တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်
တောင်ကြီး အောက်တိုဘာလ ၁၈ ရက်
ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့နယ် မြောက်မြေခြားကျေးရွာတွင် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသော ကျောက်ဆောင်မြေခြား ဖောင်တော်ဦး ဘုရား ဗုဒ္ဓပူဇာနိယပွဲတော်သို့ ယနေ့ သီးတင်းကျွတ်လပြည့်ကျော် ၂ရက် အင်္ဂါနေ့ နံနက် ၁၀း၀၀နာရီအချိန် တွင် သွားရောက်ကြည်ညိုခဲ့ကြောင်းသိရသည်။
အဘဦးအောင်ခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးခွန်မောင်ဖြူ၊ ဌာနဆိုင်ရာ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများသည် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရှိ အဘဦးအောင်ခမ်းထီ၏နေအိမ်မှ နံနက် ၈း၃၀အချိန်၌ စတင်ထွက်ခွာခဲ့ပြီး ဟဲဟိုးမြို့နယ် မြောက်မြေခြား ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ နံနက်၁၀နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ဖောင်တော်ဦးရုပ်ပွားတော်မြတ်ကို ကြည်ညိုဖူးမြော်ခဲ့ကြသည်။
ဆက်လက်၍ အဘဦးအောင်ခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဌာနဆိုင်ရာ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများက ကျောက်ဆောင်မြေခြားဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတရားတော်မြတ်ကို ခံယူဆောက်တည်ခဲ့ကြကာ ထို့နောက် ပအိုဝ်းအမျိုးခေါင်းဆောင် အဘဦးအောင်ခမ်းထီနှင့် တပည့်ဒါယကာ ဒါယိကာမတို့က ကထိန်သင်္ကန်းနှင့် ၀တ္ထုန၀ကမ္မအလှူတော်တို့ကို ဆရာတော်ထံ၌ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် ကျောက်ဆောင်မြေခြားဖောင်တော်ဦးဘုရားပွဲသို့ ကြွရောက်ကြည်ညိုဖူးမြော်လာကြသော အဘဦးအောင်ခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဌာနဆိုင်ရာ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများသည် ဖောင်တော်ဦးရုပ်ပွား တော်မြတ်အား ရွှေသင်္ကန်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး မွန်းလွဲ၁း၃၀အချိန်တွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခွန်ပန်းစိန်
Like On Facebook
Follow On Twitter
Subscribe On RSS