Monday, August 1, 2016

“စကားအရာ ပျားတကာ”

တောင်ကြီး၊ ၂၀၁၆-ခုနှစ်၊ သြဂုတ်လ (၂) ရက်

           
လောကကြီးတွင် သဘာဝတရားသည်က လူသားတို့ကို ကြည့်ရန်အတွက် မျက်လုံးနှစ်ဖက်၊ နားထောင်ရန်အတွက် နားနှစ်ဖက်၊ အသက်ရှုရန်အတွက် နှာခေါင်းပေါက်နှစ်ပေါက်နှင့် စကားပြောရန်အတွက် ပါးစပ်တစ်ပေါက် ဖန်ဆင်းပေးထားသည်။  ပါးစပ်တစ်ပေါက်သာ ဖန်ဆင်းထားသည်မှာ မုသားစကားပြောဆိုမည်ကို စိုးလွန်းသောကြောင့် ဖြစ်သည်။ လူသားတို့သည် မုသားစကားများ ပြောကြပါက အားလုံးပျက်စီးသွားနိုင်သည်။ လူတို့တွင် စရိုက်အမျိုးမျိုးရှိကြသည်။ ချွတ်ယွင်းသော၊ မကောင်းသော မုသားစကားပြောသူ၏ အရေအတွက်မှာလည်း မနည်းပေ။  လောကီထုတ်ပတ် လူတို့ဇာတ်တွင် လူအမျိုးမျိုး စိတ်ထွေထွေရှိ၍ နှုတ်ထွက်သည့် စကားလည်း အမျိုးမျိုးရှိကြသည်။ ထို့ကြောင့် စကားကို မီးကဲ့သို့သုံး၍ရသကဲ့သို့၊ စကားကို ရေကဲ့သို့လည်း သုံးစွဲ၍ရနိုင်ပါသည်။ စကားသည် မီးလိုပူနိုင်သကဲ့သို့၊ ရေလိုလည်း အေးမြစေနိုင်သည်။ ထို့အတူ လူတို့၏ နှုတ်လျှာငယ်ကလေးက ကုသိုလ်ရကြောင်း ပြောဆို၍ရသကဲ့သို့ အကုသိုလ်ဖြစ်ကြောင်းလည်း ဖန်တီး၍ရနိုင်သည်။ ထို့ကြောင့် သူတော်ကောင်းနှင့် နီးနေမှသာ သူတော်ကောင်းစကား ကြားရdမည်။ သူတော်ကောင်းစကား ကြားရမှသာ အသိတရားရရှိလာမည်။  စာကောင်းဖတ်၍ မိမိတို့ကိုယ်တိုင်လည်း တတ်လာမည်ဖြစ်သည်။ ဖတ်၍ တတ်လာသည်နှင့်အမျှ မိမိတို့အတွက်လည်း အကျိုးအမြတ်ရရှိမည်။ စကားတွင် စီးပွားရေးစကား၊ မေတ္တာစကား၊ သစ္စာစကား၊ ကရုဏာစကား၊ ဖရုဿဝါစာစကား၊ သမ္ဖပ္ပလာပစကား၊ မုသာဝါဒစကား၊ တရားစကား၊ အမှားစကား၊ သမီးရည်းစားအရေးစကားဟူ၍ အမျိုးမျိုးရှိသည်။
လူတိုင်းလူတိုင်းသည် စကားပြောဆိုရာတွင် အလုပ်သဘောအရစကားမပြောမဖြစ် ပြောရသကဲ့သို့ မိမိကိုယ်တိုင်က ပြောချင်ဆိုချင်သောကြောင့် ရင်ဖွင့်ပြောကြရသည်လည်း ရှိသည်။ စကားပြောကောင်းသည့်သူက အကြောင်းကိစ္စတိုင်း၌ လိုရင်းကို မှန်ကန်တိကျစွာ ပြောနိုင်သည်။ ကြားရသည့်တစ်ဖက်သားက အကျိုးအကြောင်း ညီညွတ်ဆီလျော်သည်ဟု လက်ခံကြသည်။ ကြားရသူ၏စိတ်နှလုံး၌ ထိအောင်၊ ငြိအောင်စကားလုံးဖြင့် စွမ်းဆောင်နိုင်သည်။ ကိုယ့်စကားကို ကြားနာရသူအတွက် စိတ်အနှောင့်အယှက်ကို မဖြစ်စေပဲ လိုလားနှစ်သက်စွာဖြင့် နားထောင်၍ မငြီးဟု စိတ်ခံစားမှုကို ဖြစ်စေသည်။
