Thursday, July 28, 2016

အော်ဂဲနစ်စနစ်ဖြင့်မြေဆီလွှာကို ထိန်းသိမ်းခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်



စိုက်ပျိုးရေးလုပ်ငန်းသည် သဘာဝတရားနှင့် အပြန်အလှန်အကျိုးပြုနေလျက်ရှိသည်။ သဘာဝတရားသာမရှိလျှင် သတ္တဝါအားလုံးတို့သည် အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။ ရှေးယခင် ဘိုးဘွားများသည် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်ပျက်စီးစေမည့်အပြုအမူများကို ရှောင်ကြဉ်ကြသည်။ ပိုးမွှားများနှင့်သတ္တဝါများကို သတ်ခြင်း၊ မြေကြီးအတွင်းရှိ မြေအောင်း ပိုးများကိုလည်း သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ ယခင်ကပိုးမွှားမျိုးစိတ်များသည် ယနေ့ခေတ် လောက်မများပေ။ ထို့ကြောင့် ဘိုးဘွားများ၏ စိုက်ပျိုးရေးလုပ်ငန်းသည် သတ္တဝါများအားလုံး မျှမျှတတနေထိုင်စားသောက်ကြသည့် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်လေသည်။ ထို့ကြောင့် “ဆီကိုရေချိုး ဆေးရိုးမီးလုံ၊ စပါးတောင်လိုပုံ” ဟုဆိုရလောက်အောင် စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်ပြီးသီးနှံများဖြစ်ထွန်းအောင်မြင်ခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှုမရှိစေသောစိုက်ပျိုးရေး၊ သတ္တဝါများမျှမျှတတ နေထိုင်စားသောက်ကြသည့် စိုက်ပျိုးရေးဖြစ်လေသည်။
ယနေ့ခေတ်စိုက်ပျိုးရေးတွင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည့်၊ မြေဆီသြဇာ၏ အရည်အသွေးကို ကျဆင်းစေနိုင်သည့်၊ သတ္တဝါများကိုသတ်သည့် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲလာပေသည်။ ကောင်းကျိုးထက်ဆိုးကျိုးများသည့် စိုက်ပျိုးရေးစနစ်ဖြစ်ပေတော့သည်။ ဓာတုမြေသြဇာများ အသုံးပြုခြင်းဖြင့် မြေ၏ဖွဲ့စည်းပုံများ ပျက်စီးလာသည်။ မြေအောင်းဆေးများ အသုံးပြုခြင်းဖြင့် မြေ၏ဖွဲ့စည်းပုံများ ပျက်စီးလာသည်။ မြေအောင်းဆေးများအသုံးပြုမှုကြောင့် မြေကြီးအတွင်း အကျိုးပြုသော ပိုးများကိုသေစေခြင်း၊ ပိုးသတ်ဆေးများအသုံးပြုမှုကြောင့် အကျိုးပြုပိုးမွှားများလည်း သေစေခြင်းကိုတွေ့ရသည်။ မြေဆီလွှာတွင်ရှိသော စွမ်းရည်များသည် သုံးစွဲ၍ မကုန်နိုင်သော်လည်း မှားယွင်းသောမြေအသုံးချမှု နည်းစနစ်များ၊ ထွန်ယက်ခြင်း၊ ရေသွင်းခြင်း စသည်တို့ကြောင့် မြေဆီလွှာအရည်အသွေးကျဆင်းမှုကို ကမ္ဘာ့အနှံ့အပြား ဖြစ်ပေါ်စေကာ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်ရပါသည်။ ထို့ကြောင့်မြေဆီလွှာမပျက်စီးရန် အော်ဂဲနစ်နည်း စနစ်ဖြင့် ထိန်းသိမ်းရန်လိုအပ်ပါသည်။
