တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်
ကမ္ဘာ့နိုင်ငံအသီးသီးများအနက် မြန်မာနိုင်ငံသည် စိတ်ထားမွန်မြတ်ပြီး အလှူအတန်းတွင် ရက်ရောကြလေသည်။ ထိုအထဲတွင်မှ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ကျွန်တော်တို့ပအိုဝ်းလူမျိုးများသည်လည်း စိတ်ထားမနောဖြူကာ အလှူအတန်းပြုရာ၊ ကုသိုလ်ပြုရာတွင် အင်မတန်မှ မွေ့လျော်ကြသည်။
မိမိတို့ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်သော လမ်းတံတားများ ဆောက်လုပ်ပြုပြင်ရာတွင် လည်းကောင်း၊ ရေစီးရေလာကောင်းမွန်ရန်အတွက်လည်း အများအလုပ်ဟုသဘောထားပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးကာ ကိုယ်အားဖြင့် အလှူပြုကြသည်။ မိမိတို့ရပ်ရွာဒေသတွင် မိသားစုတစ်စုစုမှ အိမ်အသစ်ဆောက်လုပ်ရာတွင်လည်း စိတ်ပူစရာမလို ၎င်းရပ်ရွာဒေသရှိလူများ ၀ိုင်းဝန်းကူညီတည်ဆောက်ပေးကြရာ တစ်ရက်နှစ်ရက်တည်းဖြင့် အပြီး ဆောက်နိုင်သည်။ ငွေအားမလှူနိုင်သော်လည်း လုပ်အားဖြင့်လှူခြင်းပင်။ ဘုန်းကြီးကျောင်းဆောင်များ ဆောက် ရာတွင်လည်း သူ့ထက်ငါဦးအောင် လှူကြသည်။ ပွဲလမ်းသဘင်များတွင်လည်း တချို့ကဆန်လှူ၊ အချို့က ဟင်းသီးဟင်းရွက်လှူ စသဖြင့် တွေ့ရှိရသည်။ စေတီတည်မည်ဆိုကလည်း မည်သည့်ဒေသတွင်မဆို သွားရောက်လှူသည်။ ရှင်လောင်းပွဲများလည်း အကြီးအကျယ်လုပ်ဆောင်တတ်ကြသည်။
ထိုနည်းတူပင် လက်ရှိမြန်မာနိုင်ငံအနှံ့အပြားတွင်ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုကြောင့် အိုးအိမ်ကို စွန့်ခွာကာ ရေဘေးကြုံတွေ့သူများကို သွားရောက်လှူဒါန်းကြသည်။ ထိုသို့လှူဒါန်းရာတွင် တစ်ဦးတစ်ယောက်တည်းဖြင့် သွားရောက်လှူဒါန်းမှုများရှိသကဲ့သို့ စုပေါင်းကာလှူဒါန်ခြင်း၊ စေတနာအရင်းခံအဖွဲ့အစည်းများမှ လှူဒါန်းခြင်း၊ အဖွဲ့အစည်းများမှ လှူဒါန်းခြင်းများကို အများအပြားတွေ့မြင်ရပါသည်။ ဤကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားများသည် စေတနာထက်သန်စွာဖြင့် အလှူအတန်းပြုကြကြောင်းထင်ရှားလေသည်။
သို့သော် ကမ္ဘာပေါ်တွင် မိမိ၏ကိုယ်ကျိုးစီးပွားကို မလိုလားသူဟူ၍ရှိမည်မထင်။ ရဲရင့်စွာအသက်ကို စွန့်သူများပင်လျှင် တမလွန်ဘ၀အကျိုးသော်လည်းကောင်း၊ ကျန်ရစ်မည့် ဂုဏ်သတင်းများကိုလည်းကောင်း လိုလား၍ အသက်စွန့် ကြလေသည်။ ကုသိုလ်ကောင်းမှုကိုပြုလျှင် သေလွန်ပြီးနောက် အကျိုးထူးခံစားရမည်ဟူသော အစွဲသည် လူတိုင်းနီးပါးနှင့် ဘာသာတရားတိုင်းတွင်ရှိကြသည်။ အသိပညာနည်းလေလေ ထိုအယူသီးမှုမြင့်မားလေလေ ဖြစ်နိုင်သည်။
