Wednesday, September 21, 2016

အောင်မြင်ချင်ရင် ဇွဲမလျော့စေချင်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်


လူဟူ၍ဖြစ်လာလျှင် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်ထားရှိကြသည်။ ရည်မှန်းချက် ပန်းတိုင်အတိုင်း ပြည့်ဝသည့်သူများရှိသကဲ့သို့ ရည်မှန်းချက် ပန်းတိုင်အတိုင်း ဖြစ်မလာသည့်သူများလည်း အများအပြား တွေ့ရှိရပါသည်။ ရည်မှန်းချက် ပန်းတိုင်အတိုင်း ဖြစ်လာသည့်သူများသည် အမှားကင်းသော သူများမရှိသလောက်ပင် ရှားပါးလှပါသည်။ အောင်မြင်သော လူသားများသည် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်များ  ကြီးကြီးမားမားထားရှိကြပြီး ၎င်းရည်မှန်းချက်အတိုင်း မဖြစ်မနေ လုပ်ငန်းကို အကောင်အထည်ဖော်  ကြိုးစားဆောင်ရွက်ကြကာ အတိတ်အပေါ် သင်ခန်းစာယူ၊ ပစ္စုန်တွင် အကောင်းဆုံးအသုံးချ၊ အနာဂတ်အတွက် အောင်မြင်မှုကို ရှေ့ရှုပြီး ဆောင်ရွက်တတ်ကြပါသည်။  လုပ်ငန်းတစ်ခု အောင်မြင်ခဲ့လျှင် ဘာကြောင့် ယခုကဲ့သို့ အောင်မြင်ခဲ့သည်ကို သုံးသပ်ပြီး အလားတူအောင်မြင်မှုမျိုး ထပ်မံရရှိအောင် ၎င်းအောင်မြင်ခဲ့သည့် နည်းလမ်းကို ထပ်မံအသုံးချတတ်ကြပါသည်။ ကျရှုံးခဲ့သည်ဆိုလည်း အဘယ်ကြောင့် ကျရှုံးရသည်ဆိုသည့်အချက်များ ဆန်းစစ်အဖြေရှာပြီး ၎င်းအမှားကို သင်ခန်းစာယူတတ်ရပါမည်။ နောက်တစ်ကြိမ် ထပ်မမှားရအောင် ရှောင်ရှားတတ်ရပါမည်။ ယနေ့ အောင်မြင်ကျော်ကြားနေသည့်ပုဂ္ဂိုလ်များသည် ယခင်အချိန်က ရှုံးနိမ့်ခြင်းများကို ရင်ဆိုင်ကျော်လွှားခဲ့ရမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ အမှားများကို သင်ခန်းစာယူပြီး အချိန်မီ ပြင်ဆင်နိုင်သည့်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ အခက်အခဲများ၊ ရှုံးနိမ့်ခြင်းများ ကြုံတွေ့ရခြင်းမရှိလျှင် အောင်မြင်မှုဆိုသည်လည်း ရှိလာနိုင်မည်မဟုတ်ပေ။ အကယ်၍ သင်သည်လည်း ရှုံးနိမ့်ခြင်းဆိုသည့် အရာကိုကြုံတွေ့ခဲ့ရလျှင်  မိမိကညံ့လို့ရှုံးရသည်ဟု မှတ်ယူနေမည့်အစား သင်ခန်းစာအဖြစ် ယူတတ်ရမည်ဖြစ်ပါသည်။
