Sunday, September 4, 2016

ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်ခွင့်မရလျှင် “ဆားမပါသောဟင်းဘဲ ပြန်ဖြစ်လိမ့်မည်” ဟု လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ(ရှမ်းပြည်) ဒေါ်ဆူမလေးပြော

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံပထမအစည်းအဝေး၏ စက်တင်ဘာလ(၂)ရက်၊ တတိယနေ့တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ(ရှမ်းပြည်) ဒေါ်ဆူမလေးက ငြိမ်းချမ်းရေးညီလာခံ၌ အမျိုးသမီးပါဝင်ခွင့်မရလျှင် “ဆားမပါသောဟင်းဘဲ ပြန်ဖြစ်လိမ့်မည် ”ဟုမီဒီယာများကိုပြောသည်။
၎င်းက“ အမျိုးသမီးတွေအနေနဲ့ ဒီငြိမ်းချမ်းရေးမှာ အများကြီးပါဝင်ဖို့ လိုအပ်ပါတယ်၊ အမျိုးသမီးတွေ မပါဝင်ဘူးဆိုရင် တစ်ခုခုလိုနေတယ်ပေါ့နော်။ မနေ့ကပြောသွားတဲ့ “ဆားမပါတဲ့ ဟင်းလေး” လိုဘဲ ပြန်ဖြစ်မယ်ပေါ့၊ အဲ့တော့ ကျွန်မတို့ အမျိုးသမီးတွေကအဖြည့်ဘက်တော့ မဟုတ်ပါဘူး၊ ကျွန်မတို့ အမျိုးသမီးလည်းခေတ်အဆက်ဆက်ကထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်၊ အဲ့တော့ ဒီ၂၁-ရာစု ပင်လုံညီလာခံမှာကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က ပါဝင်ဖို့ အရေးကြီးပါတယ်” ပြောသည်။
ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ AGIPP မှ ပဲ့ကိုင်ကော်မတီဝင် ဒေါ်သင်းသင်းအောင်ကညီလာခံ အစည်းအဝေးတွင် “ အမျိုးသမီးများစာတမ်းတင်ဖို့ AGIPP က ပြုစုထားတာရှိပါတယ်၊ ဒါပေမဲ့ ကျမတို့ အဖွဲ့ကCSOဆိုတဲ့ Group ထဲမှာပါသွားတော့ သူကလေ့လာသူဆိုပြီးတော့ ပါသွားတယ်၊ ဒါကြောင့် ကျမတို့ ပြုစုထားတဲ့ စာတမ်းကဒီမှာတင်ခွင့်မရဘူး” ဟုပြောပါသည်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအသင်းမှ ယိင်လေ၀် က အမျိုးသမီးပါဝင်ရေးနှင့် ပတ်သက်၍ “အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်တွေက အမျိုးသမီးပါဝင်ခွင့် ၃၀% ဆိုတဲ့မူကိုချမှတ်ထားပါတယ်။ အခုဟာက ၃၀% ပါမလာတာကိုတွေ့ရပါတယ်၊ ဒီနေရာမှာအမျိုးသမီးတွေပါဝင်မှုက တိုးလာတာဘဲဖြစ်ဖြစ်၊ လျော့သွားတာဘဲ ဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ ပါဝင်လာတာကိုဘဲ ကြည့်ရမှာဖြစ်တယ်။ တကယ်တမ်းကျတော့ ပါဝင်မှုသက်သက်မဟုတ်ဘဲ အဓိပ္ပာယ်ပြည့်ဝတဲပ ပါဝင်မှုရှိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်းဘဲအလှလာဆင်ဖို့၊ မင်္ဂလာယူဖို့ မဟုတ်ဘဲဆွေးနွေးတဲ့အခါ၊ အဖြေရှာညှိနှိုင်းတဲ့အခါ ပါဝင်ခွင့်ပေးဖို့ အခွင့်အလမ်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပါဝင်ခွင့် မပေးဘူးဆိုရင် ဘာမှထူးမှာမဟုတ်ဘူး” ဟုပြောသည်။
ထို့ပြင် ယခုချိန်ထိစစ်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူများအိမ်ပြန်ရန် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ယိင်လေ၀်က ဆက်လက်ပြောဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကမူ “ကျွန်တော်ကဘာ gender ကိုမှ မခွဲခြားဘူး၊ ဒါပေမဲ့ (ကိုတာ)အရပေးတာကိုတော့ ကျွန်တော် မနှစ်မြုပ်ဘူး၊ လူတွေကတူချင်မှ တူမှာပါ။ အရည်အသွေးဆို အကုန်ယူသွားလိုက် ဥာဏ်ရည်ဥာဏ်သွေးနဲ့သွားတဲ့ ကိစ္စပါ၊ အမျိုးသမီးပါတာ ကျွန်တော် အားပေးတယ်၊ quota (အချိုးကျစနစ်) ရဲ့ သဘောကအရမ်းပျော့ညံ့လွန်းတယ်လို့ ထင်တယ်၊ အဲတော့ ကျွန်တော်ယုံကြည်တာက အရည်အသွေးအရည်အချင်းရှိရင် ဘယ်တာဝန်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လောက် အချိုးအစားဖြစ်ဖြစ် ပါလာတာကို ကြိုဆိုချင်တယ်” ပြောဆိုသည်။
ညီလာခံတတိယနေ့တွင် အမြင်သဘောထားစာတမ်းတင်သွင်းကြသော (၃၃)ဦးတွင်အမျိုးသမီးများထဲမှ ဒေါ်ချိုချိုကျော်ငြိမ်း(ဒီမိုကရက်တစ်ပါတီ)၊ နန်ခင်အေးဦး(ကရင်ပြည်သူ့ပါတီ)၊ ဒေါက်တာကေရွယ်ဂျား (စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ-ကချင်)၊ နန့်ခင်အေးဦး၊ လာလ်မှားငိုက်ဇွာအီးနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများမှ ဒေါ်ခင်မမမျိုး၊ လွေးအေးနန်းစုစုပေါင်း(၅)ဦး ပါဝင်ကြောင်း သိရသည်။

နဂါးခွန်

Powered by Blogger.