Tuesday, September 20, 2016

နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများပြားလာသည်ဟု ကျောက်မဲမြို့နယ် ရဲမှူးပြော

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲဒေသအတွင်းတွင် တိုက်ပွဲများကြောင့် နယ်မြေလုံခြုံမှု မရှိ၍ မြို့နယ် အတွင်းတွင်  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများပြားလာရသည်ဟုကျောက်မဲမြို့နယ် ရဲမှူးဝင်းခိုင်က စက်တင်ဘာလ (၁၅)ရက်တွင် ပြည်တွင်းမီဒီယာအချို့ကိုပြောခဲ့သည်။
ရဲမှူးဝင်းခိုင်က “မူးယစ်ဆေးဝါး ဘာဖြစ်လို့ များနေလဲလို့ ပြောရင် တစ်နည်းအားဖြင့် နယ်မြေမလုံခြုံလို့ပါဘဲ ၊ ရှမ်းပြည်နယ် တစ်ခုလုံးနဲ့ပြောရင် နယ်မြေမလုံခြုံလို့ ထိစပ်နေတဲ့ နေရာတွေမှာလဲ အကြောင်းကြောင်းကြောင့်နေနေတဲ့ အဖွဲ့အစည်းအားလုံးဟာလဲ ၊ သူတို့အဖွဲ့အစည်းတွေ သွားလာလှုပ်ရှားတဲ့အခါ အဲပေါ်မှာမူတည်ပြီးတော့ မူးယစ်ဆေးဝါးတွေချက်လုပ်တာ ၊ ရောင်းဝယ်တာ၊ သယ်ဆောင်တာဟာ တော်တော်လေးလွယ်လွယ်ကူကူရှိနေတဲ့ အတွက်ကြောင့် မူးယစ်ဆေးဝါးတွေဟာ ပျံ့နှံ့နေတာပါ” ဟုဆိုသည်။
ကျောက်မဲမြို့နယ်တွင် မြို့မရဲစခန်းနှင့် နယ်မြေစခန်း (၄) ခုရှိပြီးနယ်မြေလုံခြုံရေးဆောင်ရွက်ရာတွင် ရဲအင်အားနည်းခြင်းကြောင့် အဆင်မပြေဟုလည်း ရဲမှုးကဆိုပြီး ရဲတပ်ဖွဲ့နှင့်သာမဟုတ်ဘဲ  ပြည်သူအားလုံးပါဝင်မှသာ ရနိုင်မည်ဖြစ်ကြောင်းလည်းဆိုသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ၊ သုံးစွဲမှုအများဆုံးဒေသများမှာရဲတပ်ဖွဲ့အနေနှင့် လုံခြုံမှု မထမ်းဆောင်နိုင်သောဒေသများဖြစ်ပြီးယင်းကဲ့သို့ မူးယစ်ဆေးဝါး ပျံ့နှံ့နေရခြင်းမှာ ပြည်သူလူထုများ အသိပညာအားနည်းခြင်းသည်လည်းအကြောင်းရင်းတစ်ချက်အနေဖြင့် ပါဝင်ကာ မိမိတို့ ရဲတပ်ဖွဲ့များအနေနှင့် ကျောင်းသား/သူများ၊ မိဘပြည်သူများ၊ ဆေးစွဲနေသောသူများကို အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာလူမှုရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်းရဲမှူးဝင်းခိုင်က ဆက်ပြောသည်။
ကျောက်မဲမြို့နယ်တွင် မြန်မာ့တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိပြီးထိတွေ့မှုများ ဖြစ်ပေါ်လေ့ရှိသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှု များပြားနေခြင်းနှင့် ပတ်သက်ပြီးကျောက်မဲမြို့ RCSS/SSA၏ လူထုဆက်ဆံရေး ရုံးတာဝန်ခံ နန်းမိုးမိုးစောက “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျမတို့ကကိုယ့်ရဲ့ဒေသမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပေါင်းပြီးအသိပညာပေးတာလေးတွေလည်းရှိတယ်။ မူချမှတ်တာတွေ ရှိတယ်။ စစ်ပွဲတွေကြောင့်မို့ မူးယစ်ဆေးဝါးတွေပြန့်ပွားလာတယ်ဆိုတာကမမြင်ချင်ဘူး။ ဒါက မြန်မာတစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေတဲ့ကိစ္စပေါ့နော်။ အစိုးရကဒီဟာကိုတကယ်ပပျောက်ချင်ရင် အစိုးရအင်အားတွေနဲ့ ဆိုပိုလုပ်နိုင်မယ်လို့ ထင်တယ်”ဟုပြောသည်။
