Sunday, August 7, 2016

ဘ၀ကံကြမ္မာအရေး ကံစမ်းနေကြရသည့်တောင်သူများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၈) ရက်



ကျွန်ုပ်တို့နေထိုင်သော အမိမြန်မာနိုင်ငံတော်တွင် မြို့ပြနေလူတန်းစားနှင့် ကျေးလက်နေလူတန်းဟူ၍ နှစ်မျိုးနှစ်စားသော လူတန်းစားကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ထိုသို့သော လူတန်းစား နှစ်ရပ်တို့သည် ဘ၀ကံကြမ္မာအရေးကို မတူညီသော နေရာဒေသနှင့် ကွဲပြားခြားနားသော အကြောင်းအရာများပေါ်တွင် ကံစမ်းနေကြရသည်။ လူသားတို့သည် နတ်၊ ဘုရားများ မဟုတ်သဖြင့် မနက်ဖြန်နှင့် နေ့ရက်များစွာသော အနာဂတ်ကို ကြိုတင်မမြင်နိုင်၊ မသိရှိနိုင်ကြပေ။ အနာဂတ်တွင် မည်သို့ဖြစ်လာနိုင်မည်ကို ကြိုတင်ခန့်မှန်းမှု များဖြင့် ရှေ့သို့ဘ၀ခရီးလှမ်းနေကြရပါသည်။ အချို့သည် ကြိုတင်ခန့်မှန်းမှုမရှိပဲ တစ်နေ၀င် တစ်နေထွက် အဓိပ္ပါယ်မဲ့စွာ ဘ၀ကိုဖြတ်သန်းနေကြပါသည်။ အချို့သည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေ အရပ်ရပ်များအပေါ် မှီငြမ်းပြီး မိမိတို့ဘ၀ တိုးတက်မြင့်မားရေးအတွက် တစ်နေ၀င်တစ်နေထွက် တိုက်ကွက်အလှများဖြင့် ဘ၀ကို ဖြတ်သန်းကြပါသည်။ ကြိုတင်မမြင်နိုင်သော မသိရှိနိုင်သော လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကံစမ်းခြင်းလုပ်ငန်းပင်ဟု ဆိုနိုင်ပါသည်။
မြို့ပြနေလူတန်းစား သော်လည်းကောင်း၊ ကျေးလက်နေ လူတန်းစားသော်လည်းကောင်း ကံစမ်းခြင်း လုပ်ငန်းကို အောင်ဘာလေသိန်းထီ ထီထိုးသမားများပမာ မိမိတို့အလိုရှိသော ဆုလာဒ်အရာများကို ကံစမ်း နေကြရသည်။ သို့သော် မတူကွဲပြား ခြားနားသော အရာများကို ကံစမ်းနေကြပါသည်။ ကျေးလက်နေ လူတန်းစားတို့သည် စိုက်ပျိုးမွေးမြူရေးကို နဖူးတွေ့ဒူးတွေ့ဖြင့် ရာသီဥတု၊ မြေဆီလွှာနှင့် ပိုးမွှားများကို ဦးစွာ ရင်ဆိုင်နေကြရပါသည်။ ထို့နောက်တွင် ဈေးကွက်ကိုလည်း ဆက်လက်ရင်ဆိုင်ရပါသေးသည်။ စိုက်ပျိုးရေး တောင်သူအများစုသည် စိုက်ပျိုးရာသီ မျိုးစေ့မြေမချခင်အကြိုကာလတွင် စိုက်ခင်းနေရာများတွင် မြက်ပင်များ၊ ခြုံပုတ်များနှင့် အခြားသော ငုတ်ကိုင်းများကို ဖယ်ရှားခြင်း၊ ထယ်ထိုးခြင်းများကို ကြိုတင်ပြုလုပ်ရသည်။ ကြိုပြုလုပ်ပြင်ဆင် ရန်အတွက် ပြင်ဆင်စရိတ်များ မတတ်နိုင်သော တောင်သူများသည် ပွဲစားများထံ(သို့မဟုတ်) ငွေတိုးငွေချေးပုဂ္ဂိုလ်များထံတွင် ငွေကြေးကို  အတိုးဖြင့် ချေးယူရပါသည်။ ထို့အပြင် သီးနှံများအတွက် လိုအပ်သော မြေသြဇာများကိုလည်း ပွဲစားများထံတွင် ကြိုတင်စနစ်ဖြင့် ထုတ်ချေးကာ သီးနှံပေါ်ချိန်တွင် ပြန်ဆပ် သည့်စနစ်ကို သုံးစွဲကြရသည်။ အချို့တောင်သူများသည် ဘ၀ပေးကံကြမ္မာမလှသဖြင့် စိုက်ပျိုးရန်မြေနေရာ၊ မျိုးစေ့နှင့် စိုက်ပျိုးစရိတ်များ မရှိကြသဖြင့် အစစအရာရာ ငွေတိုးငွေချေးသူများထံမှ အတိုးငွေမြင့်မားစွာ ချေးယူပြီး စိုက်ပျိုးခဲ့ရသည်။ သီးနှံပေါ်ချိန်တွင် သီးနှံများအထွက်တိုးပါက ဈေးနှုန်းများလည်း ကောင်းစွာရရှိပါမှ ရင်းခဲ့ရသည်များ တွက်ချေကိုက်မည်ဖြစ်သည်။ သို့မဟုတ်ပါက ရရှိရင်း ပြန်ဆပ်ရင်းနှင့် သံသရာလည်နေမည်ဖြစ်သည်။ ပိုဆိုးသည်မှာ သီးနှံများ ထွက်ရှိသင့်သလောက်မထွက်ရှိဘဲ ကြွေးမြီများကိုသာ ဆပ်နေရသည့် အခြေအနေသို့ ရောက်ရှိပါက မရှိဆင်းရဲသည့်ဘ၀တွင် နစ်သထက် ပို၍နစ်ကာ “စားစရာမရှိ ဆပ်ရန်ရှိ” ဆိုသည့်ဘ၀သို့ ရောက်ရှိသွားနိုင်ပါသည်။ ဤသည်များသည် တောင်သူများမှ ရင် ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ကံစမ်းခြင်းလုပ်ငန်းများပင်ဖြစ်သည်။
