Thursday, September 22, 2016

အခြေအနေအလိုက် ပြောင်းလဲတတ်သော လူတို့၏ ရည်ရွယ်ချက်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်


လူတို့၏ နိယာမသဘောသဘာဝအရ ရည်မှန်းချက်ကိုယ်စီရှိကြစမြဲ ဖြစ်ပြီး လူတိုင်းတွင် မိမိ၏ ရည်မှန်းချက်ကို အောင်မြင်အောင် နေ့စဉ်နှင့်အမျှ ကြိုးစားလျှောက်လမ်းနေကြသူများသာဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ရည်မှန်းချက်ပန်းတိုင် မတူညီနိုင်ကြဘဲ ကွဲပြားခြားနားနေကြမည်ဖြစ်သည်။ လောကတွင်မွေးဖွားလာသည်နှင့် ရည်မှန်းချက်ပါလာကြသည်မဟုတ်ပေ။ သိတတ်စ ကလေးအရွယ်တွင် သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် မည်သည့်အရာဖြစ်သည်ကို ကွဲပြားစွာ မခွဲခြားတတ်သော်လည်း  သူတို့ဖြစ်ချင်သော ဆန္ဒများ အဆင်သင့်ရှိနေမည်မှာ အမှန်ပင်ရှိနေလိမ့်မည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက် အနေဖြင့် ရည်မှန်းချက်တစ်ခုမက ရှိတတ်ပါသည်။ သို့သော် ရည်မှန်းချက်ပန်းတိုင်များသည် အခြေအနေအလိုက် ပြောင်းလဲတတ်ကြောင်းကို တွေ့မြင်နေရပါသည်။
လူတို့၏ သဘောသဘာဝအရ လူတို့သည် လောဘကြီးတတ်ပြီး မာန်မာနကို ရှေ့တန်းတင်ကာ မိမိ၏ရည်မှန်းချက် မဖြစ်ဖြစ်အောင် ကြိုးစားနေကြလိမ့်မည်။ သို့သော်လည်း ကံတရားများသည် အလှည့်အပြောင်း အတုန့်အလှည့်၊ နိမ့်တစ်ချီ၊ မြင့်တချီ၊ ပန်းခင်းတလှည့်၊ ဆူးကြမ်းတလှည့် အနေဖြင့်သာ ရင်ဆိုင်ကြရပြီး  ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းကျရန် မလွယ်ကူပေ။ မိမိ၏ရည်မှန်းချက်အတိုင်း မည်သို့သော အရာဟူသမျှ မည်မျှပင်ကြိုးစားနေစေကာမူ ကံကြမ္မာဟူသော အဆိုးအကောင်း ရှိနေသောကြောင့် အချို့သောသူများသည် မိမိ၏ရည်မှန်းချက်၊ မိမိ၏ လိုရာပန်းတိုင်ခရီးကို ရှေ့ဆက်လျှောက်လမ်းရန် အခက်အခဲများစွာ ကြုံတွေ့ရပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ပြောင်းလဲသွားတတ်ကြသည်။
လောကတွင် လူတိုင်းလူတိုင်း၌ မိမိ၏ဆန္ဒသည် မိမိ၏ဘ၀နှင့် တစ်ထပ်တည်းကျနိုင်ချင်မှ ကျပေလိမ့်မည်ကို နားလည်သဘောပေါက်ထားရန်လိုသည်။ ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းမကျသော အခြေအနေတွင် မိမိလုပ်ကိုင်သမျှအရာအားလုံးကို အကောင်းမြင်ခြင်းမရှိတော့ဘဲ လောကဓံကို ရင်ဆိုင်နိုင်အား လျော့နည်းလာတတ်ကြသည်။ ထိုအခြေအနေမျိုးရင်ဆိုင်ရချိန်တွင် မိမိကိုယ်မိမိ ပြန်သုံးသပ်သင့်ပါသည်။ မိမိ၏ဆန္ဒသည် မိမိဘ၀တစ်ခုလုံးအတွက် အလွန်အမင်း အရေးကြီးနေပါသလား။ သို့မဟုတ်လျှင် မိမိဘ၀အတွက် တစ်စိတ်တစ်ပိုင်းလောက် အရေးပါနေပါသလား၊ မလုပ်လည်းဖြစ်သည့်ကိစ္စလား ဆိုသည်ကို သေချာစွာစဉ်းစားဆုံးဖြတ်သင့်ပြီး ရွေးချယ်တတ်ရန်လိုအပ်သည်။
