Tuesday, October 4, 2016

သီတင်းကျွတ်ကာလ ပအိုဝ်းရိုးရာ တဒင်္ဂ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်



သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်အရ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ကျရောက်လေ့ရှိပြီး မိုးဥရာသီဖြစ်သည့်အတွက် ရှေးအခါကသီတင်းကျွတ်လကို ''သန်တူ''လဟု ခေါ်ဆိုကြသည်။ သီတင်းကျွတ်လသည် ၀ါဆိုလပြည့်နေ့မှစ၍ ၀ါတွင်းသုံးလ(ရက်ပေါင်း-၉၀) သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင်  သီတင်းကျွတ်သောကြောင့် ''သီတင်းကျွတ်လ'' ပအိုဝ်းအခေါ် ''တင်,ကျွစ်လာ''ဟူ၍ ခေါ်ဆိုကြပါသည်။ ၎င်းလတွင် မြတ်စွာဘုရား နတ်ပြည်မှဆင်းသက်ခဲ့သည်ကို အကြောင်းပြုပြီး ''မေ;ဗို'' မီးပုံးများထွန်းညှိကာ ရိုးရာပွဲအနေဖြင့် စည်ကားစွာ ကြိုဆိုကျင်းပကြပါသည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မိခင်ကိုကျေးဇူးဆပ်လိုသောကြောင့် အဘိဓမ္မာ ခုနှစ်ကြမ်းကို ဟောတော်မူပြီးနောက် လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူသည့်နေ့ကို အဘိဓမ္မာနေ့ဟု သတ်မှတ်ကာ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အဘိဓမ္မာပွဲများကို ယနေ့တိုင်ကျင်းပပြုလုပ်နေခြင်းဖြစ်ပါသည်။ ထူးခြားသည်မှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်အတွက် ထိုနေ့တွင် မိမိတို့၏ရိုးရားဝတ်စုံများဖြင့် ဘုရားရှင်အား မီးပဒေသာပူဇော်နေသည့်ဟန်ပန်မှာ ကြည့်ရှုသူအဖို့ နှလုံးစိတ်ဝမ်းအေးချမ်းရုံမျှမက ဘုရားရှင်အား ကြည်ညိုသဒ္ဓါပွားလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေပါသည်။ သီတင်းကျွတ်လပြည့်နေ့သည် ၀ါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူသည့် သံဃာတော်မြတ်တို့ ၀ါမှထွက်သည့်နေ့၊ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက် တော်မူသောနေ့၊ လူ-နတ်-ဗြဟ္မာအပေါင်းတို့ မြတ်စွာဘုရားရှင်အား အတူတကွပူဇော်ကြသောနေ့၊ လောက၀ိဝရဏ တန်ခိုးတော်ကြောင့် စကြ၀ဠာ တစ်ဝန်းလုံးဟင်းလင်းပြင်အတိ မြင်ရသောနေ့ အစရှိသော ဂုဏ်ထူး ၀ိသေသများနှင့် ပြည့်စုံသောနေ့ ဖြစ်ပါသည်။
