ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် ရှေးကျသော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ယနေ့အချိန်တွင် ပအိုဝ်းတိုင်းရင်းသားကို ပအိုဝ့်ဟူ၍လည်းကောင်း၊ ပအိုဝ်ဟူ၍လည်းကောင်း၊ ပအိုင်းဟူ၍ လည်းကောင်း အမျိုးမျိုး ခေါ်ဆိုကြသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပါသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် မြန်မာဝေါဟာရ အသံထွက်အတိုင်း ပအိုဝ်းကို “ပအိုး”ဟု အသံထွက်ခေါ်ဆိုခြင်းကို နှစ်မြို့ကြပါသည်။ အရေးအသားတွင်ကား “ပအိုဝ်း”ဟုသာ သုံးနှုန်းရေးသားကြပါသည်။
ဗုဒ္ဓသာသနာတော် ထွန်းကားခဲ့သည့်အရပ်ဒေသ သုဝဏ္ဏဘုမ္မိသထုံပြည်ကို ပုဂံပြည့်ရှင် မင်းအနော်ရထာ တိုက်ခိုက်သိမ်းပိုက်ချိန်မှစပြီး သထုံပြည့်ရှင်မနုဟာမင်းနှင့် မှူးမတ်အပေါင်းအပါများကို ပုဂံပြည်၏ တောင်ဘက်အရပ်သထုံပြည်မှ ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်၍ ပုဂံပြည်သားတို့သည် ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုခဲ့ခြင်းကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်သူလူမျိုးအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ထိုမှစ၍ တောင်သူဟူ၍ အခေါ်ခံလာခဲ့ရာမှ (၁၉၄၈)ခုနှစ်၊ သထုံမြို့၊ မော်ကျော့ရပ်ကွက်၊ ရေကျော်ကြီး ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒပြတောင်းဆိုမှုအနက် တောင်းဆိုချက်(၁)တွင် ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ခေါ်ဆိုခြင်းမှ ပအိုဝ်းလူမျိုးဟုခေါ်ဆိုရန် ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒပြတောင်းဆိုလာခဲ့ရသည့် သမိုင်းများလည်း ရှိခဲ့ပါသည်။ တောင်သူလူမျိုးအဖြစ်မှ ပအိုဝ်းလူမျိုးဟူ၍ နိုင်ငံတော်မှ အသိအမှတ်ပြုခဲ့ပြီးဖြစ်ကာ တိုင်းရင်းသားလူမျိုးများအကြား ထင်ပေါ်နေသည့် လူမျိုးအဖြစ် ရပ်တည်လျက် ရှိနေပါသည်။
၂၀၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းတွင် ပအိုဝ်းလူမျိုးကို ရှမ်းမျိုးနွယ်စုတွင် ထည့်သွင်းထားခြင်းကို ပအိုဝ်းအဖွဲ့အစည်းပေါင်းစုံမှ ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် သီးခြားလူမျိုး ဖြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ မတ်လ(၉)ရက်နေ့၊ တော်ဝင်ပုလဲနှင်းဆီခန်းမ၊ ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ရပါသေးသည်။
ပအိုဝ်းကို “ပအို့ဝ်၊ ပအိုဝ်၊ ပအိုင်း” များဟု ခေါ်ဆိုခြင်းကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပင်လောင်းမဲဆန္ဒနယ် ဖြားခွန်မောင်သောင်းမှ ပအိုဝ့်၊ ပအိုဝ်၊ ပအိုင်းများ မဟုတ်ကြောင်း လွှတ်တော်တွင် ရှင်းလင်း တင်ပြခြင်းများကိုပါ တွေ့ရှိနိုင်ပါသည်။ ပအိုဝ်းတိုင်းရင်းသား လူမျိုးတို့သည် ပအိုဝ်းဟူသော ဝေါဟာရတွင် (၀်)ထည့်သွင်းရခြင်းမှာ ပအိုဝ်းလူမျိုးသည် ရှေးကျသော လူမျိုးဖြစ်ကြောင်းကို သိသာစေလိုခြင်း ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာဝင်များသည်လည်း ရှေးအခါမှစ၍ ယခုအချိန်ထိ ကောင်းမှုကုသိုလ် ပြုပြီးသောအခါ အလှူဒါနကို မှတ်တမ်းတင် ကမ္ဗည်းရေးထိုးသည့် ကျောက်စာများတွင် “နတ်လူသာဓု ခေါ်စေသောဝ်” ဟူ၍ (၀်)ဖြင့် သုံးနှုန်းထားသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ရှေးကျသော မြန်မာ့စာပေ အရေးအသားများတွင် သိဉ္ဇိုဝ်း၊ မဂ္ဃဇိုဝ်းတို့ကို သိဥိုင်း၊ မဂ္ဃဇိုင်းဟု မဖတ်ပဲ “သိဉ္ဇိုး၊ မဂ္ဃဇိုး”ဟူ၍လည်းကောင်း၊ ယနေ့“တက္ကသိုလ်”ဟူသော ဝေါဟာရကို မည်သူမျှ “တက္ကသိုင်”ဟု မဖတ်ပဲ “တက္ကသို”ဟူ၍သာ ဖတ်ဆိုကြသည်။ သို့ဖြစ်၍ “ပအိုဝ်း”ဟူသော ဝေါဟာရကိုလည်း “ပအိုင်း”ဟု မဖတ်ပဲ “ပအိုး” ဟုသာ ဖတ်ဆိုရပေမည်။
