Thursday, August 4, 2016

လမ်းပန်းဆက်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုလျော့ကျစေနိုင်

တောင်ကြီး၊ ၂၀၁၆-ခုနှစ်၊ သြဂုတ်လ (၄)ရက်



လူ့လောကတွင် သတ္တ၀ါအားလုံးတို့သည် စားဝတ်နေရေးအတွက် အချိန်နှင့်အမျှ ရုန်းကန်နေကြရသည်။ ဒေသအလိုက် မိမိတို့ဝမ်းစာရေးအတွက် အဆင်ပြေစေမည့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးအဖုံဖုံ လုပ်ကိုင်ကြရသည်။  တခါတရံတွင်ပင် မိမိတို့မိသားစု၏ စားဝတ်နေရေးအတွက် အဆင်မပြေမှုများ ကြုံတွေ့လာရတတ်ပါသည်။ အဆင်မပြေမှုများ ကြုံတွေ့လာသည့်အခါ မိမိတို့စားဝတ်နေရေးအတွက် အဆင်ပြေသော်လည်း သူတပါး၏ စီးပွားရေးထိခိုက်သောအဖြစ်မျိုးလည်း ရှိတတ်ပါသည်။ မိမိတို့လုပ်ကိုင် ဆောင်ရွက်နေရသော အချို့စီးပွားရေး လုပ်ငန်းသည် တရားမ၀င်သော်လည်း ဆက်လက်လုပ်ကိုင် နေကြသည်ကို တွေ့ရပါသည်။
ကျေးလက်တောရွာများသည် မြို့ပြများထက် အစစအရာရာနိမ့်ပါးလျက်ရှိပါသည်။ ကျေးလက်နှင့် မြို့ပြများသည် ကွာခြားချက်ကြီးမားလွန်းလှသည်။ ထို့ကြောင့်ကျေးလက်ဒေသ များတွင် မြို့ပြများထက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော ကိစ္စရပ်များ အားနည်းနေသေးသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် လမ်းပန်း ဆက်သွယ်ရေးကလည်း များစွာပင် နောက်ကျနေပါသည်။ ပညာရေးသည်လည်းနိမ့်ပါး၊ လမ်းပန်း ဆက်သွယ်ရေးသည်လည်း ညံ့ဖျင်းနေသောကြောင့် ဖွံ့ဖြိုးတိုးတက်ရန် အလွန်နောက်ကျနေပါသည်။ ကျေးလက် နေတောင်သူများလည်း မြို့ပြများနှင့်အညီ ကျေးလက်ဒေသကိုလည်း ဖွံ့ဖြိုးတိုးတက်လိုပါသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများသည် စီးပွားရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်လာကြသည်။ လုပ်ကိုင်နေသော စီးပွားရေးသည် “တရားဝင်လော၊ တရားမ၀င်လော” ဆိုသည်မှာ အသိပညာနည်းပါးသည့်အတွက် မခွဲခြားတတ် သေးပေ။ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ဘိန်းများပိုမိုစိုက်ပျိုးလာကြတော့သည်။ ဘိန်းစိုက်ပျိုးလျှင် စားဝတ် နေရေးအတွက် အဆင်ပြေရုံသာမက ရုပ်ဝထ္ထုပစ္စည်း ပိုင်ဆိုင်ရာတွင်လည်း လျှင်မြန်စွာတိုးတက်လာသောကြောင့် ဘိန်းကိုတိုး၍သာ စိုက်ပျိုးလာကြခြင်းဖြစ်သည်။
လွန်ခဲ့သော (၅)နှစ်ခန့်တွင် နိုင်ငံတော်အစိုးရက ဘိန်းစိုက်ပျိုးမှု လျော့ကျစေလိုခြင်းကြောင့် အစားထိုး သီးနှံအဖြစ် ပြောင်း၊ နှမ်း ထုတ်ပေးခဲ့ပါသည်။ သို့သော်လည်း သီးနှံများထွက်လာသောအခါ လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုကြောင့် ရောင်းဝယ်ဖောက်ကားရန် အတားအဆီးတစ်ခုဖြစ်လာသည်။  ရောင်းဝယ်ဖောက်ကားမှု အဆင်မပြေသောကြောင့် စီးပွားရေးလုပ်ငန်းများလည်းကျဆင်းလာသည်။ စီးပွားရေးလုပ်ငန်း ကျဆင်းလာသည်နှင့် အမျှ စားဝတ်နေရေးကိုလည်း ထိခိုက်လာပါသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများသည် “ပိုနေမြဲ၊ ကျားနေမြဲ” အတိုင်း ဘိန်းစိုက်ပျိုးမှုကို တစ်ဖန်ခေတ်စား လုပ်ကိုင်လာကြတော့သည်။
