Friday, September 23, 2016

မိဘ၏ကျေးဇူး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်


ကျွန်ုပ်တို့သည် လူလောကသို့ရောက်ရှိလာခြင်းမှာ ပထမဆရာဖြစ်သည့်  မိဘနှစ်ပါး၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။ မြတ်စွာဘုရားဟော်ကြားတော်မူထားသည့် အနန္တဂုဏ်ငါးပါးထဲတွင် “ မာတာ ပိတုဂုဏော အနန္တာ”လည်း တစ်ပါးအပါအ၀င်ဖြစ်ပါသည်။ “ မာတာပိတုဂုဏော အနန္တာ” ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုလျှင် “မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးတရားသည် အဆုံးမရှိ မြတ်စွာဘုရားနှင့်တဂိုဏ်တည်း ” တူညီစွာ သတ်မှတ်ထားသည်ကို သိရှိကြပြီးဖြစ်သည်။
ဤသို့ ကြီးမားလှသောမိဘကျေးဇူးကို သားသမီးများအနေဖြင့် တွေးကြည့်မည်ဆိုပါက အမေသည် သားသမီးကို ပဋိသန္ဓေတည်ချိန်မှစပြီး ပဋိသန္ဓေအား အန္တာရယ်အမျိုးမျိုးမှလွတ်ကင်းရန် အစားအသောက်၊ အသွားအလာ၊ အနေအထိုင်စသည်ဖြင့်အစစအရာရာဆင်ခြင်ပြီး ခက်ခဲစွာသွားလာနေထိုင်ခဲ့ရသည်။ အမေဖြစ်သူပဋိသန္ဓေတည်ချိန်တွင် မိခင်ဝမ်းထဲမှကလေးနှင့် ကလေးမိခင်အတွက် အဟာရပြည့်ဝစေရန် အဖေဖြစ်သူသည်လည်း ဆင်းရဲပင်ပန်းစွာ  မိသားစုစားဝတ်နေရေးအတွက် မရပ်မနားခက်ခဲစွာကြိုးစားပြီး ရှာဖွေနေရပါသည်။
ထိုသို့အခက်အခဲများကိုကျော်လွှားရင်း ကိုးလလွယ်၊ ဆယ်လဖွားဆိုသည့်အတိုင်း အသက် နှင့်ရင်းပြီး မွေးလာသောသား/သမီးရတနာများ သွေးသားနုနယ်နေသည့်အချိန်တွင် ခြင်၊ ကြမ်းပိုးစသည့် အကောင်များ၏ဘေးမှကင်းလွတ်အောင် နည်းမျိုးစုံသုံးပြီး ပြုစုစောင့်ရှောက်ခြင်းဖြင့် သားသမီးများကို လူလောကသို့ ၀င်ရောက်စေခဲ့ပါသည်။ ထိုသို့လူလောကသို့ လူသားတစ်ယောက်အနေဖြင့် ရောက်ရှိ လာရခြင်းသည် မိဘနှစ်ပါး၏ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။ အရွယ်ရောက်လာသည့်အချိန်တွင်လည်း မိဘများသည် သား/သမီးများလိမ္မာရေးခြားမှုရှိစေရန်သွန်သင်ဆုံးမခြင်း၊ ဆရာသမားများထံသို့အပ်နှံပြီး သားသမီးများကို ပတ်ဝန်းကျင်ရှိလူအများနှင့်ရင်ဘောင်တန်းပြီး ဘ၀တစ်ခုကိုအဆင်ပြေချော့မွေ့စွာ လျှောက်လှမ်းနိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများကို သင်ကြားစေခဲ့သည်။
“ပုဗ္ဗာစရိယ မိနှင့်ဘ” ဆိုသလိုပင် မိဘများသည် သားသမီးများ၏ လက်ဦးဆရာများဖြစ်ကြသည်။ တာဝန်ရှိသူများဖြစ်ကြသည်။ လက်ဦးဆရာများဖြစ်ကြသည့်အားလျော်စွာ အမူအကျင့်များကို ပြုပြင်ပေးကြ ရသည်။ ထို့ပြင် ရရှိအပ်သောအတွေးအခေါ်တို့ကိုလည်း ထည့်သွင်းပေးကြရသည်။ ကလေးဆိုသည်မှာ နုငယ်သေးသည့်အလျှောက် ကိုယ်ပိုင်အတွေးအမြင်လည်းမရှိသကဲ့သို့ ကတိမ်းကပါးဖြစ်နိုင်ခွင့်ကလည်း များလွန်းလှလေရာ လူကြီးမိဘများက ဤသို့လက်ဦးဆရာတာဝန်ကို ယူကြရမည်။ ဆုံးမခြင်း၊ လမ်းညွန်ပေး ခြင်းကို ပြုလုပ်ကြရသည်။ အကြောင်းအရင်းခံအဖြစ်မှာ မိမိသားသမီးတို့၏ ဘ၀ရှေ့ရေးအတွက် ကောင်းစားရေးသာဖြစ်သည်။
