Thursday, September 29, 2016

လုံခြုံရေးကိုပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ(SSR) ဆွေးနွေးပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်



တောင်ကြီးမြို့ Royal Star ဟိုတယ် အစည်းအဝေးခန်းမတွင် အားလုံးပူးပေါင်းပါဝင်သည့် လုံခြုံရေးကို ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်မှ (၂၉)ရက်အထိ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)နှင့် ILO မှ Mr.Mattew Maquire တို့ဦးဆောင်ပြီး ဆွေးနွေး ပေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လုံခြုံရေးဆိုင်ရာပြန်လည်ဖွဲ့စည်းခြင်း(SSR)နှင့်ပတ်သက်သော စီးပွားရေးပူးပေါင်းခြင်းနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သောအချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့ဆွေးနွေး ခဲ့ကြသော အချက်များမှာ-ကာကွယ်ရေးကဏ္ဍ အ၀န်းအ၀ိုင်းတစ်ခုလုံးအဖြစ် ထည့်သွင်းစဉ်းစားရန်။ တစ်နိုင်ငံလုံးနှင့် ဆိုင်သော လုပ်ငန်းအစီအစဉ်များဖြစ်ကြောင်း နားလည်ရန်။ အစိုးရအနေဖြင့် တစ်စိုက်မတ်မတ် လုပ်ဆောင်ပေးရန်။ လွှတ်တော်ကြီးကြပ်မှုအခန်းကဏ္ဍ။ ကာကွယ်ရေးကဏ္ဍတွင် ပြည်သူ့စီမံအုပ်ချုပ်မှု-အခြေခံ လိုအပ်ချက်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင် လာခြင်းအား အားပေးရန်စသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြပါသည်။
လုံခြုံရေးကို ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လူငယ်အဖွဲ့၊ ပအိုဝ်းဥပဒေအဖွဲ့၊Demoအဖွဲ့နှင့် တောင်တန်း လူငယ်လူမှုကူညီရေးအသင်းတို့ လူဦးရေ(၂၀)ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.