တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်
ယခုအချိန်ခါမှာ မိမိတို့ပအိုဝ်းလူမျိုးတို့အတွက် မမေ့အပ်သောကာလ၊ အစဉ်အမြဲသတိရ၊ တမ်းတနေရမည့်အချိန်ကာလပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ပအိုဝ်းလူမျိုးများ အတွက် အဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ရာလွှတ်မြောက်ကြောင်း ဦးစီးဦးဆောင်ကြိုးစားအားထုတ် တိုက်ခိုက်တွန်းလှန်ရင်း အသက်သွေးချွေးပေါင်းမြောက်များစွာပေးဆပ်ခဲ့ရသည်မှာ ပအိုဝ်း လူမျိုးတိုင်းအသိပင်ဖြစ်ပေသည်။ ဤကဲ့သို့ ဦးစီးဦးဆောင် တွန်းလှန်တိုက်ခိုက်ရာတွင် မိမိတို့၏ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြားဗွာလှဖေသည် အဓိကအခန်းကဏ္ဍအနေဖြင့် ပါဝင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေသည် မိမိတို့လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ၁၃၃၇-ခုနှစ်၊ (တော်သလင်းလပြည့်ကျော်) တော်သလင်းလဆုတ်(၅)ရက်နေ့နံနက်(၁း၃၀)အချိန်တွင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် လာမည့် ၁၃၇၈-ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်နေ့သည် မိမိတို့ မျိုးချစ်ခေါင်းဆောင်ကြီးဖြားဗွာလှဖေ ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့သည်မှာ (၄၁)နှစ်မြောက်ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။ ထို့ကြောင့် လာမည့် ၁၃၇၇-ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်နေ့(၂၁-၉-၂၀၁၆)တွင်ကျရောက်မည့် အာဇာနည်နေ့သည် ၄၁-နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ပင်ဖြစ်ပေသည်။
ပအိုဝ်းအာဇာနည်နေ့ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းမှာ ၁၉၇၆-ခုနှစ်၊ ဇန်န၀ါရီလတွင် ဆီဆိုင်မြို့နယ်၊ နာသံကျေးရွာအုပ်စု(အွိုင်းနာသံ)၊ လုံးဒါရွာ(ဘုန်းတော်ကြီးကျောင်း)တွင် ကျင်းပပြုလုပ်သောပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံ ဆုံးဖြတ်ချက်များအထဲမှ အမျိုးသားဖခင်ကြီး ဖြားဗွာလှဖေ၏ ကွယ်လွန်သောနေ့ရက် (နှစ်စဉ်နှစ်တိုင်းတော်သလင်းလဆုတ်(၅)ရက်နေ့)ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သတ်မှတ်ရာ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးမှ ကန့်ကွက်သူမရှိထောက်ခံကြခြင်းကြောင့် ပအိုဝ်းအာဇာနည်နေ့ ဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။ ဤသို့ဖြင့် နှစ်စဉ်နှစ်တိုင်းတော်သလင်းလဆုတ်(၅)ရက်နေ့သည် ပအိုဝ်းအာဇာနည်နေ့ပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် အဖိနှိပ်ခံဘ၀လွှတ်မြောက်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဒီမိုကရေစီရရှိရေးအတွက် မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် အပေါင်းအပါတို့ အသက်သွေးချွေးပေးဆပ်ခြင်းကိုအသိအမှတ်ပြုသောနေ့(အာဇာနည်နေ့) ပင်ဖြစ်ပေသည်။
