Wednesday, August 3, 2016

ကျောင်းသူ/ကျောင်းသားများ ဘဝလမ်းကြောင်းရွေးချယ်ခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်


ရံဖန်ရံခါမှာ တစ်ယောက်တည်းနေရင်းအတွေးမျိုးစုံဖြင့် ကောင်းတလှည့်၊ ဆိုးတလှည့်နှင့် မိမိကိုယ်ကိုအားမလို၊ အားမရဖြစ်နေရသည့် အကြိမ်ပေါင်းများလွန်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိဖြတ်သန်းရာ ကျောင်းသားဘ၀လမ်းခရီးသည် ယခုချိန်တွင်ပြန်တွေးမိတိုင်းစိတ်မကောင်း ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ လွန်လေပြီးသောမိမိတို့ကျောင်းသားဘ၀ ခေတ်ကာလမှာဖြင့်(လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်) ပညာရေးစနစ်သည် ကောင်းလား၊ မကောင်းလား ဆိုသည်ကိုတိကျစွာနားလည်နိုင်ခြင်းမရှိလှပေ။ အမှန်အားဖြင့်လည်းကောင်း၏ဆိုး၏ ဆိုသည်ကို စာဖတ်သူများအနေဖြင့် သိရှိပြီးပင်ဖြစ်ပေသည်။
ခေတ်စနစ်မည်သို့ပင်ဖြစ်စေ မိမိကိုယ်တိုင်သည်ပင် “ဘယ်လမ်းလျှောက်မှ ဘယ်ခရီး ရောက်မည်၊ ဘယ်ဘာသာရပ်သည်ပင် မိမိအတွက်သင့်တော်သည်မိမိအတွက်ဘ၀အာမခံချက်ကို အကောင်းဆုံးပေးစွမ်းနိုင်သည်” ကိုသိရှိနားလည်ခြင်းမရှိခဲ့ပေ။ မိမိသည်သာအလွန်ပင် ညံ့ဖျင်းနေသူ တစ်ဦးပင်ဖြစ်နေခြင်းကြောင့်နည်း။ သို့သော် မိမိသည်တောရပ်တောရွာမှ စာသင်ကျောင်း၌ သာဘာသာရပ်များကိုသင်ကြားခဲ့ရသူသာ ဖြစ်ပေသည်။ မိမိအတွက်သည် ပုံမှန်အားဖြင့် မနက်မိုးလင်းလို့ ကျောင်းတက်ချိန်ရောက်တိုင်း ကျောင်းတက်မည်။ ကျောင်းဆင်းချိန်ရောက်တိုင်း ကျောင်းဆင်းအိမ်ပြန်၊ အဆောင်ပြန်မည်။ အိမ်စာရှိသည်ဖြစ်စေ၊ ကျက်စာရှိသည်ဖြစ်စေ အတတ်နိုင်ဆုံးမိမိတာဝန်များကို အစွမ်းကုန်ကျေပွန်အောင်ထမ်းဆောင်ခဲ့ရုံပင်ဖြစ်သည်။ မိမိမှာ ရည်မှန်းချက်မရှိ၊ ပန်းတိုင်မရှိ၊ နောင်လာမည့်ဘ၀မှာ ဘယ်လမ်းခရီးသည် မိမိအတွက် အကောင်းဆုံးဆိုသည်ကို သိရှိခြင်းမရှိခဲ့ပေ။ ၎င်းသင်ခန်းစာများမှလညှ်း မိမိတို့အတွက်ရရှိနိုင်မည့် ဗဟုသုတများ၊ အတတ်ပညာ၊ အသိပညာမြောက်များစွာကို မြင်တွေ့နိုင်ခြင်းမရှိသည်မှာ မိမိတစ်ယောက်တည်းသာ ဖြစ်မည်ဟုမထင်မိပါ။ အင်ဂျင်နီယာ၊ ဆရာဝန်များမှအစ ကျောင်းဆရာ/မများ၊ ရုံးစာရေးများမှအဆုံး(ဌာနဆိုင်ရာတွင် တာဝန်ထမ်းဆောင်နေကြသူများအားလုံး) ဖြစ်တည်လာမှု၏အရင်းခံသည် စာသင်ကျောင်းများ၊ အထက်တန်းကျောင်းများမှပင်ဖြစ်သည်။ လူမျိုးတစ်မျိုးဖွံ့ဖြိုးမှုသည် ထိုလူမျိုးများ၏ ပညာအရည်အချင်းအပေါ် အဓိကကျပါသည်။  မိမိတို့အရပ်ဒေသ မိမိတို့ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့်ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာများ ဖြစ်စေ၊ ကျောင်းဆရာ/မများဖြစ်စေ အခြားသောညီအစ်ကိုတိုင်းရင်းသားများမှ အများဆုံးပင် ဖြစ်သည်ကို မိမိတစ်ဦးတည်းသာသတိထားမိလိမ့်မည်ဟု မထင်မိပါ။ မိမိတို့ပအိုဝ်းလူမျိုးတို့သည် ခေတ်စနစ်အချိန်အခါအရသာ ယနေ့ထက်ထိ အစိုးရဌာနဆိုင်ရာများတွင် ပါဝင်လုပ်ဆောင်ခြင်းများ နည်းနေခြင်းဖြစ်ကြောင့်ဟု  ထင်မြင်ယူဆမိပါသည်။ ယုံကြည်မိသည်မှာ ခေတ်စနစ်ပြောင်းလဲ လာသည်နှင့်အညီ မိမိတို့ပအိုဝ်းလူမျိုးများမှလည်း ထိုက်သင့်သလောက်သော အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်လာမည်။ ဆက်လက်ပြီးအင်ဂျင်နီယာဘွဲ့၊ ဆရာဝန်ဘွဲ့များကိုလည်း ယခင်ကထက်ပိုမိုမြင်တွေ့ ရမည်ဖြစ်ပေသည်။ မြင်တွေ့နိုင်ရန်အတွက်သည်လည်း မိမိတို့ပအိုဝ်းလူငယ် ကျောင်းသား/သူများသည် မိမိတို့၏ရည်မှန်းချက်များသေချာစွာထားရှိပြီး၊ မိမိတို့နှင့် အံဝင်ကွင်ကျမည့်ဘာသာရပ်များကို ရွေးချယ်တတ်ရန်လိုအပ်လွန်းလှပေသည်။
ယခုချိန်မှာတော့ဖြင့် ကျွန်ုပ်သည် လွန်လေပြီးသောအထက်တန်းကျောင်းသားဘ၀မှာ ယခုထက်ကောင်းသောဘွဲ့မျိုး၊ ယခုထက်ကောင်းသောစွမ်းဆောင်ရည်မျိုး၊ ယခုထက်ကောင်း သောဘ၀မျိုးပိုင်ဆိုင်နိုင်ရန် သက်ဆိုင်ဘာသာရပ်ကို သင်ယူခဲ့ရရင်အကောင်းသားဟု စဉ်းစားရင်းနဲ့သာ မသိနားမလည်ခဲ့သည့်အတွက် နောင်တများနှင့်အသက်ဆက်နေရသည်ကို ယနေ့ခေတ် မျိုးဆက်သစ်ပအိုဝ်းလူငယ် ကျောင်းသူ/သားများမှ သင်ခန်းစာယူရင်း ခေတ်နှင့်ဆီလျော်သော ဘွဲ့ထူး၊ ဘွဲ့ကောင်းများပိုင်ဆိုင်နိုင်ရန် မှန်ကန်သောရွေးချယ်ဆုံးဖြတ်မှုများ ပြုလုပ်နိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

ခွန်အောင်နိုင်(ခဲုင်း)

Powered by Blogger.