စကားပြောညံ့သောသူသည် ဆိုလိုရင်းမပေါ်နိုင်အောင် စကားကိုဝေ့လည်ကြောင်ပတ် ရှုပ်ရှုပ်ထွေးထွေး ပြောတတ်သည်။ ဆိုလိုရင်းကို မသိနိုင်သဖြင့် ကျိုးကြောင်းညီညွှတ်ဆီလျော်မှု ရှိမရှိလည်း မသိနိုင်ပေ၊ မဆုံးဖြတ်နိုင်ပေ။ အပြောကောင်းသူများကို လူအများက သဘောကျကြသည်။ အပြောကောင်းသူ၏ စကားကိုနှစ်လိုစွာ နားထောင်ကြသည်။ သို့သော် လူအချို့သည် အပြောကောင်းလို့ပင် ဂုဏ်တက်နေကြသည်။ ထို့ကြောင့် စကားပြောရာတွင် တစ်ကြိမ်တည်းဖြင့် ရှည်လျားစွာ မပြောသင့်ပေ။ ပြောရမည့် အလှည့်ကျမှ တိုတိုရှင်းရှင်း လိုရင်းကိုသာ ပြောသင့်ပါသည်။ အများအတွက်သာ အဓိကရည်ရွယ်ချက်ထားပြီး ပြောဆိုရမည်။ မိမိ၏ အကျိုးအတွက် ပြောဆိုနေသည့်တိုင် အများကနားလည်သဘောပေါက်အောင် စိတ်ဝင်စားလာအောင် ပြောဆို တတ်ရမည်။ အများအတွက် ကိုယ်ချင်းစာနာ၍ အများ၏ရှုထောင့်မှနေ၍ ကြည့်ကာ စကားပြောတတ်ရပါမည်။
စကားပြောရာ၌ မိမိတို့၏ပင်ကိုအာဝဇ္ဇာန်း အခြေအနေအရ အဆင်ပြေသလိုပြောပါက သူတစ်ပါးစိတ်ဝင်စားဖွယ်ကောင်းအောင် ပြောဆိုတတ်ရန် လိုအပ်ပါသည်။ မိမိတို့ စကားပြောကြရာတွင် စံနမူနာပြပင် ဖြစ်ပါစေ။ မိမိကိုယ်ကို ထည့်သွင်းစကားမဆိုပါနှင့်။ တစ်ဖက်သား နားလည် လွယ်အောင် သဘောပေါက်လွယ်အောင် စေတနာထားပြီး ဥပမာပြကာ ပြောဆိုခြင်းပြုပါ။ လူဟူသည် ကမ္ဘာအစကပင် စကားကို အကျယ်ချဲ့ထွင်ပြောတတ်ခြင်း၊ စကားကူးလူးပို့ဆောင် ဖြန့်ချိတတ်ခြင်း၊ သူတစ်ပါးအကြောင်းကို ချဲ့ထွင်၍ ထင်သလို ပြောတတ်ခြင်းများမှာ ကမ္ဘာတွင် လူတို့ မဆိတ်မသုဉ်းမချင်း ရှိနေမည်သာဖြစ်၍ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှယုံပြီး မပြောပါနှင့်။ လောကတွင် အမြင်အဆိုးဆုံးမှာလည်း မခန့်လေးစားမှု၊ ထေ့ငေါ့စောင်းရွဲ့ ပြောဆိုသံပင် ဖြစ်ပါသည်။  ထိုကဲ့သို့ ချောပြစ်ကုန်းတိုက်သည့်စကားကို ပြောတတ်သူသည် အခြားသော ပြစ်မှုများကိုလည်း ကျူးလွန်ရန် အသင့်ရှိသူ၊ မယုံကြည်ရသူပင် ဖြစ်နိုင်လေသည်။
