Monday, August 29, 2016

စင်ကာပူနိုင်ငံအကြောင်းသိကောင်းစရာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်


ယနေ့အရှေ့တောင်အာရှတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် နည်းပညာများဖြင့် တိုးတက်အောင်မြင် နေသော စင်ကာပူနိုင်ငံသည်မလေးရှားကျွန်းဆွယ်၏ အရှေ့တောင်ဘက်နှင့် အင်ဒိုနီးရှားကျွန်းစုမြောက်ဘက် တွင်တည်ရှိသည်။ အရှေ့တောင်အာရှတွင် အဓိက Global City ဖြစ်သည့်အပြင် ကမ္ဘာတွင် အဓိက အချက်အချာကျသော သင်္ဘောဆိပ်ကမ်းမြို့တော်လည်း ဖြစ်ပေသည်။
စင်ကာပူနိုင်ငံကို AD(၂)ရာစုတွင် စတင်အခြေချတည်ထောင်ခဲ့ကြပြီး (၁၃)ရာစုတွင် စင်ကာပူဘုရင်တစ်ပါးမှ အချက်အချာကျသော သင်္ဘောဆိပ်ကမ်းကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ၁၃၉၈-ခုနှစ်တွင် မဂျာပဟစ်လူမျိုး ၏  တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၁၆၁၃-ခုနှစ်တွင် ပေါ်တူဂီလူမျိုး၏ လျှပ်တပြက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက် ရာစု(၂)ခုအထိ စင်ကာပူနိုင်ငံကို မလေးရှားနိုင်ငံဂျိုဟိုးမြို့နှင့်တွဲ၍ မလေးရှားအင်ပါယာအဖြစ် သတ်မှတ်ကာ အုပ်ချုပ်ခဲ့ပြန်သည်။ ထိုအချိန်တွင် ပင်လယ်ဆိပ်ကမ်းဒေသအနီးရှိ စီးပွားကူးသန်းရောင်းဝယ် မှုများကို နယ်သာလန်နိုင်ငံ၊ ဒတ်ခ်ျ(Dutch)လူမျိုးမှ ချုပ်ကိုင်ထားသည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ - ခုနှစ်တွင် ဂျပန်၏ကျုးကျော်မှုကို ခံရပြီး ၁၉၄၅-ခုနှစ်တွင် ပြန်လည် ခုခံတိုက်ခိုက်ကာ စစ်အောင်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ချုပ်ငြိမ်းသွားပြီးနောက် ဗြိတိသျှ၏ထိန်းချုပ်မှု လက်အောက်ခံဘ၀သို့ ကျရောက်ခဲ့ရပြန်သည်။ ၁၉၆၃-ခုနှစ်တွင် စင်ကာပူနိုင်ငံကို ကိုယ်ပိုင်အစိုးရပေါ် ထွက်လာရန် ဖက်ဒရယ်ကိုအခြေခံသော မူဝါဒဖြစ်ရန်စုစည်းပြီး မလေးရှားနှင့် ပူးတွဲအုပ်ချုပ်မှုကို နယ်မြေအရ ခွဲထွက်ရန် ကြိုးပမ်းခဲ့သည်။
ထို့နောက် စင်ကာပူနိုင်ငံမှ လူထုအဖွဲ့အစည်းဖြစ်သော (People Action Party)PAPခွဲထွက်ရေးပါတီမှ ကိုယ်စားလှယ်နှင့် မလေးရှားနိုင်ငံ(Alliance Party)ပါတီကိုယ်စားလှယ်ယှဉ်ပြိုင်ရာမှ PAPပါတီအနိုင်ရကာ ၁၉၆၅-ခုနှစ် သြဂုတ် ၉ ရက်နေ့တွင် စင်ကာပူနိုင်ငံသည် လွတ်လပ်သော ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည် နိုင်ခဲ့သည်။
လွတ်လပ်ရေးမရခင် စင်ကာပူနိုင်ငံကို ဗြိတိသျှအုပ်ချုပ်စဉ်တွင် သင်္ဘောဆိပ်ကမ်းကို ခန်းနားထည်ဝါစွာ တည်ဆောက်ထားပြီး အာရှနိုင်ငံများနှင့် အခြားနိုင်ငံကြီးများဖြစ်သော ဥရောပတိုက်နှင့် အပြန်အလှန် ကုန်သွယ်ရာမှ အဓိကအချက်အခြာကျသော ကမ္ဘာ့ဆိပ်ကမ်းဖြစ်လာသည်။ ၁၉၆၅-ခုနှစ်မှ ၁၉၉၀-ခုနှစ်တွင် ကမ္ဘာ့အကြီးမားဆုံးပင်လယ်သင်္ဘောဆိပ်ကမ်းအဖြစ် သတ်မှတ်ခြင်းခံရသည်။
စင်ကာပူနိုင်ငံ၏စီးပွားရေးတစ်ခုအဖြစ် အောင်မြင်နေသော စင်ကာပူလေကြောင်းလိုင်းသည်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်စသော နိုင်ငံများနှင့် ပူးပေါင်း၍ အဓိကပျံသန်းကာ ကုန်သွယ် လျက်ရှိသည်။
စင်ကာပူနိုင်ငံသည် အခွန်အနည်းငယ်မျှဖြင့် စီးပွားကူးသန်းရောင်းဝယ်ခွင့်ပြုသဖြင့် အခွန်ကင်းလွတ်သော နိုင်ငံအဖြစ်လည်း ကမ္ဘာက အသိအမှတ်ပြုကြသည်။ ကမ္ဘာ့ဈေးကွက်တွင်  ဈေးနှုန်းယှဉ်ပြိုင်နိုင်ခြင်း၊ နည်းပညာကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာလှုပ်ရှားခြင်းနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများကို ဖိတ်ခေါ်ခြင်းတို့ကြောင့် အာရှေ့တောင်အာရှတွင် စီးပွားရေးအောင်မြင်သော Top Ten နိုင်ငံများထဲတွင် ပါဝင်ပါသည်။
စင်ကာပူနိုင်ငံ၏ပညာရေးတွင် ပုဂ္ဂလိကကိုယ်ပိုင်ပညာရေးကျောင်းနှင့် အစိုးရပညာရေးကျောင်းဟူ၍ နှစ်မျိုးရှိရာ ကျောင်းအားလုံးသည် စင်ကာပူပညာရေးဝန်ကြီးဌာနတွင် စာရင်းတင်သွင်းကြရသည်။ စင်ကာပူ နိုင်ငံတွင် တရုတ်၊ မလေး၊ အိန္ဒိယနှင့် အခြားနိုင်ငံမှ လာရောက်နေထိုင်သောလူမျိုးများဖြင့် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ ထိုလူမျိုးစုအလိုက် မိခင်ဘာသာစကားကိုပြောဆိုကြသော်လည်း လူမျိုးခြားများနှင့် ဆက်သွယ်စကားပြောရာတွင်မူ ကမ္ဘာသုံး၊ ရုံးသုံးဖြစ်သောအင်္ဂလိပ် ဘာသာစကားဖြင့် ဆက်ဆံပြောဆိုသကဲ့သို့ ကျောင်းပညာရေးပြဌာန်းစာအုပ်တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းကာ သင်ကြားလျက်ရှိသည်။ ထို့အပြင် မိခင်ဘာသာအလိုက်ဖြစ်သော တရုတ်၊ မလေးနှင့် အန္ဒိယဘာသာ များကိုလည်း သင်ကြားခွင့်ရှိသည်။ အင်္ဂလိပ်ဘာသာကို ပထမဦးစားပေးအဖြစ်သတ်မှတ်၍ ကျန်သော မိခင်ဘာသာများကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ပေးသည်။
ပညာရေးအဆင့်သတ်မှတ်ရာတွင် မူလတန်းကို(၆)နှစ်တက်ရောက်အောင်မြင်ပြီးလျှင်  PSLE ဟူ၍လည်းကောင်း၊ အလယ်တန်းကို (၄)နှစ်တက်ရောက်အောင်မြင်ပြီးလျှင် GCE “O” Level ဟူ၍လည်းကောင်း၊ အလယ်တန်းပညာသင်ကြားစဉ်တွင် ကျွမ်းကျင်မှုအလိုက်ရသော ရမှတ်ပေါ်မူတည်၍ Special, Express, Academic (Normal) ဟူ၍ သတ်မှတ်ကာ တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရသည်။ တက္ကသိုလ်ဝင်တန်းကို  (၂)နှစ် မှ (၃)နှစ်ခန့်တက်ရောက်အောင်မြင်ပြီးလျှင် GCE “A” Level ဟူ၍လည်းကောင်း ခေါ်ဆိုသတ်မှတ်သည်။ ထိုမှတစ်ဆင့်တက္ကသိုလ်များသို့ တက်ခွင့်ရသည်။