ဤသို့ပင်ဆိုစေကာမူ နောက်မျိုးဆက် (မျိုးဆက်သစ်) သား/သမီးများ၏ ဘ၀မြှင့်တင်ရေးသည် လက်ဦးဆရာမိဘများ၏ အရေးကြီးသောလုပ်ငန်းတာဝန်ဖြစ်နေကြောင်းတွေ့ရသည်။ “ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” ဟူသော ၀တ္တရားကြီးများသည် သားသမီးများအား စောင့်ရှောက်ရေးအတွက် တစ်ဖက်မှစဉ်းစားလျှင် အရေးကြီးလှပေသည်။ ဤတွင် “ကောင်းရာ ညွန်လတ်” ဆိုသည်မှာ ဘ၀ရှေ့ရေးရည်မှန်းချက်ကို ပုံသွင်းပေးခြင်းလည်းဖြစ်ပါသည်။ မိဘ၏ သား/သမီးများအပေါ် မျော်လင့်ချက်ထားကြသည်မှာ အတန်းကျောင်းကိုစပြီးအပ်သည့်နေ့မှစ၍ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး များဖြစ်ရမည်ဟု သား/သမီးများ ပညာတတ်ဖြစ်အောင် ပြုစုစောင့်ရှောင်ခြင်းဖြင့် မိဘတိုင်းသည် သားသမီးများ၏အနာဂတ်ဘ၀ကိုအမြင့်ကြီးမျှောမှန်းတတ်ကြပါသည် ။ ဥပမာ- “ ငါ့သားကြီးလာရင် ဆိုက်ကားသမားဖြစ်ရမည်၊ ငါ့သမီးကြီးလာရင် ပဲပြုတ်ရောင်းခိုင်းမည်” ဟု မည်သည့်မိဘများမှ မှန်းကြမည် မဟုတ်ချေ။ မိဘတိုင်းသည် သားသမီးများကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီး၊ နိုင်ငံခြားပြန် ပါရဂူကြီးတို့မှအစ အဆုံးစွန်ပြောရမည်ဆိုပါက ကျမ်းဂန်တတ်ကျောင်းထိုင်ဆရာတော်ကြီးတို့အထိ မှန်းကြမည်ဖြစ်ပါသည်။
သို့သော် မိဘကျေးဇူးကိုနားမလည်သော သား/သမီးများ အချို့သားသမီးများသည် မိဘမျော်မှန်း သည့်အတိုင်း ဖြစ်မလာကြပေ။ မိဘများသည် သား/သမီးများချစ်စိတ်ဖြင့် ယုံကြည်စိတ်ချပြီး လိုအပ်သည် များကို ဖြည့်ဆည်းပေးခဲ့သည်။ သို့သော် လိမ္မာရေးခြားမရှိသော သား/သမီး များသည် မိဘနှစ်ပါး၏ ယုံကြည်မှုကို အလွှဲသုံးစားလုပ်ကာ မိမိဘ၀ကိုပျက်စီးအောင်လုပ်ဆောင်နေကြသည်မှာ ယနေ့ချိန်တွင် မျက်မြင်ပင်ဖြစ်ပါသည်။
မိဘတို့၏ကျေးဇူးတရားကို မဟာပထ၀ီကမ္ဘာမြေကြီးအထူအပါး ယူဇာနာပေါင်းနှစ်သိန်း လေးသောင်းနှင့် နှိုင်းယှဉ်ရမည်ဆိုပါက မြေကြီးသည် ၀ါးရွက်လောက်မျှသာဖြစ်သည်။ စကြာဝဋာတိုက် ယူဇနာပေါင်းတသန်းကျော်သည် မိဘကျေးဇူးနှင့် နှိုင်းယှဉ်ကြည့်ပါက အပ်ဖျားလောက်သာရှိပါသည်။ ယူဇနာပေါင်း သုံးသောင်းကျော်ရှိသော မြင့်မိုရ်တောင်သည် မိဘတို့၏ကျေးဇူးနှင့် နှိုင်းယှဉ်ကြည့်ပါက တောင်ပို့မျှသာရှိပါသည်။ ယူဇနာပေါင်းသုံးသောင်းလေးထောင်ရှိသော ပင်လယ်သမုဒ္ဒရာသည်လည်း မိဘကျေးဇူးနှင့်နှိုင်းယှဉ်ကြည့်ပါက သောက်ရေခွက်တစ်ခွက်စာသာရှိပါသည်။