လူတစ်ချို့တို့သည် စိတ်ရင်းကောင်းရှိလျက် အပြင်အမူအရာကြမ်းတမ်းခြင်း၊ အပြောအဆို မတတ်ခြင်းသည် စိန်ရိုင်းနှင့်တူသည်။ စိန်ရိုင်းသည် မြေကြီးအောက်မှသာ ရှိနေတတ်သည်။ အရာမဝင်ပေ၊ သွေးပြီး၍ အရောင်တင်ထားသော စိန်မှသာ မွန်မြတ်သော နေရာကို ရောက်နိုင်သည်။ ထို့ကြောင့် စိတ်ရင်းကောင်းသာရှိ၍ အပြောအဆို၊ အမူအရာကြမ်းတမ်းပါက သူတစ်ပါး၏ အထင် သေးမှုကို ခံရတတ်သည်။ သို့မှသာ စာများများဖတ်၍ မှတ်သားခြင်း၊ စာများများရေးသားခြင်း၊ စကားဟောပြောလေ့ရှိခြင်းသည် တိုးတက်သော အသိဥာဏ်ကို ရနိုင်လေသည်။ တစ်စုံတစ်ဦး အကြောင်းကို  အတင်းပြောတတ်ခြင်းမရှိရုံသာမက သူတစ်ပါးပြောလာခြင်းကိုပင် လက်မခံသော အကျင့်ရှိသူမှသာ မိမိ၏ စိတ်ဓာတ်နှင့် စာရိတ္တကို စိတ်ချရသူဖြစ်လေသည်။ အပေါင်းအသင်း လူဝင်ဆန့်ခြင်းအတွက် စကားပြော လိမ္မာပြေပြစ်သာယာခြင်းနှင့် ယဉ်ကျေးဖွယ်ရာရှိခြင်းသည် အရေးကြီးသည့် အချက်ပင်ဖြစ်သည်။ ထိုဂုဏ်ရှိသူသာလျှင် လူတိမ်၊ လူနက်(၂)မျိုးခွဲခြားနိုင်ပြီး ပေါင်းသင့်သူ၊ ခွာသင့်သူကို နားလည်ပေမည်။ လွယ်လွယ်ဖြင့် “ဟုတ်ကဲ့’’ဟု ပြောဆိုပြီး ကတိပေး လွယ်ခြင်းကို ရှောင်ကြဉ်ရမည်။ အဘက်ဘက်မှ ပညာဗဟုသုတအရည်အချင်း ပြည့်ဝသူသည် စ ကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အနှစ်သာရပညာသားပါရှိပြီး တစ်ဖက်သား၌ အကျိုးကျေးဇူးကို ဖြစ်စေ၍ သဘာဝဓမ္မနှင့် ကိုက်ညီလေသည်။ မိမိအကြောင်း၊ မိမိကိစ္စကို ဦးစွာမထား၊ မပြောဆိုပဲ သူတစ်ပါးအကျိုးကို အထူးပြုကာ ကြည့်ရှုပြုလုပ်တတ်ခြင်း၊ အမှန် တရားဘက်မှ အားနာမှုမရှိဘဲ ရပ်တည်ဦးဆောင်ပေးခြင်းမျာသည် မိမိတို့အတွက်များစွာ တန်ဖိုး နှင့် တန်ခိုးကို ဖြစ်စေသည်။