စင်ကာပူကျောင်းသားများသည် ကမ္ဘာ့အတော်ဆုံးကျောင်းသားအဖြစ် နံပတ်(၅)နေရာတွင် ရပ်တည်နိုင်သော ကျောင်းသားများဖြစ်သည်။ ၁၉၉၅-ခုနှစ်မှ ၂၀၁၁-ခုနှစ်အတွင်း နိုင်ငံတကာသိပ္ပံနှင့် သင်္ချာဘာသာရပ် များဆိုင်ရာသုံးသပ်မှုအဖွဲ့မှ ပြန်လည်သုံးသပ်ချက်အရ စင်ကာပူနိုင်ငံသည် အဆိုပါဘာသာရပ်များ လှုပ်ရှားမှုတွင် နှစ်စဉ်ကမ္ဘာ့နံပတ်(၃)အဆင့်ထိ အောင်မြင်မှုရှိသော နိုင်ငံဖြစ်သည်။
စင်ကာပူအစိုးရတက္ကသိုလ်ကျောင်းဖြစ်သော “National University of Singapore”တက္ကသိုလ်နှင့် “Nanyang Technological University” တက္ကသိုလ်များ၏ ပညာရည်မြင့်မားမှုသည် ကမ္ဘာ့အဆင့် (၁၃)အဖြစ် ရပ်တည်နိုင်သော တက္ကသိုလ်များဖြစ်သည်။
နိုင်ငံတကာအရည်အသွေးပြည့်မီသော ပညာရေးအစီအစဉ်များဖြင့် မွေးထုတ်လေ့ကျင့် ပေးခြင်းခံရသော ကျောင်းသားများမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ပညာရေးမှသည် အောင်မြင်သော စီးပွားရေး လုပ်ငန်းအဖြစ်သို့ စွမ်းဆောင်နိုင်ခဲ့သည်။
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ဖြစ်စဉ်တွင် စင်ကာပူနိုင်ငံသည် ကျွန်းစုနိုင်ငံ ဖြစ်သောကြောင့် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းနှင့် ပင်လယ်သင်္ဘောဆိပ်ကမ်းတွင် ကူလီထမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခင်က စင်ကာပူနိုင်ငံရှိလူမျိုးများသည် အခြေခံအလုပ်ကို လုပ်ကိုင်ခြင်းမှစ၍ တိုးတက်အောင်မြင်လိုစိတ်ဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထိုမှရသောငွေကြေးဖြင့် မိသားစုစားဝတ်နေရေးအတွက်တစ်ပုံ၊ သား/သမီးများကို ပညာသင်ကြားနိုင်ရန် တစ်ပုံဟူ၍ ပညာရေးကို မဖြစ်မနေတတ်မြောက်စေရန် သင်ယူလေ့လာစေခဲ့သည်။ သဘာဝသယံဇာတများစွာ မကြွယ်ဝသော နိုင်ငံအတွက် ပညာရေးအရင်းအမြစ်ကြွယ်ဝရန် လွန်စွာအရေးကြီးသည်ကို စင်ကာပူနိုင်ငံသားများသည် ထိုအချိန်ကပင်ကောင်းစွာ နားလည်ခဲ့ကြသည်။ ယနေ့စင်ကာပူနိုင်ငံသည် ပညာရေးမှသည် ခေတ်မီသော နည်းစနစ်ကို အသုံးပြုကာ စင်ကာပူနိုင်ငံတိုးတက်စေရန် စီမံခန့်ခွဲနိုင်သည်။ မည်သည့်အရာမဆို လုံ့လ၀ီရိယစိုက်ကာ ကြိုးပမ်းဆောင်ရွက်လျှင် အောင်မြင်မှုရမည်မှာမလွဲဟု ယုံကြည်ကြသောကြောင့်  ယနေ့မျိုးဆက်သစ်များကို ပညာရေးဖြင့် အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။
သဘာဝသယံဇာတဟုဆိုရာတွင် သောက်သုံးရန်ရေချိုပင် အလုံအလောက်မရှိခဲ့ပေ။ မလေးရှားနိုင်ငံမှ ဈေးကြီးစွာ ၀ယ်ယူခဲ့ရသည်။ သို့သော်ယခုအခါ နည်းပညာကို အသုံးပြု၍ ပြည်တွင်းရှိရေလောင်ကန်မှရေနှင့် ရေဆိုးရေညစ်ကို ခေတ်မီနည်းပညာကို အသုံးပြု၍ အဆင့်ဆင့်သန့်စင်ကာ စင်ကာပူတစ်နိုင်ငံလုံးသို့ ဖြန့်ဝေနိုင်ပြီဖြစ်သည်။
