Thursday, August 4, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးအဖွဲ့မှ တာဝန်ရှိသူများ ဒေသခံများနှင့်တွေ့ဆုံ


တောင်ကြီး၊ ၂၀၁၆-ခုနှစ်၊ သြဂုတ်လ (၄) ရက်





၂၀၁၆၊ သြဂုတ်လ(၂)ရက်၊ မနက် (၁၁)နာရီအချိန် တောင်ကြီးမြို့နယ်၊ နမ်းဟောင်းမွှေတော်ကျေးရွာအုပ်စု၊ ရန်အောင်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိသူများ နန်းဟောင်းမွေတော်ကျေးရွာအုပ်စု၊ ရွာပေါင်း(၁၈)ရွာမှ ဒေသခံလူထုများနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံမှုတွင် နမ်းဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ပေါက်စီမှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေမှ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့် ဆိုင်ရာဆိုင်ရာ အပိုင်းကဏ္ဍများ တိုးတက်မှသာ  ပြီးပြည့်စုံသော တိုးတက်မှုဖြစ်ပါကြောင်း၊ စီးပွားရေး တိုးတက်မှုသာမက  ဘာသာရေးအသိ၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်နိုင်သည့် စိတ်အခံ အရည်အချင်းများလည်း ရှိဖို့ လိုအပ်ပါကြောင်း၊ ယခုခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည့်အလျောက် မိမိရသင့်ရထိုက်သည့် အခွင့်အရေးများကို ရယူဖို့ ကြိုးစားသင့်ပါကြောင်း စသည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့်  ဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် လူမျိုးရေး ဘာသာရေး ခွဲခြားမှုမရှိပဲ တတ်နိုင်သမျှ လုပ်ဆောင်နေသည့်အကြောင်းအရာများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းစွာလုပ်နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်ဖို့ အမြဲတမ်းကြိုးစားနေပါကြောင်း စသည့်အကြောင်းအရာများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးရှိ ဌာန(၁၁)ခု၏ အကြောင်းအရာများနှင့် ၎င်းတို့၏ လုပ်ငန်းများကို ဒေသခံလူထုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လွှတ်တော်ရေးရာဌာန ဌာနမှူး ခွန်အောင်နိုင်မှ လွှတ်တော်အကြောင်းနှင့် ပြည်သူများမှ မိမိဒေသလိုအပ်ချက်များကို လွှတ်တော်အမတ်ထံသို့ မည်သို့မည်ပုံ တင်ပြတောင်းဆိုရမည်ကိုလည်း ရှင်းပြခဲ့ပါသည်။
ရှေ့ဆက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေမှ သင်တန်းဆိုင်ရာ (၁) စွမ်းရည်မြှင့်သင်တန်း၊ (၂) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်း၊ (၃) စွန့်ဦးတီထွင် စီးပွားရေးသင်တန်း အကြောင်းများနှင့်  စီးပွားရေးပြုလုပ်ခြင်းအကြောင်းအကျဉ်း၊ မိမိဒေသမှ ဘယ်သင်တန်းအမျိုးအစားများ လိုအပ်သည်ကို ဗဟိုဌာနချုပ်ရုံးသို့ ဆက်သွယ်ကာ လိုအပ်သည့်သင်တန်းများကို ပေးသွားမည်ဖြစ်ပါကြောင်းလည်း ဒေသခံလူထုများအား ရှင်းပြခဲ့ပါသည်။
မေးခွန်းမေးမြန်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ပြီးနောက် နန်းဟောင်းမွေတော်အွိုင်း ဥက္ကဋ္ဌ ဖြားခွန်ယွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစီအစဉ်ကို နေ့လည် (၁း၄၅)မိနစ်အချိန်တွင်  ပြီးဆုံးခဲ့ပါသည်။

ခွန်စုထူးယံ 


Powered by Blogger.