Tuesday, October 4, 2016

တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ဖာမွန်းစံပြကျေးရွာတွင် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်


၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၅)ရက်နေ့အထိ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ဖာမွန်းစံပြကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သင်း တို့အဖွဲ့မှ ဦးစီးပြီး အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို မနက်ပိုင်း ၇း၀၀နာရီအချိန်မှ ညနေခင်း ၅း၀၀ နာရီအထိ တစ်ရက်လျှင် ၅သင်း ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ခွန်သန်းစိုး ရှင်းလင်းပြောကြားရာမှာ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရေး စည်းလုံးညီညွတ်ရေး အားကစားဖွံ့ဖြိုးတိုးတက်ရေး လူနေမှုဘ၀ ကျန်းမာရေးကဏ္ဍ မြင့်တင်နိုင်ရေး မျိုးဆက်သစ်လူငယ်များ အားကစားသမားကောင်းများ ပေါ်ထွန်းရေးနှင့် မိမိတို့ဒေသ မူးယစ်ဆေးဝါးပပျောက်ရေး ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့ဝင်(၄၂)ဦးနှင့် အလှူရှင်ဝါသနာရှင်များ စုပေါင်းပြီး အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို  ကျင်းပပြုလုပ်လာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲ မကျင်းပမှီ ယခင်ကာလတွင် ကျေးရွာအဆင့် ဘောလုံးပြိုင်ပွဲ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။ ယခုနှစ် ဘောလုံးပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ အသင်းပေါင်း (၅၁)သင်းပါဝင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးမင်းများဖြစ်သော ဦးဖိုးထွန်း ဦးကိုကိုဝင်း ဦးခင်မောင်ချင်း ဦးကျော်ဦးတို့က တာဝန်ယူဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
၂၀၁၅-ခုနှစ် အုပ်ချုပ်ရေးမှူးဖလားတွင် ပထမဆုကို ဆုငွေကျပ် ၃သိန်း၊ ဒုတိယဆု ကျပ်၂သိန်း၊ တတိယဆု ကျပ် ၁ သိန်းစီချီးမြှင့်ပေးခဲ့ပါသည်။ ဖာမွန်းစံပြကျေးရွာအုပ်စုသည် အထက်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိပြီး ၎င်းဖာမွန်းစံပြကျေးရွာတွင် အိမ်ခြေပေါင်း ၁၃၀၀ကျော်ရှိကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.