မကြာသေးမီအချိန်ကာလ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတွင် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးမှ အမြင်သဘောထားစာတမ်းဖတ်ကြားတင်သွင်းရန် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ.)ကို အခမ်းအနားမှူးမှ မြန်မာနိုင်ငံတွင် မရှိဖူးသော “ပအိုင်း”ကို ပြည်ထောင်စု“ပအိုင်း”အမျိုးသား အဖွဲ့ချုပ်ဟု ခေါ်ဆိုဖိတ်ကြားခဲ့သည်။ ပအိုင်းမဟုတ်ကြောင်း ပအိုဝ်းပါဟူ၍ (ပ.အ.မ.ဖ) စာတမ်းဖတ်ကြားသူ ခွန်စိုးမြင့်ထွန်းမှ ချက်ချင်းပြန်လည် ဖြေရှင်းခဲ့ရပါသည်။ ဤသို့ ပအိုဝ်းကို ပအိုင်းဟု ခေါ်ဆိုခြင်းမှာ ထိုသူသည် ပြည်ထောင်စုဖွား ပအိုဝ်းလူမျိုးကို မကြားသိ မမြင်ဖူးခြင်းကြောင့် ပအိုင်းဟုခေါ်ဆိုခြင်းလော၊ သို့မဟုတ် မြန်မာစာ နှောကြေမှု မရှိခဲ့ခြင်းကြောင့်လော သို့တည်းမဟုတ် ပြည်ထောင်စုလူမျိုးအသစ်ဟု ထင်မြင်ယူဆခြင်း ကြောင့်လောဟူသည့် သို့လောသို့လောသည် ခေါ်ဆိုသည့် ကာယကံကိုယ်တိုင်သာ သိရှိမည် ဖြစ်သည်။ ဤသို့သော ကမ္ဘာမှ စောင့်ကြည့်သည့် ညီလာခံကြီးတစ်ရပ်၊ နိုင်ငံ့အဆင့် ညီလာခံကြီးတစ်ရပ်တွင် မိမိ၏ သုံးနှုံးခေါ်ဆိုမှုများသည် ကမ္ဘာ့အလယ် မြန်မာ့အလယ်တွင် မလွှဲအပ်မမှားအပ်သင့်ပေ။ ဤညီလာခံကြီးတွင်မှ ပအိုဝ်းတိုင်းရင်းသားတို့နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် စင်တင်ကြီးပေါ်တွင် ညီညွတ်မှုအခြေခံ ပင်လုံညီလာခံ သီချင်းဖြင့် တင်ဆက်ကပြ ဖျော်ဖြေပေးသော တိုင်းရင်းသားပေါင်းစုံဖြင့် ဖော်ညွှန်းသည့် အကတွင်လည်း ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံကို ပအိုဝ်းတိုင်းရင်းသားဝတ်စုံနှင့် များစွာကွာခြားသည့် ခေတ်သစ်ဒီဇိုင်း ထွင်ထားသည့်ဝတ်စုံကို ၀တ်ဆင်ကပြဖျော်ဖြေစေခြင်းနှင့် အခမ်းအနားမှူးမှ ပအိုဝ်း တိုင်းရင်းသားလူမျိုးကို ပအိုင်းဟု ခေါ်ဆိုခြင်းတို့သည် တမင်တကာပြုလုပ်ခြင်းလောဟု ထင်ယောင်ထင်မှား ဖြစ်မိခဲ့ပါသေးသည်။ ညီလာခံကို ပြင်ဆင်ကျင်းပသည့် ကော်မတီတို့နှင့်လည်း သက်ဆိုင်နေနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ပအိုဝ်းကို ပအိုင်းဟု ခေါ်ဆိုခံရခြင်းမှာ စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ပအိုင်းဟု ခေါ်ဆိုသော ပုဂ္ဂိုလ်များသာလျှင် မြန်မာစာကို မည်မျှ နှောကြေကြောင်းကို ပြသရာရောက်သည့် အတွက် ထိုသူသာ မိမိကိုယ်မိမိ နားလည်သင့်ပေသည်။ ထို့ကြောင့် ယခုမှစ၍ နောင်သောအခါတွင် ပအိုဝ်းကို “ပအိုး”ဟုသာ ထွက်ဆိုခေါ်ဝေါ်ပေးရန်နှင့် အရေးအသားတွင်ကား “ပအို့ဝ်၊ ပအိုဝ်၊ ပအိုဝ်း” ဤသုံးမျိုးတွင် “ပအိုဝ်း”ကိုသာ ဒို့ကြိုက်ပါသည်ဟူသည့်အတိုင်း “ပအိုဝ်း”ဟုသာ ရေးသားသုံးနှုန်းပေးပါရန် ရေးသားတင်ပြ လိုက်ရပါသည်။
ခွန်ဗန်ထို၊ စမ်းဖက်ရွေ၊ ခွန်ဖြားဗွာခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS