တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်
တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့နယ်ခွဲ မွေတော်ကက္ကူကျေးရွာအုပ်စု နမ်းဗေးဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံး နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူးဆရာခွန်ကြည် မှ ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံ English Speaking သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ English Speaking သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရှေးဦးစွာ နမ်းဗေးဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြပြီး ထို့နောက် နမ်းဗေးကျေးရွာမှ ကျောင်းကော်မတီ တစ်ဦးက အဖွင့်အမှာစကားပြောကြားကာ ဆက်လက်၍ ကျောက်တလုံးကြီးမြို့နယ်ခွဲ (PNO)အတွင်းရေးမှူး ဆရာခွန်ဗုတ်နှင့် ခွန်စောလွင်တို့က အခြေခံ English Speaking သင်တန်းကို တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသား/သူများအား အားပေးအမှာစကား ပြောကြားပေးခဲ့သည်။
ထို့နောက် သင်တန်းဆရာ ခွန်ကြည် မှ အခုလို အခြေခံ English Speaking သင်တန်းကို ဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတကာမှာ ပြောဆိုနေသည့် ဘာသာစကားဖြစ်တဲ့အတွက်ကြောင့် အနာဂါတ် လူငယ်များ အနေနှင့် အင်္ဂလိပ်ဘာသာစကားကို ရေးသားပြောဆိုနိုင်ရန် အဓိကအရေးပါသော ဘာသာစကားတစ်ရပ်ကို သင်ယူဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် သင်တန်းကာလ(၃)လ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ (၄၉)ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။
၎င်းအခြေခံ English Speaking သင်းတန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ (PNO)နိုင်ငံတကာဆက်ဆံရေးဌာနမှ ဆရာခွန်ကြည်နှင့်အဖွဲ့ဝင်ဆရာ/မများအား ကျောင်းသား/သူ အဖွဲ့တစ်ဦးနှင့် ဒေသခံကိုယ်စားလှယ်တစ်ဦးတို့က ရံပုံငွေအလှူများကိုပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ဒေသခံရပ်မိရပ်ဖ ကိုယ်စားလှယ်တစ်ဦးက အခြေခံ English Speaking သင်းတန်းဆင်းပွဲ အခမ်းအနားကို ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပြီး ထို့နောက်ကျောင်းသား/သူများနှင့် ဆရာ/မများအား စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်။
ခွန်မွန်ဗန်ထို
Like On Facebook
Follow On Twitter
Subscribe On RSS