တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်
ကမ္ဘာဦးအစတွင် လူသားမျိုးနွယ် စတင်ဖြစ်ပေါ်လာစဉ်ကတည်းကပင် ယောကျာ်းနှင့်မိန်းမဟူ၍ အတူတူ ဖြစ်တည်ခဲ့ကြပါသည်။ ထိုစဉ်တွင် လူသားဘဝသည် မိန်းမဖြစ်၍ ယောကျာ်းနောက်ကသာလိုက်ရမည်ဟု ပညတ် ထားခြင်းမရှိခဲ့ပါ။ အမျိုးသားများသည် ခွန်အားဗလကြီးမားသူဖြစ်သောကြောင့် မိသားစုကို ကာကွယ်စောင့်ရှောက်ရန် ခေါင်းဆောင်နေရာကို အဓိကတာဝန်ယူကြရပါသည်။ ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းသည့် အချိန်ကာလမှာပင် ဗလအားကိုးဖြင့် ယောက်ကျာ်းများသည် ရှေ့ဆောင်နေရာတွင် ရပ်တည်ခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။ ထိုသို့သော ရပ်တည်လာမှုအစဉ်အလာအရ မိသားစုရှေ့ဆောင်မှသည် ရပ်ရွာခေါင်းဆောင်မှတစ်ဆင့် နိုင်ငံအထိ အဆင့်ဆင့် ခေါင်းဆောင်နေရာကို ရရှိခဲ့ကြပါသည်။ မူလအစကတည်းက ကာကွယ်စောင့်ရှောက်ရေး အပေါ်အခြေခံပြီး ခေါင်းဆောင်နေရာရရှိလာသော အမျိုးသားများ များပြားလာသောအခါ ၎င်းတို့သည် တိုင်းပြည်ကို စီမံအုပ်ချုပ်ရာ၌ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ထက် နိုင်ငံတော်ကာကွယ်ရေးကိုသာ ဦးစားပေးဆောင်ရွက်ပြီး စစ်လက်နက်များ အပြိုင်အဆိုင်တပ်ဆင်ရာမှ ကမ္ဘာနှင့်အဝှမ်းစစ်မက်များ ဖြစ်ပွားခဲ့ကြရပါသည်။ အမျိုးသမီးများကမူ စစ်ပွဲ၏ဒုက္ခအသီးသီးကို လိုက်လံခံစားနေရသူများဖြစ်လာရသည်။ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားကြ၊ ရွံ့မုန်းလာ ကြတော့သည်။ အမျိုးသမီးများသည် နူးညံ့သူများ၊ သိမ်မွေ့သူများဖြစ်ခြင်းကြောင့် အေးအေးချမ်းချမ်းနေလိုကြပြီး ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြသည်။ ထိုကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားသောအမျိုးသမီးများသည် နိုင်ငံခေါင်းဆောင်များအဖြစ် ပါဝင်ပတ်သက်ခွင့် မရှိမရရှိခဲ့သောကြောင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်း သာယာမှုမှာ ရေရှည်မဖြစ်ထွန်းခဲ့ပါ။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအများစုတွင် အလွန်အားနည်းနေသော အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်လာကြပါသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံ၏ သမိုင်းစဉ် တစ်လျှောက်ကို ပြန်လည်လေ့လာကြည့်ပါက နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးခေါင်းဆောင်များအနေဖြင့် တန်းတူညီမျှမှုမရှိခြင်းကြောင့် တိုင်းပြည်တွင် စစ်ရမ္မက်များထူပြောပြီး ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့မှုမရှိဘဲ ထိုစစ်ပွဲများကြောင့် နိုင်ငံဖွံ့ဖြိုးရေးမှာ မတိုးတက်သည့်အပြင် ဆုတ်ယုတ်နေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော အမျိုးသမီးခေါင်းဆောင်များသာ ပိုမိုများပြားလာပါက ပြည်တွင်းစစ်များလည်း အတော်များများအဆုံးသတ်နိုင်ပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်စည်ပင်ဝပြောလာမည်ဖြစ်သည်။ ထိုကဲ့သို့ အရေးကြီးလှသော အမျိုးသမီးများ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍများကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး အမျိုးသမီး ခေါင်းဆောင်များ ပိုမိုပေါ်ထွန်းလာစေရန် လိုအပ်ပေသည်။
၂၀ရာစုကာလမတိုင်ခင်ထိ အမျိုးသမီးများနိုင်ငံရေးနယ်ပယ်တွင် ပါဝင်မှုမှာ ကန့်သတ်ချက်အများအပြား ရှိခဲ့ပြီးနောက် ၂၀ရာစု နောက်ပိုင်းကာလတွင် အမျိုးသမီးများ၏ နိုင်ငံရေးနယ်ပယ်တွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ပတ်သက်မှုနှုန်းမှာလည်း သိသိသာသာမြှင့်တက်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ သို့သော် ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ်များနှင့် အာဏာရနေသော လူတစ်စုမှ နိုင်ငံရေးအဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထိန်းချုပ်ထားပါသည်။ နိုင်ငံတကာမှ အမျိုးသမီး အခွင့်အရေးကို လူ့အခွင့်အရေးဖြစ်သည်ဟု သဘောတူထားကြသော်လည်း အစိုးရအများစုမှာ ယနေ့ချိန်ထိ နားလည်သဘောပေါက်မှု နည်းနေသေးသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ကာကွယ်ကူညီစောင့်ရှောက်ပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာနှင့် အမျိုးသမီးစွမ်ဆောင်ရှင်များအသင်းဟု ရှိသော်လည်း ၎င်းတို့မှာ အစိုးရမှ နိုင်ငံတကာအား ပြရုပ်အဖြစ်အသုံးပြုထားသော အစိုးရ၏ လက်ကိုင်တုတ်များဖြစ်ကြပါသည်။
အမျိုးသမီးများ၏ ခန္ဓာဗေဒအရ အားနည်းခြင်းအပေါ်ယံကိုသာကြည့်ပြီး အားနွဲ့သူ၊ စိတ်ဓါတ် ပျော့ညံ့သူ၊ စိတ်လှုပ်ရှားလွယ်သူများဟု အလွယ်တကူသတ်မှတ်ကာ စဉ်းစားချင့်ချိန်ပြီးလုပ်ကိုင်ရသော လုပ်ငန်းများတွင် အမျိုးသားများကဲ့သို့ အောင်မြင်နိုင်စွမ်းမရှိဟု ခြုံငုံပြောဆိုတတ်ကြသည်။ ထိုကဲ့သို့ ဝေဖန်ပြောဆိုမှုကြောင့် အမျိုးသမီးအများစုမှာ ကိုယ်ပိုင်အရည်အချင်း ကိုယ်ရည်ကိုယ်သွေးကို မိမိကိုယ်တိုင်မသိရှိသေးခင်မှာပင် လူ့အဖွဲ့အစည်း၏ သတ်မှတ်ပေးခြင်းခံလိုက်ရပါသည်။ ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် အမျိုးသမီးများ၏ မိမိကိုယ်ကိုမိမိယုံကြည်မှုနှင့် ကိုယ်ပိုင်ရပ်တည်ချက်များ ပျောက်ဆုံးသွားရပါသည်။ အမျိုးသမီအများစုမှာ အမျိုးသားများ၏ ဦးဆောင်မှုနောက်တွင်သာ နောက်လိုက်အဖြစ် ရပ်တည်နေရသည့် ဘဝမျိုးရောက်ရှိသွားပါသည်။ အမျိုးသားများ၏ လွှမ်းမိုးမှုကို ဓလေ့ထုံးစံအဖြစ်သတ်မှတ်ပြီး ၎င်းတို့အပေါ်တွင်သာ အစစအရာရာမှီခိုပြီး အမျိုးသားများ၏ ဦးဆောင်မှုနောက်တွင်သာ မည်သည့်ကိစ္စကိုမျှ ဝေဖန်သုံးသပ်ခြင်းမပြုနိုင်တော့သည့်အပြင် အမျိုးသမီးများ၏ အခွင့်အရေးများလည်း တဖြည်းဖြည်းလျော့နည်းလာပါသည်။
ဓလေ့ထုံးတမ်းအစဉ်အလာအရ အမျိုးသမီးများသည် နိုင်ငံရေးနှင့် ကင်းကွာသလိုဖြစ်ခဲ့ခြင်းကြောင့် ထိုအမျိုးသမီးများ နိုင်ငံရေးအဖွဲ့အစည်းအတွင်းဝင်ရောက်သည့်အခါ နိုင်ငံရေးအသိပညာ အားနည်းမှုနှင့် ကြုံကြရသည်။ ဤသည်မှာ အမျိုးသမီးများညံ့ဖျင်း၍မဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကို အမျိုးသားများကသာ လက်ဝါးကြီး အုပ်ချုပ်ကိုင်ခြင်းကြောင့်ဖြစ်ပြီး အမျိုးသမီးပါဝင်မှုနည်းပါးခဲ့၍ဖြစ်သည်။
“မိန်းမဖျက်တော့ပြည်ပျက်သည်” ဟူသောစကားပုံရှိခြင်းကြောင့်လည်း အမျိုးသမီးများ ခေါင်းဆောင်နေရာ ရယူနိုင်ရန် ကြိုးစားရာတွင် အဟန့်အတားဖြစ်စေပါသည်။ နိုင်ငံရေးပါတီများတွင် အမျိုးသမီးပါတီဝင်များ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားစွာပါဝင်ဆောင်ရွက်နိုင်ရန် စီမံလုပ်ဆောင်မှု အားနည်းလျက်ရှိပါသည်။ ထိုသို့အားနည်းခြင်းကြောင့် အမျိုးသမီးများခေါင်းဆောင်နေရာရောက်ရှိရန် ခက်ခဲနေရခြင်းဖြစ်ပါသည်။ အဖွဲ့အစည်းများတွင် လိုအပ်ချက်အရသာ အမျိုးသမီးများကို ခေါင်းဆောင်နေရာပေးတတ်ကြသည်။ နိုင်ငံရေးတွင် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများတွင် အမျိုးသမီးများကို အဓိကနေရာများတွင် တာဝန်ပေးသည်ထက် ဝန်ဆောင်မှုနေရာများတွင်သာ တာဝန်ပေးတတ်ကြသည်။
အမျိုးသမီးများသည် နိုင်ငံရေးနယ်ပယ်တွင် ခေါင်းဆောင်နေရာ၌ အမျိုးသားများနည်းတူ တန်းတူအခွင့် အရေးများရရှိခဲ့ပါက နိုင်ငံ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများ၏ ဘဝပိုမိုလုံခြုံလာနိုင်မည် ဖြစ်သည်။ အမျိုးသမီးများမှာ အမျိုးသားများနှင့် မတူညီသောအမြင်ဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင် ဆာင်ရွက်လာနိုင်မည်ဆိုပါက တိုင်းပြည်မှာလည်း အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံသောကာကွယ်ပေးမှုဖြင့် အေးချမ်းသာယာ၍ လူမျိုး၊ ဘာသာ ပဋိပက္ခဖြစ်မှုနှင့် ပြည်တွင်းစစ်များလည်း လျော့နည်းပျောက်ကွယ်သွားနိုင်မည်ဟု ယုံကြည်ရင်း နိဂုံးချုပ်အပ်ပါသည်။
မွိုးပိုမူ - စန္ဒာခမ်း (ပင်လောင်း)
Like On Facebook
Follow On Twitter
Subscribe On RSS