တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၈) ရက်
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့၊ တောင်ကြီးနည်းပညာတက္ကသိုလ်မှ ပအိုဝ်းကျောင်းသား/သူများ စုပေါင်း၍ ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းဘုန်းတော်ကြီးကျောင်းတွင် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၀ါဆိုသင်္ကန်ကပ်လှူပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီထံမှ သွားရောက်ပြီး သြ၀ါဒစကားကို ခံယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ သြ၀ါဒခံယူရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီက ၁၉၉၁-ခုနှစ်မှ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသမှာ အခြေခံမူလတန်းကျောင်းမှ အထက်တန်းကျောင်းအဆင့်သို့ ပိုမိုဖွင့်လှစ်နိုင်ပြီးနောက် ကောင်းမွန်သောပညာရေးသင်ကြားမှုများကို သင်ယူရပြီး ပအိုဝ်း ဘွဲ့ရကျောင်းသားကျောင်းသူများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီဖြစ်ကြောင်း ရှင်းလင်း ပြောကြားပေးခဲ့ပြီး “ယခုခေတ်လို ကျောင်းသားကျောင်းသူများအနေဖြင့် ကောင်းမွန်သော ပညာရေးနည်း စနစ်များကို သင်ကြားခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါကြောင်း၊ ဘွဲ့ရပြီးသော ကျောင်းသား ကျောင်းသူများဟာလည်း မိမိရပ်ရွာဒေသ လူမျိုးဘာသာ သာသနာအကျိုး နိုင်ငံအကျိုးများကို တတ်နိုင်တစ်ရွေ့ ပါဝင်ကူညီဆောင်ရွက်သွားပြီး လူမျိုးဘာသာ နိုင်ငံအတွက် အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်လာနိုင်စေရန် လိုအပ်နေပြီဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးနည်းပညာတက္ကသိုလ်မှ ပအိုဝ်းကျောင်းသား/သူများအဖွဲ့ ခွန်ဖိုးလွန် က “ယခုလို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီ၏ သြ၀ါစကားကို ခံယူခဲ့ရသည့်အတွက် အလွန်ပင် ဂုဏ်ယူ ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူများဟာ ယခုလို အဘဦးအောင်ခမ်းထီထံ သြ၀ါဒစကားခံယူရာမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ ခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီကို အသိအမှတ်ပြုတဲ့အနေဖြင့် မိမိတို့ကျောင်းသား ကျောင်းသူများ အနေနဲ့ ယခုလို လာပြီးသြ၀ါဒ ခံယူရခြင်းဖြစ်ပါတယ်။ အခြားသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ လည်း အဘဦးအောင်ခမ်းထီ၏ သြ၀ါဒကို ခံယူသင့်ပါကြောင်း” ၎င်းကပြောကြားသွားပါသည်။
ဆက်လက်ပြီး တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများသည် မွေတော်ကက္ကူဘုရားကို သွားရောက်ကြည်ညိုဖူးမြော်ခဲ့ကြပြီး မွေတော်ကက္ကူဘုရားပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
ခွန်ပန်းစိန်
Like On Facebook
Follow On Twitter
Subscribe On RSS