Tuesday, September 27, 2016

ပအိုဝ်းလူငယ်တို့၏လူမှုရေးလုပ်ငန်းအခြေအနေ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်



“ရပ်ရာ;လွိုးယောင်,ဗွေ;ဗွန်ကျောင်, ဒုံဆောင်;အိနြေ္ဒ;လို,ယွဲးပေ;’’ ဟူသောပအိုဝ်းစကားပုံသည် ယခင်က ပအိုဝ်းလူငယ်များ၏လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများကို အားကြိုးမာန်တက်စွာ စည်းစည်းလုံးလုံး လုပ်ဆောင်မှုကို ၀မ်းမြောက်ဂုဏ်ယူသောစကားပုံဟု စာရေးသူအနေဖြင့်ထင်မြင်ပါသည်။ ယခင်က ပအိုဝ်းလူမျိုးတို့ကျေးရွာများတွင် အလှူပွဲတွင်သော်လည်းကောင်း၊ ရပ်ရွာသာရေးနာရေးတွင်သော်လည်းကောင်း၊ ရပ်ရွာရံပုံငွေရှာဖွေရေးတွင်သော်လည်းကောင်း၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်း တွင်သော်လည်းကောင်း ဆောင်ရွက်ရာတွင် ပအိုဝ်းလူငယ်များသည် ခေတ်ပညာတတ်မြောက်မှုများ အားနည်းကြသော်လည်း သိတတ်သောပုဂ္ဂိုလ်အချို့၏ဦးဆောင်မှုနောက်တွင် တက်ညီလက်ညီဆောင်ရွက်ခဲ့ကြသောကြောင့် အဖက်ဖက်တွင်ခေတ်နောက်ကျနေသောပအိုဝ်းဒေသများအတွက် အေးချမ်းသာယာမှုကို တည်ဆောက်နိုင်ခဲ့ကြသည်။
ယခင်ကပအိုဝ်းဒေသများတွင် အလှူပွဲများ၊ နာရေးသာရေးပွဲများကျင်းပသောအခါ ပအိုဝ်းလူငယ်များသည် အိုး ခွက် ပန်းကန်များကို ဆေးကြောပေးခြင်း၊ ပန်းထိုးပေးခြင်း၊ ချက်ပြုတ်ရန်နှင့် သောက်သုံးရေများကို သယ်ယူပေးခြင်း၊ ဧည့်သည်များအားထမင်းဟင်းကျွေးခြင်း၊ ရေနွေးကြမ်းနှင့် ခဲဖွယ်စားဖွယ်များကို လိုက်လံတည်ခင်းပေးခြင်း စသည့်လိုအပ်ချက်များကို တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပြီး ရပ်ရွာ၏အေးချမ်းသာယာဝပြောမှုကို ဆောင်ရွက်နိုင်ကြသည်မှာ ပျော်ရွှင်ဖွယ်ရာဖြစ်သကဲ့သို့အလွန်ကြည်နူး ဖွယ်လည်းကောင်းလှပါသည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းကြောင့် လူငယ်တို့၏စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်ပေါ်စေပြီး လူငယ်တို့ကိုလည်း လမ်းမှားပေါ်မရောက်စေရန် အကာအကွယ်လည်းဖြစ်စေပါသည်။
ထိုအချိန်ကပအိုဝ်းလူငယ်များသည် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ/ရပ်ကွက်လူငယ်ဘုံပိုင်ပစ္စည်း (အိုး၊ခွက်၊ပန်းကန်၊မဏ္ဍပ်၊----)များကို ထူထောင်လာကြသည်။ ထိုသို့ထူထောင်ကြရာတွင် ငွေကြေးများရှာဖွေရာတွင်လည်း ရပ်မိရပ်ဖများကိုကောက်ယူခြင်းမပြုဘဲ လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အလှူရှင်များ၏ စေတနာတရားမှရရှိလာသော ငွေကြေးများ၊ လူငယ်ဘုံပိုင်စီးပွားရေးမှရရှိလာသောငွေကြေး(ဥပမာ- လူငယ်များစုပေါင်းပြောင်းစိုက်ခြင်း၊ လုပ်ငန်းရှင်များ၏လယ်ကို အပြတ်ရိုတ်သိမ်းပေးခြင်း၊ စုပေါင်း၍နေ့စားလိုက်ခြင်း)များဖြင့် ထူထောင်လာကြသည်။ ထို့ကြောင့် ယခင်ပအိုဝ်းလူငယ်တို့သည် အသုံးအဆောင်ပစ္စည်းများဖြစ်သော ကား၊ ဆိုင်ကယ်၊ ထမင်းဗူးစသည်တို့သည် မပြည့်စုံခဲ့သော်လည်း လူမှုရေးလုပ်ငန်းများကို ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာများဖြစ်ပါသည်။
