Wednesday, September 28, 2016

ဆုံးရှုံးနေသော လူသားအရင်းအမြစ်များ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်


မြန်မာနိုင်ငံတွင် အလုပ်အကိုင်ကြပ်တည်းမှုကြောင့် များစွာသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်သို့ သော်လည်းကောင်း၊ မလေးရှားနိုင်ငံသို့သော်လည်းကောင်း၊ စင်ကာပူနိုင်ငံသို့ သော်လည်းကောင်း၊ အိန္ဒိယနိုင်ငံသို့ သော်လည်းကောင်း၊ တရုတ်နိုင်ငံသို့ သော်လည်ေးကာင်း သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြရသည်။ နိုင်ငံရပ်ခြားတွင် တရားဝင်နည်းလမ်းအပါအ၀င် တရားမ၀င်သော နည်းလမ်းများဖြင့် သွားရောက်လုပ်ကိုင်ကြသည်မှာ လူဦးရေသန်းဂဏန်းထိ ရှိသည်ဟု မှတ်တမ်းများ၏ ဖော်ပြချက်အရသိရသည်။ ထိုသို့ အလုပ်သွားလုပ်ရာတွင် အချို့သောပုဂ္ဂိုလ်များသည် အဆင်ပြေမှုများရှိကြသော်လည်း များစွာသော ပုဂ္ဂိုလ်များသည် အခက်အခဲပေါင်းမြောက်များစွာ၊ ပြဿနာပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်ကြုံတွေ့ကြရသည်ကို ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့ဖူးသော စာရေးသူ၏ မိတ်ဆွေတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အချို့သော ပုဂ္ဂိုလ်များသည် တရားမ၀င်သော နည်းလမ်းများဖြင့် သွားရောက်ကြသည့်အတွက် လုပ်ရှင်များမှ လစာငွေ အပြည့်ထုတ်မပေးခြင်း၊ ရဲများဖမ်းဆီးခြင်း စသည်တို့ကို ခံခဲ့ကြရသည်ဟုသိရသည်။ အချို့သည်လည်း နိုင်ငံရပ်ခြားတွင် အလုပ်ကောင်းပြီး လစာကောင်းရမည်ဟု ဖြားယောင်းသွေးဆောင်ခြင်းခံရပြီး လူကုန်ကူးမှုပြဿနာများလည်း ကြုံတွေ့ကြရကာ အချို့သည်လည်း ဘာသာစကား အခက်အခဲကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့ကြရသည်။ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ဖူးသော စာရေးသူ၏ မိတ်ဆွေတစ်ဦးမှ ပြောကြားချက်အရ အများဆုံး ကြုံတွေ့ရသည့် ပြဿနာများသည် မြန်မာနိုင်ငံတွင် အိမ်ထောင်ရှိပါလျက်ဖြင့် နိုင်ငံရပ်ခြားတွင် ဘာသာစကား အခက်အခဲကြောင့် အပြန်အလှန် အကူအညီတောင်းခံကြရာမှ အတူနေခြင်း၊ နောက်အိမ်ထောင်ပြုခင်းအထိ  စသည်တို့ များစွာ ဖြစ်ပေါ်တွေ့မြင်ရလျက် ရှိသည်ဟုဆိုသည်။
နေရပ်ကိုစွန့်ခွာကာ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများသည်လည်း လူဦးရေသိန်းဂဏန်းထိရှိသည်။ ထိုကဲ့သို့ နေရပ်စွန့်ခွာပြီး နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ရသည့် အကြောင်းရင်းများမှာ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးခြင်း၊ ဒေသထွက် ကုန်ပစ္စည်းများ ဈေးကွက်မရှိခြင်း၊ အခြားအခြေခံစားသောက်ကုန်များ ဈေးရှားခြင်းနှင့် တစ်နေ့လုပ်တစ်နေ့စား လောက်ငှမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု စာရေးသူ၏ မိတ်ဆွေတစ်ဦးမှ ပြောပြချက်အရ သိရသည်။ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စားဝတ်နေရေးပြဿနာကို ဖြေရှင်းကြရသူများဖြစ်သည်။ စာရေးသူနေထိုင်သည့် ကျေးရွာတွင် ကျေးရွာအိမ်ခြေ (၅၀၀)ခန့် ရှိသည့်အနက် နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ဦးရေမှာ (၃၀၀)ဦးခန့်ရှိသည်။ ဤသည်မှာ စာရေးသူနေထိုင်သည့် ကျေးရွာတစ်ရွာသာ ရှိသေးပါသည်။ အချို့ကျေးရွာတွင် မိမိတို့၏ နေအိမ်ကိုပင် စွန့်ခွာပြီး မိသားစုတစ်ခုလုံး နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်အထိရှိကြသည်။