ဆောင်းပါးရှင် မိမိသည် ဤသို့သော အဖြစ်အပျက်မျိုး၊ အခြေအနေမျိုးကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခံစားခဲ့ဖူးပါသည်။ မိမိငယ်ဘ၀တွင် မိမိ၏အသိုင်းအ၀ိုင်းဆွေမျိုးများသည် ဘေးပတ်ဝန်းကျင်၏ မထီမဲ့မြင်ပြုမှုကို မကြာခဏတွေ့ကြုံခဲ့ဖူးပါသည်။ ထို့အပြင် မိမိ၏ မိသားစုများ နာမကျန်းဖြစ်နေချိန်တွင် လည်းကောင်း၊ မိသားစုပြဿနာ ရင်ဆိုင်နေရချိန်တွင်လည်းကောင်း ၀င်ငွေအခြေအနေမကောင်းသည့်အပြင် သာမာန်လူတန်းစားအဆင့်သာ နေနိုင်သည့်အတွက် မိမိ၏မိသားစုဘက်ကို ရပ်တည်ပေးနိုင်မည့်၊ ကူညီပေးနိုင်မည့် အိမ်နီးချင်းများကလည်း မည်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။ ငွေကြေးဆင်းရဲ သည့်အတွက်ကြောင့် နာမကျန်းဖြစ်သည့်အချိန်များတွင် ပင့်ဆောင်သော်လည်း ဆေးဆရာများ မကြွရောက်ပေးသည့် အဖြစ်အပျက်များ ကြုံခဲ့ရသည်။ ထို့ကြောင့် မိမိ၏အစ်မတစ်ယောက်နှင့် အစ်ကိုတစ်ယောက် အသက်ဆုံးရှုံးခဲ့ရသည်။ ဤအဖြစ်အပျက်ကို တွေ့မြင်ပြီး သင်ခန်းစာများ၊ မခံချင်စိတ်များ၊ တွေဝေတတ်သော စိတ်ခံစားချက်အမျိုးမျိုးဖြင့် ပြင်းထန်စွာ  စိတ်ဒဏ်ရာရခဲ့သည်။ ထိုအချိန်တွင်လည်း မိမိ၏ ရည်မှန်းချက်ပန်းတိုင်သည် ဘယ်အရာဖြစ်နေသည်မှာ မသေချာမရေရာခဲ့ပေ။ မိသားစုစားဝတ်နေရေး ပိုမိုအဆင်ပြေစေရန် စီးပွားရေးဝါသနာလော၊ မိသားစုဝင်ထဲမှ ယခင်ကဲ့သို့ လွယ်လင့်တကူ အသက်တစ်ချောင်းမဆုံးရှုံးအောင် ဆရာဝန်လော၊ သူနာပြုလော၊ မိမိ၏ မိသားစုဝင်များအပေါ် ဘေးပတ်ဝန်းကျင်များမှ မထီမဲ့မြင်အပြုမခံရလေအောင် နိုင်ငံရေးအခြေခံအချက် ဖြစ်သော အုပ်ချုပ်ရေးမှူးလော၊ အစရှိသည့် သံပြန်ထပ်နေသော မေးခွန်းများကို ဇဝေဇ၀ါ နေ့စဉ်အမြဲလိုလို ဆင်ခြင်တွေးတောနေမိတော့သည်။
ဆယ်ကျော်သက်ရောက်လာသည့်အရွယ်၌ လောကတွင် လူ့အသက်လောက်အရေးကြီးသည့် အရာမရှိပါဟု သေချာစွာ တွေးတောမိတော့သည်။ ထို့ကြောင့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်သည်လည်း တဖြည်းဖြည်းကြီးမားလာတော့သည်။ “ငါသည်တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဆရာဝန်သာ ဖြစ်ခဲ့မယ်ဆိုလျှင် လူ့အသက်တစ်ချောင်းမက ရအောင်ကယ်မယ်၊ ငါသည် အခြားသော မက်မောခြင်းများမပါဘဲ ဆေးထိုင်ကုမည်” ဟု တွေးတောမိလာသည်။ ဆွေမျိုးအသိုင်းအ၀ိုင်းများကလည်း မိမိ၏ရည်မှန်းချက်ကို အားပေးပြီး “ပညာပြည့်ဝ နှလုံးလှ”သောသူဖြစ်အောင် ကြိုးစားပါဟု နေ့စဉ်အမြဲ လှုံ့ဆော်တိုက်တွန်းခဲ့သည်။ ဆေးကုခြင်းသည် “ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ” သော အလုပ်ဖြစ်သည်ကိုလည်း နားလည်ထားပါသည်။
