Wednesday, September 21, 2016

(၄၁)နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုခြင်း အထိန်းအမတ်အဖြစ် အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်ဖွင့်သင်တန်း အောင်ပွဲကျင်းပခဲ့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်











သက္ကရာဇ် ၁၃၇၈-ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်နေ့တွင် ကျရောက်မည့် (၄၁)နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုခြင်း အထိန်းအမတ်အဖြစ် အခြေခံပြည်သူ့ရေးရာစီမံခန့်ခွဲမှု အမြင်ဖွင့် သင်တန်းအောင်ပွဲ အခမ်းအနားကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့ ညနေ (၇း၃၀)အချိန်၌ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ရေပူ(ထီခိုး)ကျေးရွာအုပ်စု၊ ထီခိုးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရှိခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ စည်းရုံးရေးဌာန၊ ဌာနတာဝန်ခံ နန်းခမ်းဗွာ(ဗဟိုကော်မတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေ(ဗဟိုကော်မတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ညောင်ရွှေမြို့နယ်၊ မြို့နယ်ရုံးတာဝန်ခံ ခွန်စိုးခေါင်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်၊ သင်တန်းဖြစ်မြောက်ရေး ကော်မတီများ၊ သင်တန်းနည်းပြများ၊ ထီခိုးကျေးရွာမှ ဒေသခံမိဘပြည်သူများနှင့် ညောင်ရွှေမြို့နယ်၊ စံကားဒေသအတွင်း ရေပူ(ထီးခိုး)ကျေးရွာအုပ်စု၊ လင်လန်တောင်ကျေးရွာအုပ်စု၊ လင်လန်မြောက် ကျေးရွာအုပ်စု၊ စံကားကျေးရွာအုပ်စု၊ လုံကန်ကျေးရွာအုပ်စုနှင့် ပင်လောင်းမြို့နယ်၊ နမ့်တုတ် ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း(၁၆)ရွာမှ သင်တန်းသူ(၁၁)ဦးနှင့် သင်တန်းသား(၃၉)ဦး စုစုပေါင်း(၅၀)ဦး တက်ရောက်နေကြောင်း သိရှိခဲ့ရပါသည်။
သင်တန်းဖြစ်မြောက်ရေးကော်မတီ ဦးခွန်ဝင်းကျော်မှ အဖွင့်စကားပြောကြားရာတွင် သင်တန်းကာလ(၅)ရက် ပြီးဆုံးပြီဖြစ်သည့်အတွက် သင်တန်းသူ/သားများသည် ကျေးရွာများ၏ ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ သင်တန်းမှ ဆွေးနွေးခဲ့သည့်အရာများကို မိမိဒေသတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် လက်တွေ့ ပြန်လည်အသုံးပြုသင့်ကြောင်း၊ သင်တန်းကို လာရောက်ပို့ချပေးသည့် သင်တန်းနည်းပြများအား ကျေးဇူး တင်ကြောင်း၊ သင်တန်းနည်းပြများလည်း နောက်နောင်တွင် သင်တန်းများ ထပ်မံပို့ချဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ နန်းခမ်းဗွာမှ အားပေးစကားပြောကြားရာတွင် အောင်မြင် သည့် အမျိုးသားများ၏ နောက်ကွယ်တွင် ထက်မြက်သောအမျိုးသမီးများ၏ ပံ့ပိုးမှု များစွာပါရှိနေကြောင်း၊ အမျိုးသမီးများသည် စိတ်ဓါတ်ခွန်အားကြီးမားမှုကြောင့် တိုင်းပြည်တိုးတက်စေနိုင်သကဲ့သို့ တိုင်းပြည် ပျက်စီးအောင်လည်း လုပ်ဆောင်နိုင်ကြောင်း၊ ပအိုဝ်းလူမျိုးသမိုင်းများကို ပြန်လည်လေ့လာကြည့်ပါက အမျိုးသမီးများ၏ အရေးပါပုံကို သိရှိနိုင်ကြောင်း၊ ကလေးသူငယ်များ၏ လက်ဦးဆရာများဖြစ်သည့် မိဘတွင် မိခင်ဖြစ်သည့် အမျိုးသမီးများသည် ပညာတတ်မြောက်ပြီး ပညာရေးကိုအားပေးရန် လွန်စွာအရေးကြီးကြောင်း၊ မည်သည့်အဖွဲ့အစည်းမဆို သင်တန်းဖွင့်လှစ်ပို့ချပါက တက်ရောက်လေ့လာသင်ယူသင့်ကြောင်း၊ သင်တန်းတွင် ဆွေးနွေးခဲ့သည့်အချက်များကိုလည်း မိမိ၏ဆင်ခြင်သုံးသပ်မှုဖြင့် ကောင်းမွန်သည့်အရာများ ယူသင့်သည့်အချက်များကို လေ့လာမှတ်ယူသင့်ကြောင်း၊ ယနေ့သင်တန်းကာလမှ ရရှိခဲ့သည့် ကောင်းမွန်သည့် ပညာရပ်ဗဟုသုတများကို လက်တွေ့ပြန်လည်အသုံးချသင့်ကြောင်း အားပေးပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ညောင်ရွှေမြို့နယ်၊ မြို့နယ်ရုံးတာဝန်ခံ ခွန်စိုးခေါင်မှ အားပေးစကားပြောကြားရာတွင် မိမိသည် မြို့နယ်တွင်း မိဘပြည်သူများနှင့် ဗဟိုဌာနချုပ်ရုံးအကြား ဆက်သွယ်ဆက်ဆံမှုအဆင်ပြေစေရန်အတွက် ပေါင်းကူးတံတားအဖြစ် လုပ်ငန်းဆောင်ရွက်နေပါကြောင်း၊ မိမိတို့မြို့နယ်သည် ပထ၀ီအနေအထားအရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အားနည်းချက်များ များစွာရှိနေသေးကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်ဆောင်းရွှေမှ အားပေးစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသခံမိဘပြည်သူများလည်း နိုင်ငံရေး ရေချိန်မြှင့်တက်ရန် အထူးလိုအပ်သည့်အတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့် သင်တန်းများ ကွင်းဆင်းပြီး သင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေလည်း ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်အကောင်အထည်ဖော်ရမည့် အချိန်ကျရောက်လာပြီးဖြစ်သည့်အတွက် နိုင်နိုင်နှင်းနှင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးသည့်အတွက် အသိပညာဗဟုသုတများ များစွာလေ့လာသင်ယူထားရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများလည်း အမျိုးသမီးများ၏ အခွင့်အရေးများကို အထူးအလေးပေးထားမှုကြောင့် နေရာရရှိလာခြင်းမျိုးမဟုတ်ပဲ မိမိတို့၏ ကြိုးစားအားထုတ်မှုကြောင့် နေရာရရှိလာခြင်း ဖြစ်ရန် အရေးကြီးကြောင်း၊ အနာဂတ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် အတိတ်သမိုင်းကို သိရှိထားရန်လိုအပ်သကဲ့သို့ လက်ရှိပစ္စုပ္ပန် အခြေအနေကိုလည်း သိရှိထားရန် အထူးလိုအပ်လှပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသူ/သားများ သင်တန်းမှူး ခွန်မောင်ကျော်မှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပြီး သင်တန်းသူ/သားများက မိမိတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သင်တန်းနည်းပြများကိုယ်စား သင်တန်းနည်းပြ ခွန်ကျော်ထွန်းမှ ကျေးဇူးတင်စကားနှင့် သင်တန်းသူ/သားများအတွက် အားပေးစကားပြောကြားရာတွင် သင်တန်းနေရာကို ခွင့်ပြုပေးသည့် ဆရာတော်လည်းကောင်း၊ သင်တန်းကာလအတွင်း အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသည့် သင်တန်းဖြစ်မြောက်ရေးကော်မတီများအားလည်းကောင်း၊ အချိန်မှန်မှန်ဖြင့် တက်ရောက်ဆွေးနွေးပေးသည့် သင်တန်းသူ/သားများအားလည်းကောင်း၊ သင်တန်းဖွင့်လှစ်ရာတွင် ပို့ချဆွေးနွေးနိုင်ရန် လမ်းညွှန်ပေးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဌာနမှူးခွန်ဆောင်းရွှေအားလည်းကောင်း ကျေးဇူးအထူးတင်ပါကြောင်းနှင့် သင်တန်းသူ/သားများလည်း သင်တန်းမှ ဆွေးနွေးခဲ့သည်များကို မိမိတို့ဒေသနှင့် ကိုက်ညီအပ်စပ်သည်များကို လက်တွေ့ပြန်လည်အသုံးပြုရန် အထူးတိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းအောင်ပွဲအစီအစဉ်အပြီးတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကာ သင်တန်းအောင်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိခဲ့ပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.