ဤသို့ဖြင့် ကျေးဇူးကြီးမားလှသော မိဘနှစ်ပါးကို သား/သမီးများအနေဖြင့် ပြန်ပြီးလုပ်ကျွေးပြုစုရန်၊ မိဘကျေးဇူးကိုပြန်လည်ပေးဆပ်ပြီး မပြစ်မှားရန်လိုအပ်ပါသည်။ မိဘကိုပြစ်မှားသော သား/သမီးများသည် ခုလက်ရှိဘ၀တွင် ဆင်းရဲဒုက္ခရောက်ခြင်း၊ နောက်ဘ၀တွင်အပယ်လေးဘုံငရဲကျသွားတတ်ပါသည်။ မိဘနှစ်ပါး၏ကျေးဇူးကို အမှန်တကယ်ပေးဆပ်လိုသော သား/သမီးများသည်  ပြန်လည်ပေးဆပ်သည့် နည်းလမ်းများစွာရှိပါသည်။ ထိုနည်းလမ်းများစွာထဲမှ လောကီတရားဖြင့်ပေးဆပ်ခြင်းသော်လည်းကောင်း၊ လောကုတ္တရာတရားဖြင့်ပေးဆပ်ခြင်းသော်လည်းကောင်း မိဘများကို ပြန်လည်လုပ်ကျွေးပြုစုနိုင်ပါသည်။
လောကီတရားဖြင့်မိဘနှစ်ပါးကျေးဇူးကိုပေးဆပ်ခြင်းဆိုသည်မှာ မိဘနှစ်ပါး၏ စိတ်ချမ်းသာမှုနှင့် မိဘနှစ်ပါး၏ စိတ်ကျေနပ်မှုအတိုင်း နေထိုင်ပေးရမည်ဖြစ်သည်။ မိဘများနာမကျန်းဖြစ်ချိန်တွင် ဆေးဝါးကုသခြင်း၊ အ၀တ်အစားလျှော်ဖွတ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ပေးခြင်း စသည်ဖြင့် သား/သမီးဝတ္တရားများရှိသည့်အတိုင်း ကျေပွန်စွာလုပ်ဆောင်ရမည်ဖြစ်သည်။
လောကုတ္တရာတရားဖြင့် မိဘနှစ်ပါး၏ကျေးဇူးကိုပေးဆပ်ခြင်းဆိုသည်မှာ အချို့သောမိဘများသည် သဒ္ဒါတရားမရှိခြင်း၊ ရတနာသုံးပါးကိုယုံကြည်မှုမရှိခြင်း၊ “ကံ” ကံ၏အကျိုးကိုယုံကြည်မှုမရှိသော မိဘ များလည်းရှိကြမည်ဖြစ်သည်။ ထို့သို့သဒ္ဒါတရားမရှိခြင်း၊ ရတနာသုံးပါးကိုယုံကြည်မှုမရှိခြင်း၊ “ကံ” ကံ၏အကျိုးကိုယုံကြည်မှုမရှိသောမိဘများကို အလှူအတန်းပြုလုပ်လိုသည့်စိတ်များပေါ်လာစေရန်နှင့် ဥပုဒ်သီလစောင့်သီတတ်လာစေရန် သား/သမီးအနေဖြင့် နှိုးဆော်ပြောကြားပေးခြင်းသည် လောကုတ္တရာ တရားဖြင့် မိဘကျေးဇူးကိုပြန်လည်ပေးဆပ်ခြင်းဖြစ်သည်။ လောကုတ္တရာတရားဖြင့် ပြန်လည်ပေးဆပ်ခြင်းသည် မိဘကျေးဇူးကိုစစ်မှန်သော ပြန်လည်ပေးဆပ်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် မိဘနှစ်ပါး၏ကျေးဇူးကို သား/သမီးများ၏ တာဝန်ဝတ္တရားအတိုင်းအရေးထားပြီး ပြန်လည်ပေးဆပ်ခြင်း၊ မိဘများကိုပြုစုစောင့်ရှောက်ခြင်း၊ ကျွေးမွေးခြင်းများကျေပွန်စွာပြုလုပ်ပါက ယခု လက်ရှိဘ၀တွင်ချမ်းသာသုခရစေသကဲ့သို့ နောက်ဘ၀တွင်လည်း ဆင်းရဲမှုဘ၀မှကင်းဝေးမည်ဖြစ်သောကြောင့် မိဘနှစ်ပါးကျေးဇူးများကို ပြန်လည်ပေးဆပ်ကြရန် လိုအပ်ပါသည်။

ကိုးကားချက်။ ။ ကြည်မင်း၊ လုပ်ချင်တာတွေလုပ်နိုင်ဖို့လုပ်သင့်တာတွေလည်းလုပ်နိုင်ဖို့(တတိယအကြိမ်)
ခွန်လိုရဲုင်း / လွယ်ကောင်း
Powered by Blogger.