်သူကို ချီးမြှင့်သည့်အတွက် နောက်နောင်နှစ်များမှာလည်း မျိုးဆက်သစ်လူငယ်များ ကြိုးစားချင်စိတ်ရှိလာအောင် စဉ်ဆက်မပြတ် ဂုဏ်ပြုဆုပေးပွဲများ ပြုလုပ်ဖို့ လိုပါကြောင်း စသည့် အကြောင်းအရာများ ဖြစ်ပါသည်။
ထို့နောက် ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဧရာမင်းမှ ဂုဏ်ပြုဆုပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ဂုဏ်ထူးရဘာသာပြဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသားကျောင်းသူ(၁၃)ဦးနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ(၄၆)ဦးတို့အား တာဝန်ရှိသူများမှ အသီးသီး ဂုဏ်ပြုဆုပေးခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါသည်။
ဂုဏ်ပြုဆုပေးခြင်းအစီစဉ်ပြုလုပ်ပြီးနာက် အထကကျောက်တလုံးကြီးကျောင်းမှ ကျောင်းသူများက မောတို့ပျော်ရာ တောင်သာယာသီချင်းဖြင့်လည်ကောင်း၊ အထကဟမ်းဆီးကျောင်းမှ ကျောင်းသူများက လတ်တီး(၂)သီချင်းဖြင့်လည်းကောင်း၊ အထကလုံကားကျောင်းမှ ကျောင်းသူများက ပန်းရည်ဘဏ်တိုက်သီချင်းဖြင့်လည်းကောင်း၊ အထက(ခွဲ)နောင်ခဲကျောင်းမှ ကျောင်းသား/သူများက  ပအိုဝ်းရိုးရာအကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပါသည်။
ဤအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော် ဖြားခွန်သိန်းဖေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊  ကျောက်တလုံးကြီးမြို့ရှိ အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊  ကျောင်းတလုံးကြီးဒေသမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်  ဒေသခံမိဘပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.