သီတင်းကျွတ်ကာလတွင် ပအိုဝ်းလူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် မြတ်စွာဘုရားရှင်အား မီးသဘင်ပွဲကို မိမိတို့ဒေသအလိုက် ဘုန်းတော်ကြီးကျောင်းများတွင် ပူဇော်ကြပါသည်။ မိမိအတွေ့အကြုံအနေဖြင့် သီတင်းကျွတ်ကာလ ပအိုဝ်းဒေသတစ်ခု၏ ကုသိုလ်ပြုလုပ်ပုံ အကြောင်းကို အနည်းငယ်ဝေငှလိုပါသည်။ မိမိတို့ဒေသသည် သီတင်းကျွတ်အဖိတ်နေ့ကစပြီး ရွာရှိ ဘုန်းကြီးကျောင်းတွင် ကုသိုလ်များရယူလိုကြသည့်အတွက် ကျောင်းတက်ဧည့်သည်များကို (၂)ရက် တိုင်တိုင်ဧည့်ခံနိုင်ရန် ''ခိုဗင်;၊ မူ;နံ,'' ခေါ် လူပျို၊ အပျို များစုပေါင်း၍ အိုး၊ ခွက်၊ ပန်းကန် အစရှိသည့်ပစ္စည်းများ ဘုန်းတော်ကြီးကျောင်းသို့ သယ်ယူပို့ဆောင်ကြပြီး စားပွဲဝိုင်း၊ ထိုင်ခုံသန့်ရှင်းရေး လုပ်ငန်းများ စသဖြင့် တက်ညီလက်ညီပျော်ရွှင်စွာ ဆောင်ရွက်ကြပါသည်။ အပျိုများ၏ လုပ်ငန်းတာဝန် အချို့မှာ ဘုရားပန်းများ၊ ဆွမ်းတော်များ ၀ယ်ယူခြင်း၊ ပန်းအိုးဆေးခြင်း၊ ဘုရားပန်းလဲခြင်းများ ပြုလုပ်ကြပါသည်။ ''ပိုဖါယွဲး'' ခေါ် အိမ်ထောင်သည်အမျိုးသားများသည် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက်အတွင်း ချက်ပြုတ်ရန် အသုံးပြုမည့်ပစ္စည်းများ၊ ဒယ်အိုး၊ ဟင်းအိုး၊ ရေနွေးအိုးများ နေရာတကျပြင်ဆင်ပြုလုပ်ခြင်း၊ မီးဖိုဆောင်မိုးမယိုကျစေရန် လိုအပ်သည်များပြင်ဆင်ခြင်း စသည်ဖြင့် မိမိတို့တာဝန်သိစိတ်ဖြင့် ကိုယ်စီထမ်းဆောင်ကြပါသည်။ ''ပိုမွိုးယွဲး'' ခေါ် အိမ်ထောင်သည် အမျိုးသမီးများသည် ''ပိုဖါယွဲး''နှင့်တိုင်ပင်ကာ သားသတ်လွတ် ဘုန်းတော်ကြီးကျောင်းဖြစ်သည့်အတွက်  ဧည့်ခံကျွေးမွေးမည့် ဟင်းအမယ်စာရင်းများကိုပြုစုပြီး လိုအပ်သည့်ဟင်းသီးဟင်းရွက်များကို ''ပိုမွိုးယွဲး'' များစုပေါင်းကာ တောင်ကြီးမြို့မဈေးကြီးထဲတွင် ၀ယ်ယူကြပါသည်။ ထို့နောက် ဟင်းအမယ်များကို ''ပိုမွိုးယွဲး'' များစုပေါင်းကာ အခွံနွှာခြင်း၊ ရေဆေးခြင်း၊ အခြောက်ခံခြင်း စသဖြင့်ဆက်လက်ပြုလုပ်ကြပါသည်။ အဖိတ်နေ့ညနေပိုင်းတွင် မိဘ၊ ဆရာသမားများ၊ ဆွေမျိုးတော်စပ်သည့် အဖိုး၊ အဖွားများအား ဦးစွာ ကန်တော့ကြပြီး ထို့နောက် ကျန်ရှိသက်ကြီးရွယ်အိုများကို လပြည့်နေ့မနက်ပိုင်းတွင် ''ခိုဗင်;၊ မူ;နံ," ခေါ် လူပျို၊ အပျိုများစုပေါင်း၍ ရိုးရာဝတ်စုံနှင့် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကန်တော့ကြပါသည်။ ထူးခြားသည့်ဓလေ့တစ်ခုမှာ ထိုနေ့မနက်အာရုဏ်မတက်မီအချိန်တွင် ရိုးရာဓလေ့ကိုမမေ့သော ပအိုဝ်းလူမျိုးတို့သည် အခြားသူများမိမိနှင့်အတူ ကုသိုလ်ပါဝင်လိုစိတ်၊ ကုသိုလ်ပြုလိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ ကုသိုလ်များရယူနိုင်ရန်အတွက် မိမိတို့ရပ်ရွာရှိအိမ်ဝန်းထဲ၌ ပူဇော်ထားသော ''တောင်,ပြွတ်" ခေါ် ဘုရားကျောင်းတော်များတွင် ဆွမ်းတော်နှင့် သစ်သီးဆွမ်းများ လှည့်လည်လှူဒါန်းခြင်းဖြစ်သည်။ ဤသို့ဖြင့် နေ့ရောညပါပြင်ဆင်ကြရင်း ဧည့်ခံကျွေးမွေးသည့်ရက်သို့ ရောက်ရှိလာပါတော့သည်။