မြေဆီလွှာကောင်းမွန်ရေးနှင့် ထွန်ယက်စိုက်ပျိုးမှု ကောင်းမွန်ရေးလုပ်ကိုင်နိုင်ရန်အတွက် သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ ပြောင်းလဲစိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံစွန့်ပစ် ပစ္စည်းများနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးခြင်း၊ သဘာဝမြေသြဇာကျွေးခြင်း စသည်တို့ကို သဘာဝအလျောက်စနစ်တကျပြုလုပ်ရန်၊ ခွင့်ပြုထား သော ဓာတုနည်းဖြင့် ပြောင်းလဲထုတ်လုပ်သော သဘာဝစွန့်ပစ်ပစ္စည်းအတုများကိုသာ အသုံးပြု ရန်စသည်တို့်ဖြင့် မြေဆီလွှာပျက်စီးခြင်းကိုထိန်းသိမ်းနိုင်သည်။
မြန်မာအမြင်နှင့်ကြည့်လျှင် ဆိုင်များမှာစားသုံးသမျှ အော်ဂဲနစ်ဖြစ်မဖြစ် ခွဲခြားရန် ခက်ပါသည်။ သို့သော်နယ်များတွင် (၅)ရက်တစ်ဈေးရောင်းသည့် ဟင်းသီးဟင်းရွက်များသည် သဘာဝအတိုင်းစိုက်ပျိုးထားခြင်းဟုတ်မဟုတ် ဆန်းစစ်ကြည့်ရန်လိုပါသည်။ လတ်ဆတ်တိုင်း အော်ဂဲနစ်ဟုမဆိုနိုင်ပါ။  တောင်သူများ၏စီးပွားရေးအရ တရုတ်နိုင်ငံက မည်သည့်အရည်သွေး ရှိသည်ကိုမသိသော မြေသြဇာများသုံးစွဲခြင်းသည် အော်ဂဲနစ်နည်းစနစ်နှင့် ထုတ်လုပ်ထားသည် မဟုတ်ဟု ယူဆရပါမည်။ ၎င်းတို့မှာ စားဝတ်နေရေးအရ လယ်မြေထွက်ကုန်များကို ဓာတုဆေးဝါး မျုားအသုံးပြုပြီး ဆေးထိုးကြီးခြင်း၊ ဆေးထိုးမှည့်ခြင်း၊ ပေါင်းစပ်ဆေးများသုံးပြီး ဈေးကွက်ထဲသို့ အမြန်ရောက်ရေး ငွေအမြန်ရရှိရေးများလည်း ရှိပါသေးသည်။ ၎င်းအသီးအရွက်များကို စားသုံးကြ သောသူများသည် ရေရှည်တွင်ကျန်းမာရေးထိခိုက်လာနိုင်ပါသည်။ ယခုမြန်မာနိုင်ငံတွင် ကင်ဆာ ရောဂါများနှင့် မမြင်ဖူးမကြားဖူးသော ရောဂါများခံစားနေရခြင်းမှာ သဘာဝလွန်ဆေးများကို အသုံးပြုခြင်း၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆရပါသည်။
မြန်မာနိုင်ငံရှိအချို့ဒေသများတွင် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာကို အသုံးပြုပြီး ထွက်ရှိလာသောသီးနှံများကို Supermarket များတွင်လည်း  သီးသန့်ရောင်းကောင်တာများဖြင့် ပြသထားကာ ရောင်းချလာသည်ကို တွေ့ရပါသည်။ အော်ဂဲနစ်စနစ်စိုက်ပျိုးရေးထွက်ကုန်များသည် ဓာတ်မြေသြဇာအသုံးပြုထားသည့် သီးနှံထွက်ကုန်များထက် အရွယ်အစားသေးငယ်သော်လည်း ဓာတုကင်းစင်သောကြောင့် ပြည်ပဈေးကွက်တွင် ဝယ်လိုအားများသောထွက်ကုန် များဖြစ်ပါသည်။ ပြည်ပသို့တင်ပို့လျှင် နိုင်ငံခြားဝင်ငွေရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းတွင်လည်း ဓာတုကင်းလွတ် အသီးအနှံများအား တိုးချဲ့ရောင်းချလာနိုင်ခြင်းဖြင့် စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ် သောအစားအစာများကို ရရှိနိုင်မည်ဖြစ်ပါသည်။