ရှုံးနိမ့်မှုများအပေါ် စိတ်ဓါတ်ကျနေမည့်အစား  ထိုရှုံးနိမ့်မှုကို ရင်ဆိုင်ကျော်ဖြတ် ဖြေရှင်းရမည့်အရာ တစ်ခုပင်ဖြစ်သည်ဟု သဘောထားမှတ်ယူရပါမည်။ “ အကောင်းဆုံးအရာတစ်ခု ရောက်လာရန်အတွက် အဆိုးဆုံးအရာက လမ်းပြပေးသွားတာဘဲ ဒါအောင်မြင်မှုလမ်းစကို ရှာတွေ့သွားတာဘဲ” ဟု မှတ်ယူစေချင်ပါသည်။ လူ့ဘ၀နေ့စဉ် ဖြတ်သန်းလာသည့်တစ်နေ့တာ နေ၀င်နေထွက်သည့်အလား ညအမှောင်လာပြီး  မနက်မိုးလင်းချိန် ရောက်လာစမြဲဟူသည့် ဖြစ်စဉ်အတိုင်းအောင်မြင်မှုကို လိုချင်သည့် ပုဂ္ဂိုလ်များသည်လည်း ကျရှုံးသည့် အချိန်ရှိသကဲ့သို့ အောင်မြင်သည့်အချိန်လည်း ရှိလာနိုင်မည်။ အောင်မြင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိသကဲ့သို့ ကျရှုံးသည့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းသည် ဒွန်တွဲနေပါသည်။ ထို့ကြောင့် ကျရှုံးခြင်းအပေါ် သင်ခန်းစာယူပြီး ပြင်ဆင်သင့်ပါသည်။ ကျရှုံးခြင်းအပေါ် စိတ်အားငယ်နေမည်၊ မကျေမနပ်ဖြစ်နေမည်စသဖြင့် လိုက်ပြီးခံစားနေရမည်ဆိုပါက စိတ်ဖိစီးမှုဒဏ်ကိုပါခံစားရသဖြင့် အရှုံးဒဏ်ကို နှစ်ကြိမ်ခံစားရမည်ဖြစ်သည်။
အောင်မြင်လိုသည့်ပုဂ္ဂိုလ်များသည် လုပ်ငန်းဆောင်ရွက်ရာတွင် ရံဖန်ရံခါ ရှုံးနိမ့်ဒဏ်ကို ရင်ဆိုင်ရသည့်အခါ အဘယ်ကြောင့် ရှုံးနိမ့်ရသည်ဆိုသည့်အချက်ကို အမြဲတမ်း တွေ့အောင်ရှာဖွေပြီး မှတ်သားထား ကြပါသည်။ အရှုံးဒဏ်ရင်ဆိုင်ရချိန်တွင် စိတ်ဓါတ်ကျငိုင်နေမယ့်အစား မိမိကိုယ်မိမိ ပြန်လည်အားပေးပါ။ ကိုယ်သာလျှင် ကိုယ်ဘ၀ပဲ့ကိုင်ရှင်ဖြစ်သည်။ မိမိသည်သာ မိမိအဖော်မွန်ကောင်းပါ။  လဲရင်ပြန်ထပါ။ အားစိုက်ထုတ်ပါ။ ရှေ့ဆက်ရမည့် မနက်ဖြန်အတွက်အားမွေးပါ။ အပြည့်အ၀အနားယူပါ။ အနားယူပြီးလျှင် ဘ၀သစ်စပါ။ ပထမဦးဆုံး မိမိစိတ်ကူးစိတ်သန်း၊ အဖြစ်ချင်ဆုံးသောအရာကို ရှာဖွေပြီး ဖော်ထုတ်ပါ။ ခံယူချက်ပြင်းထန်ပါစေ။ တိကျပြတ်သားသော ရည်မှန်းချက် ပန်းတိုင်ထားရှိပါ။ အကောင်အထည်ဖော်ပါ။ ဇွဲလုံ့လ၀ီရိယဖြင့် လုပ်ဆောင်ပါ၊ မိမိကိုယ်ကိုအားကိုးပြီး ယုံကြည်မှုအပြည့်အ၀ထားပါ။ အချိန်ကောင်းကို မစောင့်ပါနဲ့။ ယခုချိန်သည် အကောင်းဆုံး အချိန်ဖြစ်သည်ဟု မှတ်ယူပါ။ အချိန်က လူကိုမစောင့်သကဲ့သို့ လူလည်းအချိန်ကောင်းကို မစောင့်သင့်ပါ။ လုပ်ချင်စိတ်ပေါ်သည့်အချိန်သည် အကောင်းဆုံးအချိန်ဖြစ်ပြီး စသိသည့်အချိန်မှစ၍ စတင်လုပ်ဆောင်သင့်ပါသည်။
ထို့ကြောင့်  လုပ်ငန်းကို ချက်ချင်းစတင်လုပ်ဆောင်ပါ၊ ငွေအရင်းအနှီး မရှိသေးသော်ငြားလည်း ကာယအားနှင့်ဥာဏအား ဦးစွာစိုက်ထုတ်ပြီး စတင်လုပ်ဆောင်ပါ။ ဆိုလိုသည်မှာ လုပ်ငန်းအစီအစဉ် စတင် ဆွဲထားပါ။ အစီအစဉ်ဖြင့် လုပ်ဆောင်သူများသည် အောင်မြင်မှု ပိုမိုပိုင်ဆိုင်ရသူများ ဖြစ်ကြသည်။ မိမိ ဆွဲထားသည့် အစီအစဉ်အတိုင်း ဖြစ်အောင်လုပ်ပါ။ အဆက်မပြတ်လုပ်ပါ။ ပြီးဆုံးအောင်ကြိုးစားလုပ်ဆောင်ပါ။ လက်ရှိအချိန်သည် မိမိလှမ်းနေသည့် ခြေလှမ်းတိုင်းသည် အောင်မြင်မှုပန်းတိုင်ဆီသို့ ဦးတည်နေသောကြောင့် မရပ်နားမိစေဘဲ ပုံမှန်လျှောက်လှမ်းသွားနိုင်ရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် မိမိခြေလှမ်းတိုင်းသည် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခုအဖြစ် သဘောထားပြီး မြန်မြန်ထက် မှန်မှန်လှမ်းသင့်ပါသည်။
ခြင်္သေ့မင်းများသည်  သားကောင်ကိုလိုက်ရာတွင် ကြီးသည်ငယ်သည် ပဓာနမထားဘဲ ကြီးကြီး ငယ်ငယ် လုံ့လ၀ိရိယအားစိုက်ပြီး မိအောင်ဖမ်းရန်သာ အဓိကရည်ရွယ်ပါသည်။ ထို့နည်းတူ မိမိတို့ ရည်မှန်းထားသည့် ပန်းတိုင်ကိုရောက်လိုလျှင် အခက်အခဲများ ရင်ဆိုင်ရမည်ကို ကြောက်ရွံ့မနေဘဲ ပန်းတိုင်ရောက် သည့်အထိ အောင်မြင်အောင် ဇွဲ၊ လုံ့လ၊ ၀ိရိယမလျော့ဘဲ ကြိုးစားအားထုတ်ရန် အလွန်ပင်လိုအပ်ပါသည်။ မိမိလိုရာပန်းတိုင်ကို တည့်တည့်မတ်မတ်လျှောက်လှမ်းစေလိုပြီး ရှေ့တွင်အောင်မြင်မှုဟူသောအရာသည် မိမိကို လက်ကမ်းကြိုဆိုနေပြီဖြစ်သည်ဟု မှတ်ယူစေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစတင် လုပ်ဆောင်ကတည်းကပင် အောင်မြင်မှုအတွက် ဦးတည်ထား လုပ်ဆောင်သောကြောင့်ဖြစ်သည့်အတွက် ရဲရဲရင့်ရင့် လုပ်ဆောင်ပါ။ ကျရှုံးမှာကိုမကြောက်ပါနှင့် ကြောက်နေမည်ဆိုပါက မည်သည့်အချိန်မှ အောင်မြင်နိုင်မည်မဟုတ်။ အောင်မြင်ခြင်းဆိုသည်မှာ နာကျင်စွာပြိုလဲဖူးမှသာ ရနိုင်သောအရာတစ်ခုပါ။ ထို့ကြောင့် ကြောက်နေရန် မလိုပါ။
အမှားတစ်ခုအပေါ် မိမိသင်ခန်းစာယူတတ်ပါက မိမိဘ၀အတွက် အားဆေးတစ်ခွက်ပမာ ရှေ့ဆက် သွားနိုင်ရန် ခွန်အားကို ပိုမိုတိုးပွားစေနိုင်သကဲ့သို့ ရဲ့ရင့်ခြင်းဆိုသည့် သတ္တိကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထိုကြောင့် အောင်မြင်ခြင်းကို ပိုင်ဆိုင်လိုလျှင်  စွန့်စားရဲသည့်သတ္တိ၊ ကိုယ့်စိတ်နှင့်ကိုယ့် ဆုံးဖြတ်လုပ်ကိုင်ရဲသည့်သတ္တိကို မွေးမြူထားရမည်ဖြစ်ပြီး ဇွဲ၊ လုံ့လ၊ ၀ိရိယနှင့်ပေါင်းစပ်၍ လုပ်ဆောင်ရပါမည်။ “ဖြစ်ချင်ရင် ဖြစ်အောင်လုပ် နည်းလမ်းရှာ ဆင်ခြေမပေးနဲ့” ဆိုသည့် ဆောင်ပုဒ်အတိုင်း သင်အမှန်တကယ် ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် အောင်မြင်မှုကို မလွဲမသွေ သင်ဆွတ်ခူးရပါလိမ့်မည်ဟု ယုံကြည်ရင်း တင်ပြလိုက်ရပါသည်။

နန်းအွဉ်ရက်ခွို,
ခမ်းစန္တား
Powered by Blogger.