၎င်းအယူအစွဲများသည် မည်သည့်ဘာသာတရားတွင်မဆို ရှိကြလေသည်။ ကြွယ်ဝသူတို့၏ စိတ်၌လည်းကောင်း၊ ဘုန်းတန်ခိုးကြီးသူတို့၏ စိတ်၌လည်းကောင်း ရှေးကပြုခဲ့သောကုသိုလ်၏အကျိုးဟု ပုံသေမှတ်ထင်ကာ တိုး၍တိုး၍ ပေးကမ်းတတ်ကြ၏။ ထိုကဲ့သို့သော ပေးကမ်းခြင်း၊ လှူဒါန်းခြင်းသည် ကိုယ်ကျိုးကို ရှုခြင်းပင် ဖြစ်လေသည်။ ကိုယ်ကျိုးကို မကြည့်ပဲ တာဝန်ရှိရှိ ၀တ္တရားကျေကျေ သဘောထားကာ ရက်ရောစွာ စွန့်ကြဲသူနည်းပါးလေသည်။
ရှေးကပြုခဲ့သော ကောင်းမှုကြောင့် ယခုဘ၀တွင် ခံစားရသည်ဟူသောအယူသည် ဗုဒ္ဓဘာသာများတွင် အခြားဘာသာများထက် ပို၍ယဉ်ကျေးသည်ဟုဆိုရမည်။ ဤဘ၀၌လည်းကောင်း၊ နောင်တမလွန် ဘ၀အတွက်လည်း ကောင်း လှူသူတွေများစွာရှိလေသည်။ ဒါနတော ဟူသောစကားဖြင့် “ဤဘ၀၌သာသနာကို လှူသမျှသည် နိဗ္ဗာန်သို့ရောက်ရှိရန်စုမိ၏” ဟူသောအဟောမျိုးသည် ရှေ့အဆက်ဆက်ကပင်ဟောကြားကြလေသည်။
စိတ်သဘောထားဖြူသူ ဥာဏ်အဆင့်အတန်းမြင့်သူဖြစ်လိုက ပေးကမ်းစွန့်ကြဲရာ၌ နောင်ကျိုးကိုမမျှော်အပ်ပေ။ အလှူလုပ်ပါက သေလွန်သည့်အခါ ချက်ချင်း နိဗ္ဗာန်ရောက်မည်၊ လှူဒါန်းလျှင် စီးပွားဖြစ်ကာတိုးတက်မည် ဟူသော အစွဲကိုရှောင်ရှားသင့်သည်။
ယခုအခါသည် ငွေကြေးရှားပါးသောအခါဖြစ်၍ အမျိုးသားဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်ရာတွင် ငွေကြေးများစွာ လိုအပ်လေသည်။ ထိုကဲ့သို့သောခေတ်မျိုးတွင် လှူဒါန်းပေးကမ်းခြင်းအလုပ်များကို လိမ္မာပါးနပ်စွာ ပြုသင့်သည်။ မိမိဂုဏ်တက်စေရန် ရှိရင်းစွဲကိုလဲလှယ်ကာ အပေါ်ရံအသုံးအဆောင်များ၊ ဇိမ်ခံအသုံးအဆောင်များကို ပုံအောကာ လှူခြင်းထက် လက်ရှိသဘာဝဘေးကြုံတွေ့နေရသောသူများ အမှန်တကယ် အခက်အခဲ တွေ့နေရသူ မိဘမဲ့များကို ပေးကမ်းခြင်းကသာ၍ မွန်မြတ်လေသည်။
အကျိုးမဲ့ဖြုန်းတီးခြင်း၊ ပကာသနအတွက် ပေးကမ်းခြင်း၊ သေပြီးနောက် အမှန်ပြန်ရမည်ဟုထင်စွဲခြင်း၊ မိမိတတ်နိုင်သည်ထက် ပိုမိုကာ ဂုဏ်ပြိုင်၍လှူခြင်း စသည့်အမျိုးသားဖွံ့ဖြိုးမှု ဆုတ်ယုတ်ပျက်စီးရာ ပျက်စီးကြောင်း အလုပ်များကို နည်းစေလျက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ ရက်ရောစွာအကုန်ခံသင့်ပေသည်။ မြန်မာလူမျိုးများသည် အလှူအတန်းရက်ရောသည်ဟူသော ဂုဏ်တစ်ခုအတွက်လည်း မလှူအပ်ပေ။ နယ်ဖက်ဒေသများတွင် အလှူအတန်းအကြီးအကျယ်ပြုသူများလေသည်။ ထိုသို့အလှူပေးနိုင်ရန် ငွေကိုအတိုးဖြင့် ချေးယူကာ လုပ်ဆောင်တတ်ကြသည်။ အမှန်တွင် ထိုသို့မလုပ်သင့်ပေ။ မိမိတတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပါကလည်း အလှူ အထမြှောက်နိုင်လေသည်။
ကုသိုလ်မှာ စေတနာသာ ပဓါနဖြစ်ရာ ပကာသနနှင့် စွန့်ကြဲခြင်းသည် အကျိုးမဲ့ဖြုန်းတီးခြင်းဖြစ်မည့်အပြင် ကိုယ်ကျိုးစီးပွားကို ရှာကြံသောစိတ်ယုတ်ကိုလည်း အားပေးရာရောက်သဖြင့် ယဉ်ကျေးသောစိတ် စေတနာစိတ် ဖြင့်သာ ပေးကမ်းခြင်း၌ ပြုရန်လိုလေသည်။
ခွန်ရှိုင်းကို
Like On Facebook
Follow On Twitter
Subscribe On RSS