နယ်ချဲ့ခေတ်ကာလတွင် မရမ်းခြောင်ဆရာတော်နှင့် ဗိုလ်ခံ(အောက်ပြည်)၊ တောင်ပေါ်ဒေသအနေဖြင့် ခွန်အိုး နှင့် ဗိုလ်ပန္တထွဉ် တို့သည် ဦးစီးဦးဆောင်သူများအဖြစ် နယ်ချဲ့သူများကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ပဒေသရာဇ်စနစ်ကိုတွန်းလှန်တိုက်ပွဲဆင်နွဲသောအချိန်ကာလမှာဖြင့် ဖြားတန်ကျောင်တိယွုံ(ခေါ်) ဖြားတန်ကောင်ခယ်း၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန်နာသီးသောက်၊ စော်ဘွားခွန်ကြည်၊ ဖြားဗွာဦးဖြူ(တောင်ကြီး)၊ အမတ်အောင်သာ၊ ဗိုလ်ချန်ဇုံ၊ ဗိုလ်ဟိန်မောင်၊ ဖြားဗွာလှဖေ၊ ဗိုလ်ချုပ်စံသိန်းအစရှိသူတို့သည် ဦးစီးဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသော သမိုင်းဝင် ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများပင် ဖြစ်ပေသည်။
သို့ဖြစ်ပါသောကြောင့် မိမိတို့ ပအိုဝ်းလူမျိုးတို့အတွက် အဖိနှိပ်ခံဘ၀မှ လွှတ်မြောက်ရာလွှတ်မြောက်ကြောင်းဘ၀ဖြစ်သော လွှတ်လပ်ငြိမ်းချမ်းခြင်းကိုရရှိအောင် အသက်သွေးချွေးပေါင်းမြောက်များစွာပေးဆပ်ခဲ့ကြသော ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများ နှင့် အခြားသောအာဇာနည်ရဲဘော်၊ ရဲဘက်များ အားလုံးတို့၏ ကျေးဇူးတရားသည် အလွန်ပင်ကြီးမားလွန်းလှပေသည်။ ထိုကျေးဇူးများသည် မိမိတို့ပအိုဝ်းလူမျိုးတို့အတွက် တန်ဖိုးဖြတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျေးဇူးတရားကြီးမားလွန်းလှသည်ကို မျိုးဆက်သစ်လူငယ်၊ လူရွယ်များမှ သိရှိနားလည်ရန်၊ နောင်လာမည့် အဆက်ဆက်သော မျိုးဆက်သစ်များကိုလက်ဆင့်ကမ်းအသိပေးနိုင်ရန်မှာမမေ့အပ်သော အရာပင်ဖြစ်ပေသည်။
သို့ဖြစ်ပါသောကြောင့် လာမည့်တော်သလင်းလဆုတ်(၅)ရက်နေ့သည် ပအိုဝ်းအာဇာနည်နေ့ပင်ဖြစ်သည်။ အာဇာနည်နေ့တွင် မိမိတို့ပအိုဝ်းလူမျိုးတို့ မမေ့အပ်သောနေ့ဖြစ်သည်နှင့် အညီအသက်သွေးချွေးပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် မျိုးချစ်ရဲဘော်အပေါင်းတို့ကို ၀မ်းနည်းမှုများစွာဖြင့် ဂါရ၀ပြုအပ်ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် မျိုးချစ်ရဲဘော်အပေါင်းတို့သည် မိမိတို့ပအိုဝ်းလူမျိုးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်မှာ ပအိုဝ်းလူမျိုးများအားလုံး သိရှိနားလည်ထားပြီးပင်ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတာဝန်များကို ဆက်လက်တာဝန်ယူ ထမ်းဆောင်ရန်မှာ မိမိတို့ပအိုဝ်းတစ်မျိုးသားလုံး၏ တာဝန်ပင်ဖြစ်ပေသည်။
ထို့ကြောင့်လာမည့် တော်သလင်းလဆုတ်(၅)ရက်နေ့တွင် မိမိတို့ပအိုဝ်းဒေသတစ်ဝန်းလုံး အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကိုမမေ့သောအားဖြင့်သော်လည်းကောင်း၊ အသိအမှတ်ပြုသည့်အနေဖြင့်သော်လည်းကောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ တာဝန်များကိုပခုံးပြောင်းထမ်းဆောင်ပေးနိုင်သောအားဖြင့်သော်လည်းကောင်း ပအိုဝ်းအာဇာနည်နေ့ကို ဒေသ၊ ရပ်ရွာအလိုက် အခမ်းအနားများပြုလုပ်ခြင်း(သို့မဟုတ်) ကောင်းရာကောင်းကြောင်းဖြစ်သောကုသိုလ်ပြုမှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ကြလိမ့်မည်ဟု ယုံကြည်ရင်း ဤဆောင်းပါးဖြင့် တင်ပြလိုက်ရပါသည်။
ခွန်အောင်နိုင်(ခဲုင်း)
မောင်းမွူးခံစာစောင် အမှတ်စဉ်(၄၂)ကိုဘာသာပြန်ထားသည်။
Like On Facebook
Follow On Twitter
Subscribe On RSS