ယခုအခါ ပအိုဝ်းလူငယ်များသည် ခေတ်ပညာများကိုကောင်းစွာလေ့လာသင်ယူနိုင်ခဲ့ကြပြီး ခေတ်အသုံးအဆောင်ပစ္စည်းများကိုလည်း ကောင်းစွာအသုံးပြုနိုင်ကြသကဲ့သို့ အတွေးအခေါ်များသည်လည်း မြင့်မားလာကြပါသည်။ သို့သော်လည်းယခုခေတ်ပအိုဝ်းလူငယ်များသည် အတွေးအခေါ်များမြင့်မားပြီး ခေတ်ပညာတတ်ဖြစ်လာကြသော်လည်း လူမှုရေးလုပ်ငန်းများတွင် အားနည်းလာသည်ကိုတစ်နေ့တစ်ခြား ပိုမိုတွေ့ရှိလာရပါသည်။ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကိုလည်း ဂုဏ်သိက္ခာမရှိသောလုပ်ငန်းဟူ၍ပင် ထင်မြင်မှားမှုများရှိနေတတ်သည်။
စာရေးသူခံစားနေရသည်မှာ အခုခေတ်လူငယ်များသည် ရပ်ရွာများတွင်ကြုံတွေ့နေရသော နာရေးသာရေးများကို သွားရောက်ကူညီသည်ဟု ပြောဆိုကြသော်လည်း လက်တွေ့တွင်မူ သွားရောက် ကူညီမှုများကို နည်းနည်းသာလုပ်ဆောင်ကြပြီး စတိုင်ထုတ်ခြင်း၊ ဓာတ်ပုံ(selfie)ရိုက်ခြင်း၊ လေပေါခြင်းတို့ပြုလုပ်နေကြသည်ကများပါသည်။ ထိုသို့လူငယ်များသည် လူမှုရေးလုပ်ငန်းများကို စိတ်ပါလက်ပါတက်တက်ကြွကြွ လုပ်ဆောင်မှုများအားနည်းလာသဖြင့် ယခုအခါတွင် ပအိုဝ်းဒေသများတွင် ယခင်ကဲသို့ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နာရေးသာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာသည်ကို တွေ့ရှိရပါသည်။
ထိုသို့လူငယ်များလူမှုရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်နိုင်မှုမရှိသောကြောင့် လူငယ်များသည် တစ်ဦးနှင့်တစ်ဦးအကောင်းမြင်မှုများအားနည်းလာပြီး စည်းလုံးညီညွှတ်မှုများလည်း အားနည်းလာသည်ကို တွေ့ရှိနေရသဖြင့် ယခုအခါ အချို့သောပအိုဝ်းဒေသသည် ရပ်ရွာအတွင်းနာရေးသာရေး လုပ်ငန်းများကို ဆောင်ရွက်သောအခါ ပအိုဝ်းလူငယ်များကိုအားမကိုးတော့ဘဲ ရပ်ကွက်အတွင်းရှိလူပုဂ္ဂိုလ်များကို ငွေကြေးပေးပြီးလုပ်ဆောင်လာကြသည်ကို တွေ့ရှိလာသည်။ ထိုသို့ လုပ်ဆောင်လာကြသောကြောင့် ရပ်ရွာ၊ ရပ်ကွက်များသည် ရပ်ရွာများနာရေးသာရေး ဆောင်ရွက်သောအခါ ငွေကြေးအမြောက်အများ ကုန်ကျလာခြင်း၊ ရိုးရာဓလေ့များပျက်စီးခြင်း၊ စည်းလုံးညီညွှတ်မှုအားနည်းလာခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ယခင်ကပအိုဝ်းလူငယ်များသည်  “ပညာအားနည်းသော်လည်း ခြေတစ်လုံးနှင့် စည်းလုံးညီညွှတ်မှုကို အားကိုး’’ပြီး လူမှုရေးလုပ်ငန်းများကို ကောင်းစွာလုပ်ဆောင်နိုင်သေးသဖြင့် ယနေ့ခေတ်ပညာတတ် ပအိုဝ်းလူငယ်များသည်လည်း လူမှုရေးလုပ်ငန်းများကို စည်းလုံးညီညွှတ်စွာလုပ်ဆောင်ရင်း ပအိုဝ်းရိုးရာ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်ကြပါရန် မေတ္တာစေတနာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.