လောကတွင် ခံရအခက်ဆုံးသော အချက်မှာ မဟုတ်မမှန်ပဲ အထင်မှားကာ အစွပ်စွဲခံရခြင်းပင် ဖြစ်သည်။ သူတစ်ပါးက မိမိအပေါ် လွှဲမှားသည့် ထင်မြင်ချက်၊ ကဲ့ရဲ့ပြောဆိုမှုများ ရှိသော်လည်း မိမိအလုပ်၌ ရည်ရွယ်ချက် မှန်ကန်မြင့်မြတ်သော လုပ်ငန်းဖြစ်ပါက တုံ့ပြန်ရန်မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သောသူသည် ထိုသူကဲ့သို့ စကားပြောကဲ့ရဲ့နေရန် အချိန်မရ၊ အချိန်မရှိ သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် အပြစ်တင်စကားပြောခံရလျှင် ထိုစကား သည် သင့်အား ဆုံးမသတိပေးသော စကားသာ ဖြစ်သည်ဟုမှတ်ပါ။  ထို့ကြောင့် မိမိတို့ကြီးပွား တိုးတက်လိုလျှင် (၁) သူတစ်ပါးကျေးဇူးကို အောက်မေ့ပါ။ (၂) အတွေ့အကြုံများအပေါ်တွင် သတိထားပြီး သင်ခန်းစာယူပါ။ (၃) လုံ့လဝီရိယနိုးကြားတက်ကြွစွာရှိပါ။ (၄) သူတစ်ပါးကို ချီးမွမ်း သောစကား ပြောပါ။ ထို့ကြောင့် စကားပြောကောင်းသူတစ်ဦး၏ လိုအပ်ချက်မှာ စာများများဖတ် မှတ်၍ ဗဟုသုတကို ရှာရပေမည်။ စာဖတ်ခြင်းဖြင့် ပြည့်ဝစေပြီး ဆွေးနွေးပြောဆိုမေးမြန်းခြင်းမှာ တက်ကြွ ဖျတ်လတ်စေလျက် ရေးသားခြင်းက မှန်ကန်တိကျပြည့်ဝစေသည်။ နားထောင်ခြင်းမှ ပညာရရှိစေ၍ စကားဟောပြောခြင်းမှ အမှန်ဥာဏ်ထူး ရရှိစေသည်။
သို့မှသာ လောက၌ လူသားတို့သည် အပြစ်တင်စကားပြောခြင်း၊ ကဲ့ရဲ့ရှုတ်ချအပြစ်ပြောခြင်း၊ အပြုသဘောဝေဖန်ခြင်း စသည့် အချက်များကို မိမိတို့သိရှိရပြီးနောက် မိမိတို့အတွက် အမှန် တကယ်ဟုတ်မဟုတ် အပြစ်ကို ကိုယ်တိုင်ထပ်မံရှာဖွေစိစစ်လျက် ပြုပြင်ရန် လိုအပ်လေသည်။ ထိုအလေ့အထများကို သည်းခံတတ်လေ့ရှိပြီး ဝမ်းမြောက်စွာခံယူတတ်လေ့ရှိရန် ကြိုးစားလေ့ကျင့် ထားရုံမျှမက ပြုပြင်ကျင့်သုံးသွားသောသူမှသာ လောက၌ အောင်မြင်ခြင်းနေရာကို ရနိုင်လေ သည်။ ထို့ကြောင့် စကားပြောရာတွင် လိုရင်းတိုရှင်းသို့ ရောက်ပါစေ။ ကြည်လင်ပြတ်သားပါစေ။ လူမျိုးစုံနှင့် တွေ့ကြုံရမည်ဖြစ်၍ အစွမ်းကုန်သည်းခံတတ်ပါစေကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား - ဘုန်းမြင့်သွေး (သုတေသီ)
နန်းခမ်းရတနာ; (ခမ်းစန္တားဟေ့,)


Powered by Blogger.