ယခုအချိန်တွင် ကျေးလက်တောရွာများ၌ ပဲစင်းငုံ၊ ပဲပုတ်၊ အာလူး စသော ကောက်ပဲသီးနှံများ စိုက်ပျိုး ကြသော်လည်း သီးနှံများထွက်ချိန်တွင် မြို့သို့သယ်ယူပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် သီးနှံများထွက်ရှိသည့် ပမာဏအတိုင်း စီးပွားရေးမဖြစ်ထွန်းနိုင်တော့ချေ။ ဈေးကွက်များတွင်လည်း အချိန်လွန်မှ ရောက်ရှိသောကြောင့် အရောင်းအ၀ယ်နည်းပါးလာသည်။ ဥပမာ- အာလူးတစ်အိတ်လျှင် ရောင်းရမည့်ဈေးနှုန်း ထက် သယ်ယူပို့ဆောင်ခက ပိုများနေသည်။ ထိုကြောင့် တောရွာနေရွာသူရွာသားများက အခြားသီးနှံများထက် မူးယစ်ဆေးဝါး ဖြစ်သော၊ စီးပွားဖြစ်ထွန်းလွယ်သော ဘိန်းကိုသာ ဆက်လက်စိုက်ပျိုးနေကြသည်။
ယနေ့ခေတ်တွင် ကားလမ်းမပေါက်ရောက်သော နေရာမရှိသလောက်နည်းပါးသော်လည်း ဒေသခေါင်သီ ဝေးလံသောကျေးလက်နှင့်နယ်စပ်ဒေသတွင် ကားလမ်းမရောက်သေးသောရွာများ ကျန်ရှိနေသေးသည်။ ထို ကျေးလက်တောရွာများတွင် ဘိန်းစိုက်ပျိုးမှုလုပ်ကိုင်နေကြသေးသည်။ တရားမ၀င်သောစီးပွားရေးကို အခြေအနေ ကြောင့် လုပ်ကိုင်စားသောက်နေကြရသည်။ လူနေမှုအဆင့်အတန်းနိမ့်နေသေးသော၊ လူသူအရောက်အပေါက် နည်းပါးသော၊ ဖွံ့ဖြိုးမှုနောက်ကျနေသေးသော ကျေးလက်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုကြောင့် ဘ၀ပါပျက်စီး သူများလည်းရှိသည်။
အချုပ်အားဖြင့်ဆိုသော် ဘိန်းစိုက်ပျိုးသော ကျေးလက်တောင်သူလယ်သမားများသည် စီးပွားရေးအဖြစ် စိုက်ပျိုးနေရသောကြောင့် စီးပွားရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကဖြစ်သည်။ ကျေးရွာ တစ်ရွာနှင့်တစ်ရွာသော်လည်းကောင်း၊ ကျေးရွာနှင့်မြို့သော်လည်းကောင်း ဆက်သွယ်ရာတွင် အရေးကြီးဆုံးမှာ လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမွန်လျှင် အခြားသီးနှံများကို ဘိန်းအစား ထိုးသီးနှံအဖြစ် စိုက်ပျိုးပြီး စီးပွားဖြစ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးပြီး စီးပွားဖြစ်လာ လျှင် ဘိန်းစိုက်ပျိုးမှု တဖြည်းဖြည်းလျော့နည်းလာပြီး အမြစ်ပြတ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မည်။ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျစေလိုလျှင် အစားထိုးသီးနှံများထုတ်ပေးခြင်းထက် လမ်းပန်းဆက်သွယ်ရေးကိုသာ ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းသာလျှင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

နန်းခမ်းညာ( ကောင်တန်ဒေသ)

Powered by Blogger.