ထိုနေ့တွင် ကြည်နူးဖွယ်ရာတစ်ခုမှာ မိမိတို့ရိုးရာထုံးစံအရ ''ခိုဗင်;၊ မူ;နံ,'' ခေါ် လူပျို၊ အပျိုများသည် ဧည့်ခံကျွေးမွေးရမည့်တာဝန်ဖြစ်သည့်အတွက် ၀တ်စုံကိုယ်စီဖြင့် ဧည့်ခံနေသည့်ပုံမှာ မြင်ရသူပရိတ်သတ် အပေါင်း စိတ်အေးမြမှုကိုခံစားရပြီး ကုသိုလ်ပြုလိုသည့် စိတ်ဆန္ဒများ ပိုမိုဖြစ်ပေါ်လာစေပါသည်။ ''ပေါရန်း၊ မဲရန်း'' ခေါ် တစ်ခုလပ်များအပါအ၀င် အရွယ်ပေါင်းစုံ လူတန်းစားများစုပေါင်းကာ ကုသိုလ်ယူကြရင်း (၂)ရက်မြောက်သည့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်သို့ ရောက်ရှိခဲ့ပြန်ပါသည်။ ထိုနေ့တွင် ပအိုဝ်းထုံးတမ်း အစဉ်အလာအရ " ခိုဗင်;၊ မူ;နံ, စာ;ဂသွမ်, " ခေါ် လူပျို၊ အပျိုများသီးသန့်စုပေါင်း၍ မနက်ပိုင်းတွင် သံဃာတော်များ၊ ဥပုဒ်သီလစောင့်ထိန်းသည့်ပုဂ္ဂိုလ်များအား ဆွမ်း၊ ပန်း အစရှိသည်များ ကပ်လှူသည့်နေ့ ဖြစ်ပါသည်။ ထို့နောက် မိမိတို့ဒေသ၏ထုံးစံအရ လပြည့်ကျော်(၁)ရက်ညနေပိုင်းတွင် ''သီတင်းကျွတ် မီးထွန်းပွဲ'' ဆိုသည့်အတိုင်း "ခိုဗင်;၊ မူ;နံ," ခေါ် လူပျို၊ အပျိုများဦးဆောင်၍ မြတ်စွာဘုရားရှင်အားပူဇော်ရန် ရောင်စုံစက္ကူများ၊ ပန်းအလှများဖြင့် ပြုလုပ်ထားသည့်မီးပဒေသာများကို ရိုးရာဝတ်စုံများ၊ အိုးစည်ဗုံမောင်းများဖြင့် လူတန်းစားအရွယ်မရွေး စည်းလုံးညီညွတ်စွာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြပါသည်။
ဤသို့ဖြင့် သီတင်းကျွတ်ကာလတစ်လျှောက်လုံးတွင် ''ပိုမွိုးယွဲး၊ ပိုဖါယွဲး၊ ခိုဗင်;၊ မူ;နံ,၊ ပေါရန်း၊ မဲရန်း''များ ကုသိုလ်စိတ်ဖြင့် အချိန်ကုန်စေခဲ့ပြီး (၃)ရက်မြောက်သောနေ့တွင် မိမိတို့ပြုခဲ့သမျှ ကောင်းမှုအစုစုတို့ကို (၃၁)ဘုံအတွင်းရှိ သတ္တ၀ါအပေါင်းတို့အား စုပေါင်းရေစက်ချ အမျှပေးဝေကြပါသည်။ ဤသည်မှာ သီတင်းကျွတ်ကာလ ပအိုဝ်းဒေသတစ်ခု၏ တဒင်္ဂကုသိုလ်ပြုလုပ်ပုံအချို့ကို ရပ်နီးရပ်ဝေး ဗုဒ္ဓဘာသာဝင်အပေါင်းတို့အား မိတ်ဆက်တင်ပြရင်း စာဖတ်ပရိတ်သတ်အပေါင်းတို့ကိုလည်း သီတင်းကျွတ်ကာလရောက်တိုင်း ထို့နည်းတူ မိမိတို့ပအိုဝ်းရိုးရာဓလေ့ထုံးစံနှင့်အညီ တစ်နှစ်ထက်တစ်နှစ် မရိုးရလေအောင် ထူးခြားစွာနှစ်စဉ်ကျင်းပဆဲမို့ ကုသိုလ်စိတ်ဖြင့် ပအိုဝ်းဒေသသို့ အရောက်လှမ်းခဲ့ပါလို့ ချစ်မိတ်ဆွေများအား ဖိတ်ခေါ်လိုက်ရပါသည်......။

မျင်,မိုရ်;ခွန်

Powered by Blogger.