အော်ဂဲနစ်စနစ်ဟူသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသော စီမံခန့်ခွဲမှုတစ်ခု ဖြစ်သည်။ ဤစနစ်ကိုဆောင်ရွက်ခြင်းဖြင့် သဘာဝဂေဟစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေသည့် ဇီဝမျိုးစိတ်များပွားများစေခြင်း၊ ဇီဝဖြစ်စဉ်ရှင်သန်စေခြင်းနှင့် မြေဆီလွှာ၏ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ် သတ္တိများ ပိုမိုမြင့်မားလာစေခြင်းဖြစ်သည်။ ထို့ပြင် မြေသားနှင့်မြေဆီလွှာကို အမှီသဟဲပြု၍ အပြန် အလှန်ကောင်းကျိုးပြုစေပြီး လူသားတို့၏ကျန်းမာရေးအတွက် အထောက်အကူပြုစေမည့် လယ်ယာသီးနှံစိုက်ပ်ျိုးခြင်းနှင့် အစာအဟာရ ထုတ်လုပ်ခြင်းစနစ်များကိုပါ ရည်ညွန်းသည်ကို တွေ့ရသည်။ အော်ဂဲနစ်စနစ်သည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်၍ လိုက်လျောညီထွေဖြစ် သော တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးနည်းစနစ်တစ်ခု ဖြစ်ပါသည်။ ဤစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ခြင်းသည်  မြေဆီလွှာကိုကာကွယ်ထိန်းသိမ်းပေးခြင်း၊ ရေကိုသန့်စင်စေခြင်းနှင့် လေထုပတ်ဝန်း ကျင်တွင် စိုက်ပျိုးရေးကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုများကို လျော့နည်းစေခြင်းတို့ဖြစ်စေ ပါသည်။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ အရေးကြီးသောရည်ရွယ်ချက်မှာ မြေဆီလွှာကိုကောင်းမွန် ထက်သန်စေမှုကိုရရှိစေရန် အထောက်အပံ့ပြုပေးခြင်းဖြစ်သည်။ အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ်တွင် သမားရိုးကျစိုက်ပျိုးနည်းစနစ်နှင့်မတူသော သဘာဝမြေသြဇာများနှင့် တိရိစ္ဆာန်စွန့်ပစ် ပစ္စည်းများကို မြေဆီလွှာအတွင်းထည့်သွင်း၍ သက်ရှိအဏုဇီဝများ လုံးဝမသုံးစွဲဘဲ ဆွေးမြည့်နေသော အော်ဂဲနစ်မြေဆွေးများကို ထည့်သွင်းခြင်းဖြင့် အပင်အတွက် လိုအပ်သော အာဟာရကို တဖြည်းဖြည်းချင်းထုတ်လွှတ်ပေးစေသည်။ မြေတွင်းရှိအဏုဇီဝသက်ရှိများ၏ လုံလောက်စွာ တည်ရှိမှုကြောင့် ၎င်းတို့ကသီးနှံပင်လိုအပ်သော အဟာရဓာတ်ကို လုံလောက်စွာ ရရှိရန်အဆက်မပြတ် ထုတ်လုပ်ပေးခြင်းဖြစ်သည်။
အော်ဂဲနစ်နည်းစနစ်ကိုအသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လာမည်ဆိုလျှင် ပတ်ဝန်းကျင်ထိခိုက်မှုကို နည်းပါးစေသကဲ့သို့ စားသုံးသူများ၏ ကျန်းမာရေး ကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် မိမိတို့စိုက်ပျိုးမြေများ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများမပျက်စီးစေဘဲ ရေရှည်စိုက်ပျိုးနိုင်ပြီး အရည်အသွေးပြည့်ဝသောသီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဓာတုလွတ်(Organic) စိုက်ပျိုးရေးနည်းစနစ်ကို စမ်းသပ်စိုက်ပျိုးသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

ကိုးကားချက်။   ။ အွန်လိုင်းစာမျက်နှာ

ခြဲုင်းမူးပေ
(စန္တာခမ်း)






Powered by Blogger.