ကျေးလက်နေလူတန်းစားတောင်သူများသည် စီးပွားရေးကို စိုက်ပျိုးမွေးမြူရေးဖြင့် အဓိက ၀င်ငွေရှာနေရသူ များဖြစ်သည်။ တနည်းအားဖြင့် ထွက်ကုန်များကို ထုတ်လုပ်ပေးသော သူများဖြစ်သည်။ ထွက်ကုန်များ ထုတ်လုပ်သော ကျေးလက်နေလူတန်းစားတောင်သူများအတွက် ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်၊ စိုက်ပျိုးရေးအထောက်အပံ့များနှင့် အာမခံရှိသော ဈေးကွက်များ ဖန်တီးပေးရန် လိုအပ်ပါသည်။ အာမခံချက် များရှိပါမှ ၎င်းတို့စားဝတ်နေရေးဖူလုံမှုရှိမှသာ ၎င်းတို့၏ သားသမီးပညာရေးနှင့် နိုင်ငံတော်ဘဏ္ဍာဖူလုံရေးများ ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။ အချို့သောနိုင်ငံများသည် စိုက်ပျိုးသူနှင့် သုံးစွဲသူတို့မှ အပြန်အလှန် အာမခံချက်များ စာချုပ်ပြုလုပ်ကြသည်ကို လေ့လာကြားသိရပါသည်။ စိုက်ပျိုးသူတောင်သူများဘက်မှ မိမိတို့သီးနှံများနှင့် ကိုက်ညီသော ဈေးနှုန်းများရရှိပါက စိုက်ပျိုးသီးနှံများ အရည်အသွေးပြည့်ဝရေးနှင့် လိုအပ်သောသီးနှံပမာဏများကို အာမခံပေးပြီး၊ သုံးစွဲသူဝယ်ယူသူများ ဘက်မှ လည်း အရည်အသွေး ပြည့်မီသော သီးနှံများရရှိပါက သီးနှံများအတွက် လျော်ညီသင့်မြတ်သည့် ဈေးနှုန်းများဖြင့် အာမခံပေးပြီး အပြန်အလှန် သဘောတူချုပ်ဆိုခဲ့ကြသည်။ ဤသည်တို့ကို မိမိတို့မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ကြည့် မည်ဆိုလျှင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဒေသသို့ အာမခံအမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်ကြပြီး ပျက်ပြယ် သည့်အာမခံများ၊ လိမ်လည်သည့်အာမခံများကိုသာ စိုက်ပျိုးရေးတောင်သူများက ခံစားကြရသည်။ ဤသည် တို့ဖြစ်ရသည်မှာ စိုက်ပျိုးရေးတောင်သူများသည် ဆင်ခြင်သုံးသပ်နိုင်သည့်အသိပညာနည်းပါးခြင်း၊ ဗဟုသုတ နည်းပါးခြင်း၊ ငွေကိုသာကြည့်ပြီး လောဘတက်ခြင်း၊ အယုံလွယ်ခြင်းတို့ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းတို့ကြောင့်ဟု ဆိုနိုင်ပါသည်။
နှစ်ပေါင်းမြောက်မြားစွာမှ စိုက်ပျိုးတောင်သူများသည် ရင်ဆိုင်မှုအဖုံဖုံ ကုန်ဆုံးမှုအမျိုးမျိုးဖြင့် ခံစားလာခဲ့ကြသော တလွှဲအဖြစ်အပျက်များကို အဆုံးသတ်လိုပါပြီ။ ကောင်းမွန်သော စိုက်ပျိုးရေးနှင့် ခိုင်မာသောဈေးကွက်ကို ရရှိခံစားနိုင်ရန် တောင်းတလိုလားလှပါပြီဖြစ်သည်။ ယခုကာလသည်လည်း စိုက်ပျိုးရာသီသို့ရောက်ရှိပြီး စိုက်ပျိုးရေးတောင်သူတို့သည်လည်း ဘ၀ကံကြမ္မာအရေး ကံစမ်းစိုက်ပျိုးခဲ့လေပြီ၊ နှစ်စဉ်စိုက်ပျိုးဝင်ငွေတိုး လိုပြီဖြစ်ခြင်းကြောင့် ရာသီဥတုဒဏ်နှင့်ပိုးမွှားဒဏ်ကို အန်တုပြီး ခိုင်မာသောဈေးကွက်ကို ရရှိခံစားနိုင်စေရန် မျှော်ကိုးရင်း ရေးသားလိုက်ရပါသည်။


ခွန်ဗန်ထို၊ စမ်းဖက်ရွေ၊ ခွန်ဖြားဗွာခမ်း

Powered by Blogger.