စင်ကာပူနိုင်ငံသားတစ်ဦး၏ပြောပြချက်အရ “ယခင်က စင်ကာပူလူနေမှုအဆင့်သည် ပင်လယ်ကမ်းခြေ တစ်ဝိုက်တွင် တဲကလေးဖြင့် မိသားစုဘ၀ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ဘ၀တွင် မည်သို့ချို့တဲ့စေကာမူ လုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်၍ သား/သမီးပညာရေးကို မပျက်မကွက် သင်ယူစေခြင်းကြောင့် ယခုအခါ တဲကလေးဘ၀မှ အထပ်ပေါင်း (၅၀)အထိမြင့်သော အဆောက်အဦးကြီး၊ ခေတ်မီသော မြေအောက်ရထားလမ်းနှင့် အခြားခေတ်မီသော အဆောက်အအုံကြီးများကို တည်ဆောက်နိုင်ခဲ့ပေပြီ”ဟု နှိုင်းယှဉ်ပြကာ ပြောပြခဲ့ပါသည်။
စာရေးသူစင်ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရာမှ လေ့လာချက်အရ စင်ကာပူနိုင်ငံသားများသည် အလုပ်ချိန်ကို မည်သို့လေးစားကြသည်၊ အချိန်ကို မည်သို့တန်ဖိုးထားကြသည်ကို သိလိုလျှင် “စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွင် အစားအသောက်ကို ပြင်ဆင်ပေးသောဆိုင်ရှင်၏ သွက်လက် မြန်ဆန်စွာ ၀န်ဆောင်မှုပေးခြင်း၊ စားသောက်နေကြသော ဖောက်သည်များ၏ကြာသင့်သော စားသောက်ချိန် မျှသာ စားသောက်ပြီး မိမိတို့လိုရာခရီးသို့ ဆက်လက်ချီတက်ခြင်းနှင့် အလုပ်သွားကြမည့်သူတို့ ၏ သွက်လက်မြန်ဆန်စွာ လမ်းလျှောက်နှုန်းကို စောင့်ကြည့်ပါ”ဟုသာ ပြောချင်ပါသည်။ အကြောင်းမှာ အချိန်တိုင်းသည် လုပ်ငန်းအတွက် တန်ဖိုးရှိသောကြောင့်ပင်ဖြစ်သည်။ စားသောက်ဆိုင်ပိုင်ရှင်သည် စားသုံးသူဖောက်သည်၏စောင့်ဆိုင်းမှုအတွက် မြန်သထက်မြန်စွာ စီမံပေးနိုင်ခြင်းသည် များစွာသော ဖောက်သည်ကို ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် စီးပွားပိုမိုတိုးတက်စေမည်ဖြစ်သည်။
စင်ကာပူနိုင်ငံသားများသည် ချမ်းသာလေလေအလုပ်ကိုပို၍ လုပ်လေလေဖြစ်သည်။ အချို့အလုပ်ရှင်သည် အလုပ်သမားလုပ်ရမည့်အလုပ်ချိန်ထက် ပိုလုပ်လေ့ရှိသည်ကို လေ့လာခဲ့ရပါသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် စင်ကာပူနိုင်ငံတိုးတက်နေခြင်းမှာ ပညာရေးကို အခြေခံပြီး နည်းစနစ်ကျစွာ လုပ်ဆောင်ခြင်း၊ စည်းကမ်းကိုလေးစားလိုက်နာခြင်း၊ လုံ့လ၀ီရိယစိုက်ထုတ်ကာ ကြိုးပမ်းခြင်းကြောင့်  သဘာဝသယံဇာတများစွာမကြွယ်ဝသော်လည်း လူသားအရင်းအမြစ်ဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုး တိုးတက်စေရန် စွမ်းဆောင်နိုင်သော နိုင်ငံဖြစ်ပေသည်ဟု သုံးသပ်လိုက်ရပါသည်။

နန်ခမ်းကောင်    ( ခွန်ဖြားဗွာခမ်း)
Powered by Blogger.