ထိုကဲ့သို့ လုပ်သားအင်အားအတောင့်တင်းဆုံးသော အသက်(၁၈)နှင့် (၄၀)အကြား လူသားအရင်းအမြစ်များသည် နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်ခြင်းအားဖြင့် မိမိတို့၏ နိုင်ငံ၊ မိမိတို့ လူမျိုးအတွက် အင်မတန်ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ သာဓကအားဖြင့် ၂၀၁၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် စာရေးသူနေထိုင်သည့်ကျေးရွာ၏ မဲစာရင်းများတွင် အမည်ပါရှိပါလျက်ဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်ကြသည့်အတွက်ကြောင့် မဲပေးရန် မပြန်လာနိုင်ကြကာ လူမျိုးအတွက်နှင့် ဒေသအတွက်ပါ ကြီးမားသောဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရပါသည်။
စာရေးသူ၏အမြင်မှာ မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်နှင့် (၄၀)ကြား လူသားအရင်းအမြစ်များကို ကောင်းစွာ အသုံးချနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ၎င်းနှင့် သင့်တင့်မျှတသော ခံစားခွင့်လစာငွေများ ဖန်တီးပေးနိုင်ရန် အရေးကြီးသည်။ အရေးကြီးဆုံးသောအချက်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော တောင်သူများအတွက် ဒေသထွက်ကုန်ပစ္စည်းများကို အာမခံချက်စနစ်ဖြင့် ဈေးကွက်ဖော်ဆောင်ပေးရန် အထူးအရေးကြီးပါသည်။ စိုက်ပျိုးရေးထွက်ကုန်များ ပုံမှန်ဈေးကွက်ရှိပြီး စိုက်ပျိုးသူတောင်သူများအတွက် အဆင်ပြေနိုင်သည့် အရောင်းအ၀ယ်ကုန်ဈေးနှုန်းများဖော်ဆောင်ပေးနိုင်ပါက နိုင်ငံရပ်ခြားသို့ အလုပ်ထွက်လုပ်မည့် မိမိတို့၏ အရွယ်ကောင်း လူသားအရင်းအမြစ်များ ဆုံးရှုံးမှုလျော့နည်းလာနိုင်မည်ဖြစ်သည်။
ယခု လက်ရှိအခြေအနေအရ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့် လူငယ်လူရွယ်များသည် ပညာရေးကို အခြေခံ၍ သွားရောက်လုပ်ကိုင်ကြခြင်းမဟုတ်ပေ။ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့် (၉၀%)သော လူငယ်လူရွယ်များသည် တစ်နေ့လုပ်တစ်နေ့စားနှင့် စိုက်ပျိုးရေးလုပ်ကိုင်ကြသော တောင်သူများ ဖြစ်ကြသည်။ အဆိုပါပုဂ္ဂိုလ်များသည်လည်း နိုင်ငံရေး အခြေအနေများ၊ လူမျိုးရေးပဋိပက္ခအခြေအနေများကြောင့် အခြားနိုင်ငံတွင် အလုပ်မလုပ်ချင်၊ မနေချင်ကြတော့ပေ။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ဈေးကွက်များ ဖော်ဆောင်ပေးနိုင်ပါက ပြန်လာကြတော့မည့်သူများဖြစ်သည်။
ထို့ကြောင့် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးခြင်း၊ အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းနှင့် သင့်တင့်မျှတသော လုပ်ခလစာများ ဖန်တီးပေးခြင်း၊ စိုက်ပျိုးရေးလုပ်ကိုင်သူတောင်သူများအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို အာမခံချက်ရှိသော ဈေးကွက်များဖန်တီးပေးနိုင်ပါက မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ လူမျိုး၊ မိမိတို့၏ ဒေသရှိ လူသားအရင်းအမြစ်များ ဆုံးရှုံးမှု လျော့နည်းလာနိုင်ကာ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ ဒေသအကျိုးများ အကျိုးဖြစ်ထွန်းမှု ပိုမိုရရှိလာမည်ဟု စာရေးသူအနေဖြင့် သုံးသပ်ရေးရပါသည်။

Kka Sp
Powered by Blogger.