Sunday, July 31, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံက မြန်မာပြည်၏အနာဂတ်ကို ပုံစံပြောင်းလဲပေးနိုင်မည့် လမ်းစဖြစ်လာနိုင်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဦးခွန်ဥက္ကာ ပြောကြား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်




တိုင်းရင်းသားလူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ခြင်းအားဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ စေရေးကို ပံ့ပိုးဆောင်ရွက်သွားမည်ဟု ရည်မှန်းချက်ထား၍ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဇူလိုင်လ(၂၇) ရက်မှ (၃၁)ရက်နေ့အထိ  မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ကျင်းပသော (၃၀) ရက်နေ့တွင် “မြန်မာနိုင်ငံလုံး ဆိုင်ရာလူငယ်ညီလာခံက မြန်မာပြည်၏ အနာဂတ်ကို ပုံစံပြောင်းလဲပေးနိုင်မည့် လမ်းစ ဖြစ်လာနိုင်” ဟု ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဦးခွန်ဥက္ကာက မီဒီယာများကို ပြောကြား ခဲ့ပါသည်။
“ဒီတိုင်းရင်းသားလူငယ်ညီလာခံက တိုင်းရင်းသားပေါင်းစုံ အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုနဲ့ ခေါ်ယူစုစည်းပေးတဲ့ ညီလာခံဖြစ်တော့ တကယ့်ကို အောင်မြင်တဲ့၊ ညီညွတ်ရေး အားကောင်းတဲ့ ညီလာခံတစ်ရပ်လို့ ပြောနိုင်ပါတယ်။ ဒီညီလာခံက မြန်မာပြည်ရဲ့ အနာဂတ်ကို အဆစ်အချိုး တစ်ကွေ့ ပေါ့ဗျာ၊ ပုံစံပြောင်းနိုင်မဲ့ အစလို့ ကျွန်တော်ယူဆတယ်ဗျ။ ဒီ့အပြင် လူကြီးတွေ လုပ်မဲ့ နေပြည်တော်က ၂၁-ရာစု ပင်လုံညီလာခံတို့လို၊ မိုင်ဂျာယန်မှာ လုပ်နေတဲ့ လက်နက်ကိုင် ညီလာခံတို့လို၊ အဲဒီ့လို ညီလာခံတွေမှာ စဉ်းစားစရာတွေ လူငယ်တွေက  စုဖွဲ့မှုကို ကြည့်လိုက်ရင်၊ စဉ်းစားစရာတွေ ဖြစ်လာနိုင်တယ်၊ အဲဒီ့အပေါ်မှာ လူငယ်ညီလာခံရဲ့တိုးတက်မှု အင်အားက ကြီးတယ် ” ဟု သူ့၏ အမြင်ကို ပြောပြထားပါသည်။
ထို့ပြင် ဦးခွန်ဥက္ကာက“ ထူးခြားချက်တစ်ခု ထင်သာမြင်သာ ရှိတာကို ကျွန်တော် တင်ပြချင်ပါတယ်၊ ၂၀၁၂ကတည်းက ဒီတိုင်းရင်းသားပေါင်းစုံ လူငယ်ညီလာခံ ကျင်းပဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဒီဖြစ်လာတဲ့ ရက်သတ်မှတ်တဲ့ အချိန်ရဲ့ တိုက်ဆိုင်မှုဟာ အံ့သြစရာကောင်းတယ်။ ဒီက (၂၇)-(၃၁)၊ ထို့အတူ မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကို ညီလာခံကလည်း (၂၆)-(၃၀) ဖြစ်လာတယ်။ ထို့အတူ မနေ့ကဘဲ မြောက်ပိုင်း အင်အားကြီးတွေဖြစ်တဲ့ “၀”အဖွဲ့အစည်း “မိုင်းလား”အဖွဲ့အစည်းတွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သွားတွေ့ကြတယ်၊ (ဖက်ဒီကေးရှင်း)တော်တော်မြင့်တဲ့ ထိပ်တန်းခေါင်းဆောင်တွေပေါ့ ၊ “၀”မှာ ဆိုလည်း ဖော်ယွေရိ ၊ ဖော်ယွေရိဆိုတာ ဖော်ယွေရှန်းရဲ့ ညီပေါ့၊ ပေါ်လစီကိုင်တဲ့သူပေါ့ ၊ နောက် “မိုင်းလား” ဆိုလည်း ဦးစိုင်းလင်း ကိုယ်တိုင်သွားပြီးတော့၊ အနာဂတ် ပြည်ထောင်စုအတွက် လှုပ်ရှားမှုတွေကိုတွေ့တော့ အင်မတန်အားကောင်းတဲ့ ဆုံချက်ဖြစ်တယ်၊ မိုင်ဂျာယန်ဆုံချက်၊ “၀” “မိုင်းလား” သွားရောက် ဆွေးနွေးတဲ့ ဆုံချက်၊ နောက်ဒီလူငယ်ညီလာခံရဲ့ ဆုံချက် ပေါ့ဗျာ။ ဒီ(၃)ခုဟာ မြန်မာပြည်ရဲ့ အနာဂတ် အပြောင်းအလဲအတွက် အင်မတန်မှကြီးမားတဲ့ ဆုံချက်(၃)ခု ဖြစ်တယ်” ဟု မီဒီယာများကို ပြောကြားသွားပါသည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၂၄)မျိုး တက်ရောက်ကြပြီး  ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူညီမျှရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ တရားဥပဒေစိုးရေး၊ လူငယ်နှင့် အမျိုးသမီးများ အခွင့်အရေးများကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုညီလာခံမှ တိုင်းရင်းသားလူငယ်များ၏ သဘောထားများ  ထုတ်ပြန်သွားမည်ဖြစ်ကြောင်း   သိရှိရပါသည်။

ခွန်ထင်;လေအောင်; 


Powered by Blogger.