ကျောက်မဲမြို့နယ် ရဲစခန်းများအနေနှင့် ၂၀၁၅ ခုနှစ်တွင် တပ်မတော်၊ မူးယစ်ပူးပေါင်းအဖွဲ့နှင့် ပူးပေါင်း၍ ဆပ်ပြာခွက်(၂၄၂)ခွက်ဖြင့် သယ်ဆောင်လာသောဘိန်းဖြူများကိုလည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ချက်လုပ်ရာတွင် အသုံးပြုသောအိန္ဒိယထုတ် ဖြူ(ပရီဆာကာ)ခေါ် ကုန်ချောဖြစ်ခါနီးကုန်ကြမ်းကို ဆာလာအိတ်(၁၅)အိတ်အထိသော်လည်းကောင်းဖမ်းဆီးသိမ်းယူနိုင်ခဲ့သည်ဟုလည်းစာရင်းများအရသိရသည်။
မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုများပြားလာခြင်းနှင့်ပတ်သက်ပြီးကျောက်မဲမြို့အခြေစိုက် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့(ခရိုင်)ဥက္ကဌဦးတင်မောင်သိန်းက “ငြိမ်းချမ်းရေးမရရင် မပပျောက်နိုင်ဘူး။ နောက်ဆက်တွဲပြဿနာတွေဟာ ပြည်သူလူထုတွေ ထွက်ပြေးပြီးတော့ ဒုက္ခရောက်ကြတယ်။ သေကြေကြတဲ့ အနေအထားဆိုတာတွေက လတ်တလောကွက်ကွက်လေးဖြစ်တဲ့ဟာဖြစ်တယ်။ မငြိမ်းချမ်းတဲ့အတွက် တစ်နယ်လုံးမှာဘိန်းစားတွေဖြစ်နေတယ်” ဟုပြောပါသည်။
နိုင်ငံတော်ဘက်တွင် အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကို ပြဌာန်းချက်နှင့် ဖွဲ့စည်းခဲ့သော်လည်း ၄င်းပြဌာန်းချက်ပါ တာဝန်ဝတ္တရားများကို ထိထိရောက်ရောက် မစွမ်းဆောင်နိုင်သေးကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် အဖွဲ့အစည်းတော်တော်များများက ဟောပြောပွဲများနှင့်သာ လုပ်ဆောင်နေကြောင်း  ၄င်းကဆက်ပြောသည်။
ဤကဲ့သို့ မူးယစ်ဆေးဝါးပျံ့နှံ့နေရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ရပ်မှာစိတ်ကြွရူးသွပ် ဆေးပြားများကိုကျပ် တစ်ထောင်၊ နှစ်ထောင်ဖိုး အလွယ်တကူဝယ်ယူ၍ရနိုင်သောကြောင့်လည်းဖြစ်ပြီး ယင်းအချက်ကြောင့် လူငယ်များကြားပျံ့နှံ့နေရခြင်းဖြစ်သည်ဟုလည်း ကျောက်မဲမြို့ ဒေသခံတစ်ဦးကလည်းဆိုသည်။
ကျောက်မဲမြို့နယ်အတွင်းတွင်  မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် ၇၄ မှု ရှိပြီး ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်ထိတွင် ၅၉ မှု ရှိသည်ဟုလည်းစာရင်းများအရသိရသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေများမှာလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျောက်မဲမြို့နယ်တွင်းရှိသောတော့ဆန်၊ ညောင်မောင်း၊ မင်းကုန်းစသည့် ကျေးရွာအုပ်စုများတွင် တိုက်ပွဲများ ပြင်းထန်စွာစတင်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများကကျောက်မဲမြို့ပေါ်သို့ ရွေ့ပြောင်းနေထိုင်ခဲ့ရသည်အထိ ဖြစ်ခဲ့သေးသည်။
ယခုလက်ရှိအခြေအနေတွင်လည်းနေရပ်သို့ ပြန်သွားသူများရှိသော်လည်းကျောက်မဲမြို့ပေါ်တွင်  စစ်ဘေးရှောင် ပြည်သူအချို့ အိမ်ခန်းများဌားရမ်းနေထိုင်လျက်ရှိသည့်အပြင် အထက်တန်းနှင့် အလယ်အတန်း၊ မူလတန်းကျောင်းသားအချို့လည်းရွာများမှ စွန့်ခွာ၍ ကျောက်မဲမြို့ပေါ်တွင် လာရောက်ပညာသင်ကြားနေရသည်လည်းရှိသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.