ဤကဲ့သို့သော အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် လူ့သဘောသဘာဝသည် ကံတရား အပေါ်အများကြီး မူတည်နေပါသည်။ မိမိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်တွင် သူနာပြုတက္ကသိုလ် ၀င်ခွင့်အမှတ်(၄၀၀)ကျော်ဖြင့် သတ်မှတ်ထားသောကြောင့် မိမိဝင်ခွင့်မရခဲ့ချေ။ “ဆန္ဒနှင့်ဘ၀ တထပ်တည်းမကျနိုင်” ဟူသောစကားသည် ထိုအချိန်ကစပြီး မိမိအတွက် မှန်ကန်သောဆောင်ပုဒ် တစ်ခုဖြစ်လာခဲ့တော့သည်။ ထိုအချိန်ကစပြီး မိမိ၏ရည်မှန်းချက် ပန်းတိုင်သည်လည်း တဖြည်းဖြည်း အရောင်မှေးမှိန်လာပြီး မဖြစ်နိုင်သည့် အရာတစ်ခုကို လက်လွှတ်ရတော့မည့် အတွေးတစ်ခုဝင်လာမိတော့သည်။ မိမိကိုယ်မိမိ အကြိမ်ကြိမ်အခါခါ ပြန်မေးမိသည်။ မိမိရည်မှန်းချက်ပန်းတိုင် အောင်မြင်အောင် ကြိုးစားနေပါလျက် အဘယ်ကြောင့် လက်လွတ်ခဲ့ရသနည်း စသဖြင့် အကြိမ်ကြိမ် တွေးတောနေခဲ့မိပါသည်။ ဤအကြောင်းတရားကား လူတို့၏ ကံကြမ္မာအလှည့်အပြောင်းသာဖြစ်သည်ဟု ယူဆမိပါသည်။ ယခု လက်ရှိအချိန်တွင် မိမိလူမျိုးအတွက် အမှန်ပင်လိုအပ်သော အမျိုးသားရေးအလုပ်ကို ရွေးချယ်ပြီး လုပ်ကို်င်ထမ်းဆောင်နေပါသည်။ ဤအလုပ်သည်လည်း မိမိကလေးဘ၀မှ မသေချာမရေရာ တွေဝေခဲ့သော ရည်မှန်းချက်(၃)ခုအနက် တစ်ခုအဖြစ်ပါဝင်နေသည်။ ယခုအချိန်တွင် ဤအလုပ်သည် မိမိအတွက်အဓိက ရည်မှန်းချက်ပန်းတိုင်သာဖြစ်နေတော့သည်။
အချုပ်အားဖြင့်ဆိုရလျှင် လူတိုင်းသည် ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိကြသော်လည်း လက်တွေ့ဘ၀ အကောင်အထည်ဖော်ချိန်တွင် အခြေအနေများ၊ အဖြစ်အပျက်များကြောင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ပြောင်းလဲလာတတ်ကြသည်။ မိမိ၏ ဆန္ဒနှင့်ဘ၀ တထပ်တည်းမကျသည့် အချိန်တွင်လည်း မိမိ၏စိတ်ဓါတ်ကို အစဉ်အမြဲမြှင့်တင်သင့်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်နိုင်သည်နှင့် ဖြစ်သင့်သည်များကိုသာ ဦးစားပေးသင့်ကြောင်း၊ အဖြစ်အပျက်များအပေါ် အကောင်းဆုံး အခြေအနေကိုသာ ဆုပ်ကိုင်မိရန်လိုအပ်ကြောင်း၊ လူတို့သည် မိမိပျော်ရာထက် တော်ရာကိုနေရသည့်အတွက် မည်သည့်နေရာ၊ မည်သည့်လုပ်ငန်းခွင်တွင်မဆို ရောက်ရှိလျှင် ထိုပတ်ဝန်းကျင်၏ အလိုအပ်ဆုံးလူဖြစ်အောင် ကြိုးစားသင့်ကြောင်းကို တိုက်တွန်းနိုးဆော်ရင်း နိဂုံးချုပ်အပ်ပါသည်။

နင်;ခမ်းညာ,
Powered by Blogger.