Tuesday, September 20, 2016

ပအိုဝ်းလူငယ်ကွန်ယက်(PYN)မှ ဒေသခံလူငယ်များနှင့် ကွင်းဆင်းတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်




၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ ညနေ(၇း၃၀)အချိန်၌ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီခိုး(ရေပူ)ကျေးရွာအုပ်စု၊ ထီခိုး(ရေပူ)ကျေးရွာ၊ ထီခိုးဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုရုံးတာဝန်ခံနှင့် ဒေသခံလူငယ်များ ကွင်းဆင်းတွေ့ဆုံခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်၊ ဗဟိုအလုပ်အမှုဆောင် နန်းခမ်းဗွာ၊ ဗဟိုကော်မတီ ခွန်ဆောင်းရွှေ၊ ညောင်ရွှေမြို့နယ် မြို့နယ်ရုံးတာဝန်ခံ၊ ပအိုဝ်းလူငယ် ကွန်ယက်(PYN)၊ ထီခိုး(ရေပူ)ကျေးရွာအုပ်စု၊ ဥက္ကဋ္ဌ ခွန်စိုးမြင့် နှင့် ညောင်ရွှေမြို့နယ်၊ စံကားဒေသအတွင်း ရေပူ(ထီးခိုး)ကျေးရွာအုပ်စု၊ လင်လန်တောင်ကျေးရွာအုပ်စု၊ လင်လန်မြောက်ကျေးရွာအုပ်စု၊ စံကားကျေးရွာ အုပ်စု၊ လုံကန်ကျေးရွာအုပ်စုနှင့် ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း(၁၆)ရွာမှ ဒေသခံလူငယ်များ၊ ဒေသခံပြည်သူလူထုများ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒေသခံလူငယ်ခေါင်း ခွန်လာလေမှ အဖွင့်စကားပြောကြားပြီး ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုအလုပ်အမှုဆောင် နန်းခမ်းဗွာမှ လက်ရှိပြောင်းလဲနေသည့် ခေတ်စနစ်တွင် နိုင်ငံရေးရာ၊ တိုင်းပြည်ရေးရာ အရေးကြီးနေသည့်အချိန်ကာလတွင် မိမိတို့ ပအိုဝ်းအမျိုးသမီးများအနေဖြင့်  ပါဝင်နိုင်သည့်အခန်းကဏ္ဍများ၊ ပါဝင်နေမှုအခြေအနေများအကြောင်း၊ အစည်းအဝေးတက်ရာတွင်လည်းကောင်း၊ ရွာသူကြီးရွေးချယ် ခန့်အပ်ရာ တွင်လည်းကောင်း၊ ကျေးရွာ၊ ဒေသကို ဦးဆောင်နေသည့် ခေါင်းဆောင်နေရာများတွင်လည်းကောင်း အမျိုးသားများနှင့်သာ သက်ဆိုင်သည်ဟု မိမိတို့ ပအိုဝ်းအမျိုးသမီးများအနေဖြင့် လွှဲမှားစွာ တွေးခေါ်ယူဆ နေသည့် အယူအဆများကို ပြောင်းလဲရန်လိုအပ်နေသည့်အကြောင်း၊ လက်ရှိ ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုကော်မတီတွင် အမျိုးသမီးပါဝင်မှု ၂၁.၂၃ ရာခိုင်နှုန်းနှင့် ဗဟိုအလုပ်အမှုဆောင်တွင် အမျိုးသမီးများ၏ ပါဝင်မှု ၂၂.၂၂ ရာခိုင်နှုန်းသာ ရှိကြောင်း၊  ပအိုဝ်းလူငယ်ကွန်ယက်(PYN)တွင် အမျိုးသမီးပါဝင်နိုင်ရန် အခွင့်အရေးများ ကန့်သတ်ထားခြင်းမရှိသော်လည်း အမျိုးသမီးပါဝင်မှု အားနည်းနေသေးကြောင်း၊ အစည်းအဝေးတက်ရောက်ရာတွင်လည်းကောင်း၊ သင်တန်းတက်ရောက်ရာတွင်လည်းကောင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လည်းကောင်း အမျိုးသမီးများအနေဖြင့် အားစိုက်ပြီး ပါဝင်မှုနှုန်း မြှင့်တင်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှတဆင့် တိုင်းပြည်အရေး၊ နိုင်ငံ့အရေးအထိ ပါဝင်ဆောင်ခွင့်ရှိပြီး ပါဝင်ဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်းနှင့် ကိုယ်အား၊ ဥာဏ်အားနှင့် တက်ကြွသည့် စိတ်ဓါတ်အားများဖြင့် အမျိုးသား၊ အမျိုးသမီးများ လက်တွဲပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်မှ ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုကော်မတီအင်အားနှင့် ဗဟိုအလုပ်အမှုဆောင်အင်အားစာရင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊  ၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး ပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်(၁)ဦးနှင့် ပြည်နယ်လွှတ်တော်(၁)ဦး အနိုင်ရရှိပြီး လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အနေဖြင့် လုပ်ဆောင်အကောင်အထည်ဖော်ခဲ့သော လုပ်ငန်းများဖြစ်သည့် စာပေဟောပြောပွဲပြုလုပ်ခြင်း၊ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ခြင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲ အဖြစ်ပါဝင်ခြင်း၊  မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း၊ အစိုးရဌာနနှင့်ပူးပေါင်းပြီး ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိရေးကူညီဆောင်ရွက်ခြင်း၊ ဒူးအောက်ပိုင်း ခြေတုတပ်ဆင်ပေးခြင်းနှင့် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းများ စသည်တို့ကို အကျယ်တ၀င့်ရှင်းလင်းခဲ့ပြီး  မိမိတို့ လူငယ်များသည် ဘွဲ့တစ်ခုရပြီးသောအခါ ကျောင်းပြီးပြီဟုမှတ်ယူကာ  မိမိဘ၀တိုးတက်ရေးအတွက် လေ့လာသင်ယူမှု အဆုံးမသတ်သင့်ကြောင်း၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့နှင့် ပါရဂူဘွဲ့များအထိ ဆက်လက်ကြိုးစား လေ့လာသင်ယူသင့်ကြောင်း အားပေးစကားများလည်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒေသခံလူငယ်များ သိရှိလိုသည်များနှင့် အကြံပြုလိုသည်များကို အပြန်အလှန် ဆွေးနွေးမှုများနှင့် အမေးအဖြေအခန်းကဏ္ဍများပြုလုပ်ပြီး ဒေသခံလူငယ် ခွန်မောင်တူးမှ ကျေးဇူးတင်စကား ပြောကြားကာ နောင်များခါတွင် ထပ်မံလာရောက်တွေ့ဆုံရန်နှင့် အသိပညာဗဟုသုတများ မျှဝေဖလှယ်ပေးရန် ဖိတ်မန္တကပြုရင်း  ညနေ (၁၀း၂၀) အချိန်တွင် တွေ့ဆုံပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိခဲ့ပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)



Powered by Blogger.